brand logo
Discover
Health Tools
Communities

Share

Betamethasone (ဘီတာမက်သဆုန်း) (လိမ်းဆေးနဲ့ ထိုးဆေး)

Betamethasone (ဘီတာမက်သဆုန်း) က စတီးရွိုက်ဆေးတစ်မျိုးပါ။ Corticosteroids ဒါမှမဟုတ် စတီးရွိုက်တွေက လူလုပ်ဓာတုပစ္စည်းတွေ ပါဝင်နေတဲ့ ဆေးတွေပါ။ ကျောက်ကပ်အထက်ပိုင်းနားမှာ ရှိတဲ့ အက်ဒရီနယ်လင်ဂလင်းက ထုတ်လုပ်တဲ့ ကော်တီစောဟော်မုန်းအတိုင်း ထုတ်လုပ်ထားတာပါတယ်။ Corticosteroids ဆေးတွေက အရောင်ကျစေနိုင်သလို နာကျင်တာ၊ ရောင်ရမ်းတာ၊ ယားယံတာကိုလည်း သက်သာစေပါတယ်။ ကိုယ်ခံအား တုံ့ပြန်မှုကြောင့်ဖြစ်တဲ့ အခြားသော ကျန်းမာရေးပြဿနာတွေကိုလည်း သက်သာစေနိုင်ပါတယ်။

Betamethasone (ဘီတာမက်သဆုန်း) (လိမ်းဆေးနဲ့ ထိုးဆေး)

အသုံးပြုပုံများ

Betamethasone (ဘီတာမက်သဆုန်း) ကို ဘာအတွက်အသုံးပြုကြသလဲ

Betamethasone ကို

  • အရေပြားဓာတ်မတည့်မှု ပြဿနာတွေ
  • ရောင်ရမ်းနာကျင်မှုတွေ
  • Congenital adrenal hyperplasia ( မွေးရာပါ အက်ဒရီနယ်လင်ဂလင်း အပွားလွန်ခြင်း)
  • စတီးရွိုက်ပါတဲ့ဆေးကို တုံ့ပြန်တဲ့ အရေပြားပြဿနာ
  • ဆိုရီရေးစစ် အရေပြားပြဿနာတွေ သက်သာစေဖို့ အသုံးပြုပါတယ်။
  • Betamethasone (ဘီတာမက်သဆုန်း)ကို ဘယ်လိုအသုံးပြုသင့်သလဲ

    Betamethasone (ဘီတာမက်သဆုန်း)ကို လိမ်းဆေးအဆီ၊ လိုရှင်း၊ ခရင်မ် နဲ့ ထိုးဆေးတွေအနေနဲ့ ရရှိနိုင်ပါတယ်။ လိမ်းဆေးကို အရေပြားပြဿနာရှိနေတဲ့ နေရာမှာ ခပ်ပါးပါးလေး လိမ်းပေးရမှာပါ။ ဆေးမလိမ်းခင်နဲ့ ဆေးလိမ်းပြီးချိန်မှာ လက်ကို သေချာသန့်စင်ဆေးကြောဖို့ လိုပါမယ်။

    ထိုးဆေးကိုတော့ အသားဆေး ဖြစ်စေ၊ အဆစ်ထဲထိုးဖြစ်စေ လိုင်စင်ရဆရာဝန်ရဲ့ ညွှန်ကြားချက်အတိုင်းသာ လုပ်ဆောင်ရပါမယ်။

    Betamethasone (ဘီတာမက်သဆုန်း) ဘယ်လိုသိမ်းဆည်းရမလဲ

    ဆေးကို အခန်းအပူချိန်မှာ သိုလှောင်ထားနိုင်ပါတယ်။ တိုက်ရိုက်နေရောင်ခြည်မထိအောင်နဲ့ စိုစွတ်မှုမရှိအောင်ထားပါ။ ဆေးမပျက်စီးစေဖို့ ရေချိုးခန်းထဲမှာ သိမ်းဆည်းတာနဲ့ ရေခဲပြီး သိမ်းဆည်းတာတွေမပြုလုပ်ပါနဲ့။

