Dexchlorpheniramine (ဒက်စ်ကလိုဖီနိုင်းရမင်း) က ဓာတ်မတည့်မှုတွေအတွက် အသုံးပြုတဲ့ ဆေးဝါးတစ်မျိုးပါ။ ဘာမီတွန်လို့ သိကြပါတယ်။ Antihistamine အမျိုးအစားဖြစ်ပါတယ်။ ဓာတ်မတည့်မှုတွေကို သက်သာစေနိုင်သလို ဓာတ်မတည့်မှုကြောင့် ဖြစ်တဲ့ နှာချေတာ၊ နှာရည်ကျတာ၊ မျက်ရည်ထွက်တာ၊ အင်ပြင်ဖြစ်တာ၊ ယားယံတာတွေကို သက်သာစေနိုင်ပါတယ်။
အသုံးပြုပုံများ
Dexchlorpheniramine (ဒက်စ်ကလိုဖီနိုင်းရမင်း) ကို ဘာအတွက်အသုံးပြုကြသလဲ
ဒီဆေးကို ဓာတ်မတည့်မှုရဲ့ လက္ခဏာတွေ ဖြစ်ကြတဲ့ နှာချေတာ၊ နှာရည်ယိုတာ၊ မျက်ရည်ကျတာ၊ ယားယံတာ၊ အပိမ့်ထွက်တာတွေကို သက်သာစေဖို့ အသုံးပြုကြပါတယ်။ ဓာတ်မတည့်မှု လက္ခဏာတွေထဲမှာ Hay Fever နဲ့ အင်ပြင်ထတာတွေကို သက်သာစေဖို့ အသုံးပြုကြပါတယ်။
Dexchlorpheniramine (ဒက်စ်ကလိုဖီနိုင်းရမင်း) ကို ဘယ်လိုသောက်သုံးသင့်ပါသလဲ
ဆေးဘူးမှာပါတဲ့ အညွှန်းကို သေသေချာချာ ပြည့်ပြည့်စုံစုံ ဖတ်ပါ။ ဆေးရဲ့ ပါဝင်ပစ္စည်း အညွှန်းဇယားတွေနဲ့ ကုန်ဆုံးရက်တွေကို သေချာ ဖတ်ပါ။
ဆေးလုံးအနေနဲ့ သောက်သုံးမယ်ဆိုရင် ဆေးတစ်လုံးလုံးကို မျိုချပါ။ ဝါးမစားပါနဲ့၊ မချိုးပါနဲ့။ ရေနဲ့ပျော်အောင် ဖျော်တာမျိုး မလုပ်ပါနဲ့။
ဆေးရည်အနေနဲ့ သောက်သုံးမယ်ဆိုရင် အိမ်မှာ သုံးတဲ့ ဇွန်းကို မသုံးရပါဘူး။ ဆေးသောက်ဖို့ ထည့်ပေးတဲ့ ဆေးချိန်ခွက်လေးနဲ့ပဲ ချိန်ပြီး တိုက်ပေးပါ။
Dexchlorpheniramine (ဒက်စ်ကလိုဖီနိုင်းရမင်း) ကို ဘယ်လိုသိုလှောင်သိမ်းဆည်းထားသင့်ပါသလဲ။
Dexchlorpheniramine (ဒက်စ်ကလိုဖီနိုင်းရမင်း) ကို အခန်းအပူချိန်တွင် သိုလှောင်ထားနိုင်ပါတယ်။ တိုက်ရိုက်နေရောင်ခြည်မထိအောင်နဲ့ စိုစွတ်မှုမရှိအောင်ထားပါ။ ဆေးမပျက်စီးစေဖို့ ရေချိုးခန်းထဲမှာ သိမ်းဆည်းတာနဲ့ ရေခဲပြီး သိမ်းဆည်းတာတွေမပြုလုပ်ပါနဲ့။
ဆေးထုတ်လုပ်တဲ့ ကုမ္ပဏီကွဲပြားမှုပေါ်မူတည်ပြီး သိမ်းဆည်းတဲ့ပုံစံ ကွဲပြားခြားနားမှုရှိနိုင်ပါတယ်။ ဒီအတွက် ဆေးဘူးအခွံမှာပါတဲ့ သိုလှောင်သိမ်းဆည်းမှုညွှန်ကြားချက်ကို ကြည့်ရှုစစ်ဆေးတာမျိုး ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်ကို မေးမြန်းတာမျိုး အမြဲလုပ်ပါ။ လုံခြုံစိတ်ချရဖို့အတွက် ဆေးဝါးတွေအကုန်လုံးကို ကလေးတွေ၊ အိမ်မွေးတိရိစ္ဆာန်တွေနဲ့ ဝေးရာမှာထားပါ။
