brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

ဆေးဆိုင်မှာသွားဝယ်ရင် ဈေးပိုချိုနေတတ်တဲ့ Generic Drugs

ဆေးဆိုင်မှာသွားဝယ်ရင် ဈေးပိုချိုနေတတ်တဲ့ Generic Drugs

ဆေးဆိုင်မှာသွားဝယ်ရင် ဈေးပိုချိုနေတတ်တဲ့ Generic Drugs

ဆေးသွားဝယ်တဲ့အခါ အလားတူဆေးလို့ပြောပြီးဆေးဆိုင်ကထုတ်ပေးလိုက်တဲ့အခါဈေးသက်သာနေတာတွေ့ဖူးကြတယ်မလား။ ပါဝင်တဲ့ဆေးအမျိုးအစားချင်းတူပေမယ့် ထုတ်လုပ်တဲ့ကုမ္ပဏီမတူတဲ့ အလားတူဆေးတွေနဲ့ ပါဝင်တဲ့ဆေးအမျိုးအစားကိုပဲ အမည်တပ်ထားတဲ့(ဘရန်းအမည်မပါတဲ့)အလားတူဆေးတွေရှိပါတယ်။ ကုမ္ပဏီကွဲအလားတူဆေးတွေက ဘရန်းအမည်မတူသလိုဈေးလည်းသိပ်မနည်းနိုင်ပါဘူး၊ ဒါပေမယ့် Generic drugs လို့ခေါ်တဲ့ပါဝင်ပစ္စည်းအမည်တပ် အလားတူဆေးတွေကတော့ဈေးသက်သာနေပါတယ်။

ဥပမာ ဆီးချိုအတွက်အသုံးများတဲ့ မက်ဖော်မင်(Metformin)ဆိုရင်Glucophage၊Glucophage XR၊Fortamet နဲ့Glumetzaစတဲ့ ဘရန်းတံဆိပ်တွေနဲ့ ရှိသလိုMetformintablets လို့ပဲ အမည်တပ်ထားတာတွေကGeneric drugsတွေဖြစ်ပါတယ်။ ဒီလောက်ဆိုရင်ဈေးကွာခြားမှုကြောင့် ပိုပြီးသတိထားမိပါလိမ့်မယ်။

Generic drugs ဆိုတာဘာလဲ

Generic drugs ဆိုတာ ဘရန်းတံဆိပ်ဆေးဝါးတွေနဲ့ မူပိုင်ခွင့်ပဲကွာခြားတဲ့ဆေးတွေဖြစ်ပါတယ်။ ဘရန်းတံဆိပ်ဆေးဝါးတစ်မျိုးရဲ့ မူပိုင်ခွင့်က သက်တမ်းကုန်ဆုံးသွားတဲ့အခါ ထုတ်လုပ်၊ ရောင်းချခွင့်ရတဲ့ ဘရန်းအမည်မပါတဲ့ဆေးဝါးတွေပါ။

အစားအသောက်နဲ့ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (FDA) အရ အလားတူဗားရှင်းဆိုတာ ဘရန်းဆေးဝါးအတိုင်း တူညီတဲ့ပါဝင်ပစ္စည်းတွေရှိရမှာဖြစ်ပြီး တူညီတဲ့ အရည်အသွေးနဲ့ဘေးကင်းစိတ်ချရမှုစံနှုန်းတွေပြည့်မီနေရတာဖြစ်ပါတယ်။ ဒါ့အပြင် အလားတူဆေးဝါးတွေဟာ –

  • သောက်သုံးရမယ့်ပမာဏ
  • ဘေးကင်းစိတ်ချရမှု
  • ထိရောက်မှုအာနိသင်
  • လုပ်ဆောင်ချက်
  • သောက်သုံးရတဲ့နည်းလမ်း
  • ကုသပေးနိုင်တဲ့ရောဂါဝေဒနာများ စတာတွေမှာ ဘရန်းတံဆိပ်ဆေးဝါးတွေအတိုင်း တူညီနေရမယ်လို့ FDA က သတ်မှတ်ထားပါတယ်။

အလားတူဆေးဝါးတွေအားလုံးကို ဈေးကွက်မှာ မဖြန့်ချိခင် FDA ကပြန်လည်သုံးသပ်စစ်ဆေးပြီး ခွင့်ပြုပေးရတာဖြစ်ပါတယ်။

အာနိသင်က ကောင်းရဲ့လား၊ စိတ်ချရရဲ့လား

ဈေးကွာတယ်ဆိုတိုင်း အပေါစားမဟုတ်ပါဘူး။ FDA ရဲ့စည်းမျဉ်းသတ်မှတ်ချက်အရ ဘရန်းတံဆိပ်နဲ့ အလားတူဆေးတွေအပါအဝင်ဆေးဝါးအားလုံးဟာ လုပ်ဆောင်ချက်ကောင်းရမှာဖြစ်ပြီးဘေးကင်းစိတ်ချရမှာချည်းဖြစ်ပါတယ်။ အလားတူဆေးတွေမှာ ဘရန်းဆေးဝါးတွေလိုပဲ အာနိသင်ပါဝင်ပစ္စည်းတွေ၊ကောင်းကျိုးတွေနဲ့ဘေးထွက်ဆိုးကျိုးတွေ အတူတူပဲရှိနေပါတယ်။