    ဆေးထုတ်လုပ်တဲ့ ကုမ္ပဏီကွဲပြားမှုပေါ်မူတည်ပြီး သိမ်းဆည်းတဲ့ပုံစံ ကွဲပြားခြားနားမှုရှိနိုင်ပါတယ်။ ဒီအတွက် ဆေးဘူးအခွံမှာပါတဲ့ သိုလှောင်သိမ်းဆည်းမှုညွှန်ကြားချက်ကို ကြည့်ရှုစစ်ဆေးတာမျိုး ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်ကို မေးမြန်းတာမျိုး အမြဲလုပ်ပါ။ လုံခြုံစိတ်ချရဖို့အတွက် ဆေးဝါးတွေအကုန်လုံးကို ကလေးတွေ၊ အိမ်မွေးတိရိစ္ဆာန်တွေနဲ့ ဝေးရာမှာထားပါ။

    ဆေးကို အိမ်သာထဲကိုပစ်ချတာနဲ့ ရေထွက်ပေါက်တွေထဲကနေ သွန်ချတာမျိုးကို မလုပ်သင့်ပါဘူး။ ဒါ့ပြင် ဆေးဝါးတွေကို မလိုအပ်တော့တဲ့အခါ ဒါမှမဟုတ် သက်တမ်းကုန်ဆုံးသွားတဲ့အခါတွေမှာ စနစ်တကျစွန့်ပစ်ဖို့ အရေးကြီးပါတယ်။ ဆေးဝါးတွေကို စနစ်တကျဘယ်လိုစွန့်ပစ်ရမယ်ဆိုတာနဲ့ ပတ်သက်ပြီး သင့်ရဲ့ဆေးဝါးကျွမ်းကျင်ပညာရှင်နဲ့ တိုင်ပင်ပါ။

    ကြိုတင်သတိပြုရန်များနှင့် အသိပေးချက်များ

    Betamethasone (ဘီတာမက်သဆုန်း) အသုံးမပြုခင် ဘာတွေသိသင့်သလဲ

    Betamethasone အပါအဝင် Corticosteroids ဆေးတွေက ရောဂါပိုးဝင်ကူးစက်နိုင်ခြေကို များစေသလို အရိုးထဲမှာ သတ္တုဓာတ်လျော့နည်းတာ၊ ကိုယ်အလေးချိန်တက်တာ၊ ရေဝိတ်တာနဲ့ အမျိုးမျိုးသော ဘေးထွက်ဆိုးကျိုးတွေကို ဖြစ်စေနိုင်ပါတယ်။ ဒီဘေးထွက်ဆိုးကျိုးတွေကို သက်ကြီးပိုင်းတွေ၊ လူငယ်ပိုင်း လူနာတွေ၊ ကိုယ်ခံအားစနစ်ပြဿနာရှိသူတွေနဲ့ စတီးရွိုက်ကုထုံးကို ကာလရှည်ကြာ ခံယူလာရသူတွေမှာ ခံစားရနိုင်ခြေ ပိုများပါတယ်။

    Corticosteroids အသုံးပြုမှုကို ကိုယ့်သဘောနဲ့ကိုယ် ရုတ်တရက် မရပ်လိုက်ပါနဲ့။ ဘေးထွက်ဆိုးကျိုး တစ်ခုခု ဖြစ်လာရင်ဖြစ်ဖြစ်၊ ကုထုံးပြီးစီးသွားရင်ဖြစ်ဖြစ် ဆေးပမာဏကို တဖြည်းဖြည်းချင်း လျှော့ပြီးမှ ရပ်ရပါ။ စတီးရွိုက်အသုံးပြုမှုကို ရုတ်တရက် ရပ်လိုက်တာက အက်ဒရီနယ်လင် ဟော်မုန်း မလုံလောက်မှုကို ဖြစ်စေပြီး အသက်အန္တရာယ် ထိခိုက်စေနိုင်ပါတယ်။

    အရိုးပွရောဂါ၊ ဆီးချိုရောဂါ၊ သွေးတိုးရောဂါ၊ သိုင်းရွိုက်ဟော်မုန်း အထွက်များတာ၊ ကြွက်သားရောဂါ၊ ရေတိမ်၊ ကြွက်သားပျော့ခွေ အာရုံကြောရောဂါ စတဲ့ရောဂါအခံရှိသူတွေက corticosteroids သုံးပြီးချိန်မှာ ရောဂါလက္ခဏာတွေ ပိုဆိုးလာနိုင်ပါတယ်။