ဆေးကို အိမ်သာထဲကိုပစ်ချတာနဲ့ ရေထွက်ပေါက်တွေထဲကနေ သွန်ချတာမျိုးကို မလုပ်သင့်ပါဘူး။ ဒါ့ပြင် ဆေးဝါးတွေကို မလိုအပ်တော့တဲ့အခါ ဒါမှမဟုတ် သက်တမ်းကုန်ဆုံးသွားတဲ့အခါတွေမှာ စနစ်တကျစွန့်ပစ်ဖို့ အရေးကြီးပါတယ်။ ဆေးဝါးတွေကို စနစ်တကျဘယ်လိုစွန့်ပစ်ရမယ်ဆိုတာနဲ့ ပတ်သက်ပြီး သင့်ရဲ့ဆေးဝါးကျွမ်းကျင်ပညာရှင်နဲ့ တိုင်ပင်ပါ။
ကြိုတင်အသိပေးချက်နှင့် သတိပြုရန်အချက်များ
Dexchlorpheniramineကို မသောက်သုံးခင်မှာ ဘယ်အချက်တွေကို သိထားသင့်သလဲ။
Dexchlorpheniramineကို မသောက်သုံးခင် အောက်ပါအခြေအနေတွေရှိရင် ဆရာဝန်ကို ပြောပြသင့်ပါတယ်။
- ကိုယ်ဝန်ရှိရင် ဒါမှမဟုတ် ကလေးနို့တိုက်နေရင်
- တခြားစွဲသောက်နေတဲ့ ဆေးတွေရှိရင် (ဆရာဝန်ညွှန်ကြားထားတဲ့ဆေး၊ ဆေးဆိုင်ကနေ ဝယ်သောက်နေတဲ့ဆေး၊ သစ်ဥသစ်ဖု၊ အခြားဆေး)
- ဆေးရဲ့ ပါဝင်ပစ္စည်းတွေနဲ့ ဓာတ်မတည့်ရင်
- တခြားရောဂါအခံတွေ ရှိနေရင်
ကိုယ်ဝန်ဆောင်နေချိန် ဒါမှမဟုတ် ကလေးနို့တိုက်နေတဲ့အချိန်မှာ သောက်ဖို့ စိတ်ချရရဲ့လား။
ဒီဆေးဝါးကို ကိုယ်ဝန်ဆောင်နေချိန် ဒါမှမဟုတ် ကလေးနို့တိုက်နေချိန်တွင် သောက်တဲ့အခါ ဆိုးကျိုးများရှိမရှိအတွက် လုံလောက်တဲ့ လေ့လာစမ်းသပ်ချက်တွေ မရှိသေးပါ။ ဒါကြောင့် ဆေးမသောက်သုံးမီမှာ ဖြစ်နိုင်တဲ့ ကောင်းကျိုး၊ ဆိုးကျိုး ချိန်ဆနိုင်ဖို့ ဆရာဝန်နဲ့ တိုင်ပင်ပါ။
အမေရိကန်ပြည်ထောင်စု အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးအဖွဲ့ရဲ့ကိုယ်ဝန်ဆောင်များတွင် ထိခိုက်နိုင်ခြေအဆင့် သတ်မှတ်ချက်များမှာ အောက်ပါအတိုင်းဖြစ်ပါတယ်။
- A=ဆိုးကျိုးမရှိပါ။
- B=လေ့လာမှုအချို့အရ ဆိုးကျိုးမရှိပါ။
- C=ဆိုးကျိုးအချို့ ရှိနိုင်ပါသည်။
- D= ဆိုးကျိုးများရှိသည့် အထောက်အထားများရှိပါသည်။
- X=သောက်သုံးရန် မသင့်ပါ။
- N=အခြေအနေကို မသိရသေးပါ။
ဘေးထွက်ဆိုးကျိုးများ
Dexchlorpheniramine (ဒက်စ်ကလိုဖီနိုင်းရမင်း) က ဘယ်လိုဘေးထွက်ဆိုးကျိုးတွေ ရှိနိုင်လဲ။
တခြားဆေးတွေလိုပဲ သူ့မှာလည်း ဘေးထွက်ဆိုးကျိုး အနည်းငယ် ရှိနိုင်ပါတယ်။ ဖြစ်လာခဲ့ရင်တောင် များသောအားဖြင့် လက္ခဏာက ပြင်းထန်လေ့မရှိပါဘူး။ ဆေးရပ်လိုက်ရင် ဒါမှမဟုတ် ဆေးပမာဏလျှော့လိုက်ရင် သက်သာသွားပါတယ်။ တွေ့ရတတ်တဲ့ ဘေးထွက်ဆိုးကျိုးတွေကတော့
- အာရုံကြောစနစ်ကို လှုံ့ဆော်နိုင်စွမ်းကျသွားတာ
- သူငယ်အိမ်ကျယ်လာတာ