Generic drugsတွေရဲ့ထက်ဝက်လောက်က ဘရန်းတံဆိပ်ဆေးကုမ္ပဏီကြီးတွေကပဲ ထုတ်လုပ်တာဖြစ်ပါတယ်။ မူပိုင်ခွင့်သက်တမ်းကုန်ဆုံးသွားတဲ့သူတို့ကိုယ်ပိုင်ဆေးဝါးတွေကိုပဲ ဘရန်းအမည်မပါဘဲ Generic drugs အဖြစ်ပြန်ထုတ်လုပ်ကြတာပါ။

ဘာတွေ ကွာခြားမှုရှိလဲ

Generic drugsတွေကို ဘရန်းတံဆိပ်တွေတုန်းကလို ပုံစံ၊ဒီဇိုင်းတွေအတိုင်း ထုတ်လုပ်ခွင့်မပေးပါဘူး။ ပါဝင်တဲ့ဆေးဝါးက တူညီနေပေမယ့်လည်း အရောင်၊အရသာ၊ အပိုထည့်သွင်းတဲ့ အကူပါဝင်ပစ္စည်းတွေနဲ့ဆေးရဲ့ပုံစံအသွင်အပြင်တို့က ကွာခြားနိုင်ပါတယ်။

ဘာလို့ ဈေးပိုချိုနေတာလဲ

ဆေးဝါးအသစ်တစ်မျိုးကိုဈေးကွက်ထဲရောက်နိုင်ဖို့က အချိန် ၇ နှစ်လောက်ပေးခဲ့ရပြီးဒေါ်လာ သန်း၈၀၀လောက်ကုန်ကျနိုင်ပါတယ်။Generic drugs ကုမ္ပဏီတွေက အသစ်ထပ်ထုတ်လုပ်စရာမလိုတော့တဲ့အပြင် ဘရန်းအတွက် ကြော်ငြာခတွေ၊ ဈေးကွက်ဖြန့်ကြက်စရိတ်တွေပိုသက်သာပါတယ်။ သူတို့က ဈေးနှုန်းသက်သာတယ်ဆိုတဲ့အချက်နဲ့ဈေးကွက်ထဲရောက်ရှိနှင့်ပြီးဖြစ်ပါတယ်။ အများအားဖြင့် Generic drugsတွေက ဘရန်းတံဆိပ်တွေထက် ကုန်ကျစရိတ် ၃၀ ရာခိုင်နှုန်းကနေ ၅၀ ရာခိုင်နှုန်းလောက် ပိုသက်သာပါတယ်။

ဘာကို ထည့်စဉ်းစားဖို့လိုလဲ

အလားတူဆေးဆိုရင် ကိုယ်လိုချင်တဲ့ဆေးရဲ့ ပါဝင်တဲ့ဆေးအမည်(Generic Name)၊မီလီဂရမ် (mg)ကို သိထားဖို့ လိုပါတယ်။ ဆေးရဲ့ပုံစံကွဲပြားသွားပေမယ့် ပါဝင်တဲ့ဆေးအမည်(Generic Name)တူ ၊မီလီဂရမ် mgချင်း တူတယ်ဆိုရင် ကိုယ်လိုချင်တဲ့ ဆေးနဲ့ တူတူပါပဲ။

ဆေးရဲ့ ဈေးနှုန်း ကွာဟနိုင်ပေမယ့် အာနိသင်တူတူပါပဲ။ သုံးစွဲသူတွေကတော့ ဈေးနည်းရင် အရည်အသွေးကောင်းမှာမဟုတ်ဘူးလို့ တွေးတတ်ကြပါတယ်။ ဈေးပိုကြီးလို့ ဆေးပိုကောင်းသွားတယ်ဆိုတာ မရှိပါဘူး။ အားလုံးအတူတူပါပဲ။ ဒါပေမယ့် တချို့အတွက်တော့ သောက်လိုက်ပြီးတဲ့အခါ ခန္ဓါကိုယ်ထဲမှာဆေးရဲ့လုပ်ဆောင်ပုံမှာ နည်းနည်းကွာခြားသွားနိုင်ပါတယ်။ အကြောင်းရင်းကတော့Generic drugs မှာ အပိုပါဝင်နေတဲ့ အကူပါဝင်ပစ္စည်းတွေရဲ့ အမျိုးအစားနဲ့ ပမာဏ ကွာခြားသွားတာရယ်၊ လူတစ်ယောက်နဲ့တစ်ယောက် ဆေးကိုစုပ်ယူနိုင်စွမ်းမတူတာရယ်(တချို့က ဒီဆေးနဲ့ပိုတည့်တယ်၊ဟိုဆေးပြောင်းသောက်မှ သိပ်မထူးတော့ဘူးဆိုတာမျိုး) စတဲ့ အချက်တွေနဲ့ဆိုင်ပါတယ်။

ဒါ့ကြောင့် ကိုယ်နဲ့အဆင်ပြေတဲ့ဆေးဝါးကိုရွေးချယ်တာ၊ ဒါမှမဟုတ် ဆရာဝန်ညွှန်းတဲ့ဆေးဝါးကိုရွေးချယ်တာအကောင်းဆုံးပါပဲ။

Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့်ကုသမှုများမပြုလုပ်ပေးပါ။

Hello Sayarwon Panel
Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Yun Sandi Nan Mon မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 11/05/2020 ဖြစ်ပါသည်။

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။