    ဆေးမသုံးခင် အောက်ပါအခြေအနေတွေရှိရင် ဆရာဝန်ကို ပြောပြသင့်ပါတယ်။

    • ကိုယ်ဝန်ရှိရင် ဒါမှမဟုတ် ကလေးနို့တိုက်နေရင်
    • တခြားစွဲသောက်နေတဲ့ ဆေးတွေရှိရင် (ဆရာဝန်ညွှန်ကြားထားတဲ့ဆေး၊ ဆေးဆိုင်ကနေ ဝယ်သောက်နေတဲ့ဆေး၊ သစ်ဥသစ်ဖု၊ အခြားဆေး)
    • ဆေးရဲ့ ပါဝင်ပစ္စည်းတွေနဲ့ ဓာတ်မတည့်ရင်
    • တခြားရောဂါအခံတွေ ရှိနေရင်

    ကိုယ်ဝန်ဆောင်နေချိန် ဒါမှမဟုတ် ကလေးနို့တိုက်နေချိန်မှာ Betamethasone (ဘီတာမက်သဆုန်း)ကိုသုံးစွဲဖို့ စိတ်ချရပါသလား

    ဒီဆေးကို ကိုယ်ဝန်ဆောင်နေချိန် ဒါမှမဟုတ် ကလေးနို့တိုက်နေချိန်တွင် သောက်တဲ့အခါ ဆိုးကျိုးများရှိမရှိအတွက် လုံလောက်တဲ့ လေ့လာစမ်းသပ်ချက်တွေ မရှိသေးပါ။ဒါကြောင့် ဆေးအသုံးမပြုခင်မှာ ဖြစ်နိုင်တဲ့ ကောင်းကျိုး၊ ဆိုးကျိုး ချိန်ဆနိုင်ဖို့ ဆရာဝန်နဲ့ တိုင်ပင်ပါ။

    ဒီဆေးကို အမေရိကန်ပြည်ထောင်စု အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးအဖွဲ့ရဲ့ သတ်မှတ်ချက်အရ ကိုယ်ဝန်ဆောင်များတွင် ထိခိုက်နိုင်ခြေအဆင့် C ရှိသည်ဟု သတ်မှတ်ထားပါတယ်။

    အမေရိကန်ပြည်ထောင်စု အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးအဖွဲ့ရဲ့ကိုယ်ဝန်ဆောင်များတွင် ထိခိုက်နိုင်ခြေအဆင့် သတ်မှတ်ချက်များမှာ အောက်ပါအတိုင်းဖြစ်ပါတယ်။

    • A=ဆိုးကျိုးမရှိပါ။
    • B=လေ့လာမှုအချို့အရ ဆိုးကျိုးမရှိပါ။
    • C=ဆိုးကျိုးအချို့ ရှိနိုင်ပါသည်။
    • D= ဆိုးကျိုးများရှိသည့် အထောက်အထားများရှိပါသည်။
    • X=သောက်သုံးရန် မသင့်ပါ။
    • N=အခြေအနေကို မသိရသေးပါ။

    ဘေးထွက်ဆိုးကျိုးများ

    Betamethasone (ဘီတာမက်သဆုန်း) ကိုအသုံးပြုခြင်းဖြင့် ဘယ်လိုဘေးထွက်ဆိုးကျိုးတွေဖြစ်နိုင်သလဲ

    တခြားဆေးတွေလိုပဲ သူ့မှာလည်း ဘေးထွက်ဆိုးကျိုး အနည်းငယ် ရှိနိုင်ပါတယ်။ ဖြစ်လာခဲ့ရင်တောင် များသောအားဖြင့် လက္ခဏာက ပြင်းထန်လေ့မရှိပါဘူး။ ဆေးရပ်လိုက်ရင် ဒါမှမဟုတ် ဆေးပမာဏလျှော့လိုက်ရင် သက်သာသွားပါတယ်။ တွေ့ရတတ်တဲ့ ဘေးထွက်ဆိုးကျိုးတွေကတော့