- မျက်လုံးခြောက်တာ
- ပါးစပ်ခြောက်တာ
- မအီမသာဖြစ်တာ
- အော့အန်တာ
- ဝမ်းပျက်တာ
- မူးဝေတာ
- စိတ်ရှုပ်ထွေးတာ
- မိုက်ခနဲ့ မူးတာ
- စိတ်လှုပ်ရှားလွန်းတာ
- ဆီးကျန်တာ
- သွေးပေါင်ကျတာ
ခုပြောတဲ့ ဘေးထွက်ဆိုးကျိုးတွေက လူတိုင်းမှာ ဖြစ်ချင်မှဖြစ်မှာပါ။ တစ်ဦးနဲ့တစ်ဦးလည်း ကွဲပြားခြားနားမှုရှိနိုင်ပါတယ်။ ဘေးထွက်ဆိုးကျိုးနဲ့ ပတ်သက်ပြီး စိုးရိမ်ပူပန်မှုများရှိနေမယ်ဆိုရင် ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်နဲ့ တိုင်ပင်ဆွေးနွေးပါ။
ဆေးဝါးဓာတ်ပြုမှုများ
ဘယ်ဆေးဝါးတွေက Dexchlorpheniramine (ဒက်စ်ကလိုဖီနိုင်းရမင်း)နဲ့ ဓာတ်ပြုမှုတွေ ဖြစ်နိုင်သလဲ။
Dexchlorpheniramine က လောလောဆယ် သောက်သုံးနေတဲ့ တခြားဆေးဝါးတွေနဲ့ ဓာတ်ပြုမှုတွေဖြစ်နိုင်ပြီး ဆေးဝါးတွေရဲ့ အာနိသင်ပြောင်းလဲတာ၊ ဘေးထွက်ဆိုးကျိုးတွေ ပိုခံစားရတာတွေ ဖြစ်နိုင်ပါတယ်။
မလိုလားအပ်တဲ့ ဆေးဝါးဓာတ်ပြုမှုတွေ ဖြစ်မလာအောင်လို့ သင်လက်ရှိသောက်သုံးနေတဲ့ ဆေးဝါးတွေ အားလုံးရဲ့ စာရင်းကို လုပ်ထားပြီး (စာရင်းလုပ်တဲ့အခါမှာ ဆရာဝန်ညွှန်ကြားထားတာတွေ၊ မညွှန်ကြားဘဲ သောက်သုံးနေတာတွေ၊ သဘာဝဆေးဖက်ဝင်ပစ္စည်းတွေ အားလုံးပါဝင်ပါတယ်) ဆရာဝန် ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်ကို ပြောပြဖို့ လိုပါတယ်။
ဓာတ်ပြုနိုင်တဲ့ ဆေးဝါးများ
- တခြား ဓာတ်မတည့်မှု ဆေးဝါးများ
- Opioid ပါတဲ့ အကိုက်အခံ ပျောက်ဆေးများ
- အိပ်ဆေး
- Tricyclic antidepressants စိတ်ကျရောဂါ သက်သာဆေး
- အယ်လ်ကိုဟောပါသော ဆေးများ (အီသနောပါတဲ့ ဆေးဝါးများ)
ဆေးဓာတ်ပြုတဲ့ လက္ခဏာတွေ ခံစားရရင် ဆရာဝန်နဲ့ ပြန်တိုင်ပင်ပါ။ ဆေးပမာဏပြန်ညှိတာ၊ တခြားဆေးနဲ့ အစားထိုးတာ၊ ဆေးရပ်တာတွေ လုပ်ရနိုင်ပါတယ်။
အစားအသောက် ဒါမှမဟုတ် အရက်သေစာတွေက Dexchlorpheniramineနဲ့ ဓာတ်ပြုနိုင်ပါသလား။
ဒီဆေးက အစားအစာတွေ ဒါမှမဟုတ် အယ်လ်ကိုဟောနဲ့ ဓာတ်ပြုနိုင်ပါတယ်။ ဒီလို ဓာတ်ပြုတာက ဆေးရဲ့ ဓာတ်ပြုမှု အာနိသင်နဲ့ ထိရောက်မှုကို ပြောင်းလဲစေနိုင်ပြီး ပြင်းထန်တဲ့ ဘေးထွက်ဆိုးကျိုးတွေ ဖြစ်နိုင်ပါတယ်။ ဒါကြောင့် ဆေးသောက်ချိန်မှာ အယ်လ်ကိုဟောပါတဲ့ သောက်စရာတွေ မသောက်ပါနဲ့။ ဆေးမသောက်မီမှာ ဖြစ်နိုင်ခြေရှိတဲ့ အစားအစာ၊ အယ်လ်ကိုဟောတို့နဲ့ ဓာတ်ပြုနိုင်ခြေကို ဆရာဝန် ဒါမှမဟုတ် ကျွမ်းကျင်သူတွေနဲ့ အရင်တိုင်ပင်ပါ။