    • ကလေးတွေမှာ ကြီးထွားမှု တန့်သွားခြင်း
    • ရာသီသွေး မမှန်ခြင်း
    • မျက်နှာတွေ ဖောပြီး အမ်းနေခြင်း
    • ခန္ဓာကိုယ်မှာ အမွေးအမျှင်တွေ ထူလာခြင်း
    • ကိုယ်အလေးချိန် တက်လာခြင်း
    • ဖောရောင်ခြင်း
    • အစားအစားချင်စိတ် များလာခြင်း
    • သွေးတွင်းသကြားဓာတ်တက်လာခြင်း
    • ချွေးစေးပြန်ခြင်း
    • မှိုပိုးဝင်ခြင်း (ဥပမာ – candidiasis)
    • အောင်းနေတဲ့ ရောဂါပိုးတွေ ပြန်ပေါ်ခြင်း
    • အရိုးပွခြင်း
    • အရိုးကျိုးနိုင်ခြေများခြင်း
    • အရွတ်စုတ်ခြင်း
    • စိတ်အခြေအနေနဲ့ အပြုအမူပိုင်း ပြောင်းလဲလာခြင်း
    • အိပ်မပျော်ခြင်း သို့မဟုတ် အိပ်ရေးပျက်ခြင်း
    • မျက်စိအတွင်းပိုင်း ဖိအားတက်လာခြင်း
    • ရေတိမ်ဖြစ်ခြင်း
    • Papilledema
    • အတွင်းတိမ် ဖြစ်ခြင်း
    • အနာကျက်နှေးခြင်း
    • ပါးစပ်ထဲမှာ အနာတွေ ဖြစ်ခြင်း
    • ဝက်ခြံ
    • အရေပြားလာခြင်း စတာတွေ ဖြစ်နိုင်ပါတယ်။

    အောက်ပါလက္ခဏာတွေ ရှိနေရင်တော့ ချက်ချင်းဆေးကုသမှုခံယူဖို့ လိုပါတယ်။

    • အက်ဒရီနယ်လင် ဟော်မုန်းထုတ်လုပ်မှု နည်းလာတာ
      • ပင်ပန်းလွယ်မယ်
      • ကိုယ်အလေးချိန် ကျလာမယ်
      • အစားစားချင်စိတ်နည်းလာမယ်
      • မအီမသာဖြစ်မယ်။ အော့အန်မယ်။ ဝမ်းပျက်မယ်
    • Stevens-Johnson syndrome (SJS) (အန္တရာယ်များပြီး အသက်ဆုံးရှုံးနိုင်ပါတယ်)

    ခုပြောတဲ့ ဘေးထွက်ဆိုးကျိုးတွေက လူတိုင်းမှာ ဖြစ်ချင်မှဖြစ်မှာပါ။ တစ်ဦးနဲ့တစ်ဦးလည်း ကွဲပြားခြားနားမှုရှိနိုင်ပါတယ်။ ဘေးထွက်ဆိုးကျိုးနဲ့ ပတ်သက်ပြီး စိုးရိမ်ပူပန်မှုများရှိနေမယ်ဆိုရင် ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်နဲ့ တိုင်ပင်ဆွေးနွေးပါ။

    ဆေးဓာတ်ပြုမှုများ

    ဘယ်ဆေးတွေက Betamethasone (ဘီတာမက်သဆုန်း) နဲ့ ဓာတ်ပြုနိုင်သလဲ

    Betamethasoneက လောလောဆယ် သောက်သုံးနေတဲ့ တခြားဆေးဝါးတွေနဲ့ ဓာတ်ပြုမှုတွေဖြစ်နိုင်ပြီး ဆေးဝါးတွေရဲ့ အာနိသင်ပြောင်းလဲတာ၊ ဘေးထွက်ဆိုးကျိုးတွေ ပိုခံစားရတာတွေ ဖြစ်နိုင်ပါတယ်။ ဖြစ်လာနိုင်ချေ ပြောင်းလဲမှုတွေဖြစ်နိုင်ပါတယ်။

    မလိုလားအပ်တဲ့ ဆေးဝါးဓာတ်ပြုမှုတွေ ဖြစ်မလာအောင်လို့ သင်လက်ရှိသောက်သုံးနေတဲ့ ဆေးဝါးတွေ အားလုံးရဲ့ စာရင်းကို လုပ်ထားပြီး (စာရင်းလုပ်တဲ့အခါမှာ ဆရာဝန်ညွှန်ကြားထားတာတွေ၊ မညွှန်ကြားဘဲ သောက်သုံးနေတာတွေ၊ သဘာဝဆေးဘက်ဝင်ပစ္စည်းတွေ အားလုံးပါဝင်ပါတယ်) ဆရာဝန် ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်ကို ပြောပြဖို့ လိုပါတယ်။

    ဓာတ်ပြုနိုင်တဲ့ ဆေးဝါးများ

    • CYP3A4 inhibitors
    • တားဆေး သောက်ဆေး
    • Rifampicin, rifabutin
    • Carbamazepine, phenobarbitone, phenytoin, primidone
    • Aminoglutethimide
    • Ephedrine
    • Hypoglycemic agents
    • Antihypertensives
    • Neuromuscular blockers
    • ဆီးဆေး
    • Theophylline
    • Cardiac glycosides
    • Somatotropin
    • Fluoroquinolones
    • Tretinoin
    • NSAIDs
    • Coumarin anticoagulants

    ဆေးဓာတ်ပြုတဲ့ လက္ခဏာတွေ ခံစားရရင် ဆရာဝန်နဲ့ တိုင်ပင်ပါ။ ကိုယ့်သဘောနဲ့ ကိုယ် လုံးဝမရပ်ရပါဘူး။ ဆေးပမာဏပြန်ညှိတာ၊ တခြားဆေးနဲ့ အစားထိုးတာ၊ ဖြည်းဖြည်းချင်း ဆေးရပ်တာတွေ လုပ်ရနိုင်ပါတယ်။

    အစားအသောက်တွေနဲ့ အရက်က Betamethasone (ဘီတာမက်သဆုန်း) နဲ့ ဓာတ်ပြုနိုင်သလား

    Betamethasone (လိမ်းဆေး) က အစားအသောက် ဒါမှမဟုတ် အရက်သေစာနဲ့ ဓာတ်ပြုမှုတွေဖြစ်ပြီး ဆေးဝါး အာနိသင်ပြောင်းတာနဲ့ ဘေးထွက်ဆိုးကျိုးတွေ ဖြစ်လာနိုင်ပါတယ်။ မလိုလားအပ်တဲ့ ဓာတ်ပြုမှုတွေ မဖြစ်လာအောင်လို့ အစားအသောက်၊ အရက်သေစာတွေနဲ့ ဓာတ်ပြုနိုင်ခြေ ရှိ၊ မရှိကို ဆရာဝန် ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်နဲ့ မေးမြန်းတိုင်ပင်ပါ။

    ဘယ်ရောဂါအခြေအနေတွေက Betamethasone (ဘီတာမက်သဆုန်း) နဲ့ ဓာတ်ပြုနိုင်သလဲ

    Betamethasone (လိမ်းဆေး)က သင့်ရဲ့ နဂိုကျန်းမာရေးအခြေအနေတွေအပေါ် သက်ရောက်မှုတွေ ရှိနိုင်ပါတယ်။ သင့်ရဲ့ ကျန်းမာရေးအခြေအနေကို ပိုဆိုးသွားစေတာ ဒါမှမဟုတ် ဆေးအာနိသင် ပြောင်းလဲသွားတာတွေ ဖြစ်နိုင်ပါတယ်။ ဒါ့ကြောင့် သင့်ရဲ့ကျန်းမာရေးအခြေအနေအကုန်လုံးကို သင့်ရဲ့ဆရာဝန် ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်ကို ကြိုတင်အသိပေးဖို့ အရေးကြီပါတယ်။ အထူးသဖြင့်

    • ရေကျောက်ထွက်နေတာ
    • တီဘီရောဂါ ဖြစ်နေတာ
    • မှိုပိုးကူးစက်မှုတွေ၊ ကပ်ပါးပိုး ကူးစက်မှုတွေ ရှိနေတာ
    • Optic neuritis (မျက်စိအာရုံကြော ရောင်ရမ်းခြင်း)
    • Myasthenia gravis ( ကြွက်သားပျော့ခွေ အာရုံကြောရောဂါ)
    • ဆီးချို စတာတွေပါ။