ဘယ်လိုကျန်းမာရေးအခြေအနေတွေက Dexchlorpheniramine နဲ့ ဓာတ်ပြုမှုတွေရှိမလဲ။
Dexchlorpheniramineက သင့်ရဲ့ နဂိုကျန်းမာရေးအခြေအနေတွေအပေါ် သက်ရောက်မှုတွေ ရှိနိုင်ပါတယ်။ သင့်ရဲ့ ကျန်းမာရေးအခြေအနေကို ပိုဆိုးသွားစေတာ ဒါမှမဟုတ် ဆေးအာနိသင် ပြောင်းလဲသွားတာတွေ ဖြစ်နိုင်ပါတယ်။ ဒါ့ကြောင့် သင့်ရဲ့ကျန်းမာရေးအခြေအနေအကုန်လုံးကို သင့်ရဲ့ဆရာဝန် ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်ကို ကြိုတင်အသိပေးဖို့ အရေးကြီပါတယ်။
သောက်သုံးရန်အညွှန်း
အခုအချက်အလက်များမှာ ဆေးပညာအကြံပေးမှုကို အစားထိုးရန်အတွက်မဟုတ်ပါ။ ဆေးဝါးများကို အသုံးမပြုခင် ဆရာဝန် သို့မဟုတ် ဆေးဝါးပညာရှင်နဲ့ အမြဲတမ်းတိုင်ပင်ဆွေးနွေးသင့်ပါတယ်။
အရွယ်ရောက်ပြီးများအတွက် ဆေးပမာဏ
ဓာတ်မတည့်မှုအတွက်
၄ နာရီ ကနေ ၆ နာရီခြားပြီး ၂ mg သောက်ပေးလို့ ရပါတယ်။ တစ်နေ့တာကို ၁၂ mg အထိ သောက်ပေးလို့ ရပါတယ်။
ကလေးများအတွက် ဆေးပမာဏ
ဓာတ်မတည့်မှုအတွက်
- အသက် ၂ နှစ် ကနေ ၅ နှစ် – ၄ နာရီ ကနေ ၆ နာရီ ခြားပြီး တစ်ခါသောက် 0.5 mg
- အသက် ၆ နှစ် ကနေ ၁၂ နှစ် – ၄ နာရီ ကနေ ၆ နာရီ ခြားပြီး တစ်ခါသောက် 1 mg
- ၁၂ နှစ်နဲ့ အထက် – အရွယ်ရောက်ပြီးသူတွေသောက်ရမယ့် ဆေးညွှန်းအတိုင်း တိုက်ပေးပါ။
Dexchlorpheniramine (ဒက်စ်ကလိုဖီနိုင်းရမင်း) ကို ဘယ်လိုပုံစံမျိုး၊ အချိုးအစားမျိုးတွေနဲ့ရရှိနိုင်မလဲ။
Dexchlorpheniramineကို အောက်ဖော်ပြပါ ဆေးဝါးပုံစံများနဲ့ အချိုးအစားများဖြင့် ရရှိနိုင်ပါတယ်။
- ဆေးရည် : 2 mg/5 mL
- သောက်ဆေးပြား: 2 mg
- ဆေးလုံး : 6 mg
အရေးပေါ်အခြေအနေတွေ၊ ဆေးပမာဏလွန်သွားတဲ့ အခြေအနေတွေမှာ ဘာလုပ်သင့်သလဲ။
အရေးပေါ်အခြေအနေ သို့မဟုတ် ဆေးပမာဏလွန်သွားတဲ့ အခြေအနေတွေမှာ အရေးပေါ်ဆေးရုံဆေးခန်းများမှာ သွားရောက်ကုသမှုခံယူပါ။
ဆေးသောက်ဖို့ လွတ်သွားခဲ့ရင် (မေ့သွားခဲ့ရင်) ဘာလုပ်ရမလဲ။
Dexchlorpheniramine ကို သောက်သုံးဖို့ လွတ်သွားခဲ့ပါက (မေ့ခဲ့ပါက) သတိရတဲ့အချိန်မှာ အမြန်ဆုံးသောက်သုံးပါ။ ဒါပေမယ့် နောက်တစ်ကြိမ်သောက်ရမယ့်အချိန်မှ သတိရတယ်ဆိုရင်တော့ လွတ်သွားတဲ့ဆေးကို ထားလိုက်ပါ။ ပုံမှန်အတိုင်းပဲ ဆက်သောက်ပါ။ ဆေးနှစ်ခါ သောက်တာမျိုး မလုပ်ပါနဲ့။
[embed-health-tool-bmi]