    ဆေးသုံးရန်အညွှန်း

    အခုအချက်အလက်များမှာ ဆေးပညာအကြံပေးမှုကို အစားထိုးရန်အတွက်မဟုတ်ပါ။ ဆေးဝါးများကို အသုံးမပြုခင် ဆရာဝန် သို့မဟုတ် ဆေးဝါးပညာရှင်နဲ့ အမြဲတမ်းတိုင်ပင်ဆွေးနွေးသင့်ပါတယ်။

    အရွယ်ရောက်ပြီးသူတွေအတွက် အသုံးပြုရမယ့်ပမာဏ

    ဓာတ်မတည့်မှုနဲ့ ရောင်ရမ်းခြင်းတွေအတွက်

    • ထိုးဆေးအနေနဲ့ : (as betamethasone Na phosphate): 4-20 mg ကို IM ထိုးဆေး ဒါမှမဟုတ် IV အကြောသွင်းဆေး အနေနဲ့ အချိန် မိနစ်ဝက်ကနေ ၁ မိနစ်အတွင်း ဒါမှမဟုတ် အကြောဆေး အနေနဲ့ တစ်နေ့ကို ၃ ကြိမ် ကနေ ၄ ကြိမ် လိုအပ်သလို လုပ်ဆောင်ပေးလို့ ရပါတယ်။
    • နှာခေါင်းအစက်ချဆေး အနေနဲ့ : တစ်ခါချရင် ၂ စက်ကနေ ၃ စက်နှုန်း တစ်နေ့ကို ၂ ကြိမ်
    • မျက်စဉ်းဆေး အနေနဲ့: ရောဂါဖြစ်နေတဲ့ မျက်စိထဲကို တစ်ခါချရင် ၁ စက် ကနေ ၂ စက်၂ နာရီတိုင်း တစ်ကြိမ်။ လက္ခဏာသက်သာလာတဲ့အခါ အကြိမ်ရေကို လျှော့နိုင်ပါတယ်။
    • သောက်ဆေး: (as betamethasone Na phosphate): တစ်နေ့ကို 0-5-5 mg ရောဂါပြင်းထန်မှုအပေါ်မူတည်ပြီး ဆေးကို ခွဲတိုက်ရမှာပါ။ အကြံပြုထားတာကတော့
      • ကာလတိုကုထုံး အနေနဲ့ : အစောပိုင်းရက်တွေမှာ တစ်နေ့ကို 2-3 mg ။ ဒီကနေမှ ၂ ရက် ကနေ ၅ ရက်တိုင်းမှာ 0.25 ဒါမှမဟုတ် 0.5 mg စီ တုံ့ပြန်မှုကိုလိုက်ပြီး လျှော့ချသွားရပါမယ်။
      • အဆစ်ရောင်နာအတွက်: တစ်နေ့ကို 0.5-2 mg
      • အခြားကျန်းမာရေး အခြေအနေတွေအတွက် : တစ်နေ့ကို 1.5 ကနေ 5 mg ၁ ပတ် ကနေ ၃ ပတ်အထိ၊ ဒီကနေမှ ဆေးကို နည်းနည်းချင်း လျှော့သွားပါမယ်။

    စတီးရွိုက်ပါတဲ့ဆေးကို တုံ့ပြန်တဲ့ အရေပြားပြဿနာ

    • 0.05% betamethasone dipropionate: အရေပြားပြဿနာရှိတဲ့နေရာကို တစ်နေ့ကို ၁ ကြိမ် ကနေ ၂ ကြိမ် ၂ ပတ်အထိ ၂ပတ်။
    • 0.025 or 0.1% betamethasone valerate ခရင်မ်: အရေပြားပြဿနာရှိတဲ့နေရာကို ခပ်ပါးပါး တစ်နေ့ကို ၁ ကြိမ် ကနေ ၃ ကြိမ် လိမ်းပေးရပါမယ်။ ၄ ပတ် ဒါမှမဟုတ် လက္ခဏာတွေ မသက်သာမချင်း လိမ်းပေးရပါမယ်။
    • 0.1% betamethasone valerate ဆေးရည်: အရေပြားပြဿနာရှိတဲ့နေရာကို တစ်နေ့ကို ၂ ကြိမ် ခပ်ပါးပါး ပွတ်လိမ်းပေးရပါမယ်။
    • 0.12% betamethasone valerate foam: တစ်နေ့ကို ၂ ကြိမ် ဦးရေပြားပေါ်မှာ လိမ်းကျံနှိပ်နယ်ပေးရပါမယ်။

    ကလေးတွေအတွက် အသုံးပြုရမယ့်ပမာဏ

    ဓာတ်မတည့်မှုနဲ့ ရောင်ရမ်းခြင်းတွေအတွက်

    • ထိုးဆေးရည်: (as betamethasone Na phosphate):
      • အသက် ၁ နှစ်အောက် : 1 mg
      • ၁ နှစ် ကနေ ၅ နှစ် : 2 mg
      • ၆ နှစ် ကနေ ၁၂ နှစ်: 4 mg.
      • အကြောဆေးသွင်းတာ၊ ပုလင်းချိတ်တာမျိုးဆိုရင် တစ်နေ့ကို ၃ ကြိမ် ကနေ ၄ ကြိမ် လိုအပ်သလို အသုံးပြုလို့ ရပါတယ်။
    • သောက်ဆေး: ဆေးပမာဏက အရွယ်ရောက်ပြီးသူတွေ သောက်တဲ့ ဆေးပမာဏကိုမှ ကလေးအသက်အရွယ်ကို လိုက်ပြီး ကွာခြားနိုင်ပါတယ်။
      • အသက် ၁ နှစ် : အရွယ်ရောက်ပြီးသူတွေ အသုံးပြုတဲ့ ဆေးပမာဏရဲ့ ၂၅% (၄ပုံတစ်ပုံပါ)
      • အသက် ၁ နှစ် ကနေ ၇ နှစ် : အရွယ်ရောက်ပြီးသူတွေ အသုံးပြုတဲ့ ဆေးပမာဏရဲ့ ၅၀% (တဝက်ပါ)
      • ၇ နှစ် ကနေ ၁၂ နှစ် : အရွယ်ရောက်ပြီးသူတွေ အသုံးပြုတဲ့ ဆေးပမာဏရဲ့ ၇၅% (၄ပုံသုံးပုံပါ)

    Betamethasone (ဘီတာမက်သဆုန်း) ကိုဘယ်လိုရရှိနိုင်သလဲ

    Betamethasone ကို အောက်ပါ ပုံစံမျိုး၊ ပြင်းအားမျိုးတို့ဖြင့် ဝယ်ယူရရှိနိုင်ပါတယ်။

    • 0.05% betamethasone dipropionate
    • cream 1 mg/g betamethasone valerate
    • ointment 1 mg/g betamethasone valerate
    • scalp lotion 1 mg/mL betamethasone valerate
    • suspension for injection, 3 mg/mL betamethasone Na phosphate + 3 mg/mL betamethasone acetate
    • cream 0.1% betamethasone valerate

    ရေးပေါ်အခြေအနေတွေ၊ ဆေးပမာဏလွန်သွားတဲ့ အခြေအနေတွေမှာ ဘာလုပ်သင့်သလဲ။

    အရေးပေါ်အခြေအနေ သို့မဟုတ် ဆေးပမာဏလွန်သွားတဲ့ အခြေအနေတွေမှာ အရေးပေါ်ဆေးရုံဆေးခန်းများမှာ သွားရောက်ကုသမှုခံယူပါ။

    ဆေးလိမ်းဖို့ လွတ်သွားခဲ့ရင် (မေ့သွားခဲ့ရင်) ဘာလုပ်ရမလဲ။

    Betamethasoneကို သုံးဖို့ လွတ်သွားခဲ့ပါက (မေ့ခဲ့ပါက) သတိရတဲ့အချိန်မှာ အမြန်ဆုံးသုံးပါ။ ဒါပေမယ့် နောက်တစ်ကြိမ်မှ သတိရတယ်ဆိုရင်တော့ လွတ်သွားတဲ့ဆေးကို ထားလိုက်ပါ။ ပုံမှန်အတိုင်းပဲ ဆက်သုံးပါ။ ဆေးနှစ်ကြိမ် သုံးတာမျိုး မလုပ်ပါနဲ့။

    Hello Sayarwon Panel
    Fact Checked by Hello Sayarwon Panel · Written by Phyo Wai Yan · Updated 16/11/2022

    Was this article helpful?