backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

Aspirin (အက်စ်ပရင်)

မှ အချက်အလက် စစ်ဆေးထားပါသည်။ Hello Sayarwon Panel


Hello Sayarwon Panel မှ ရေးသားသည်။ · 04/10/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

Aspirin (အက်စ်ပရင်)

Aspirin (အက်စ်ပရင်) ဆိုတာ Acetylsalicylic acid (ASA) ဖြစ်ပြီး Nonsteroidal anti-inflammatory drug (NSAID) အမျိုးအစား အကိုက်အခဲပျောက်ဆေး ဖြစ်ပါတယ်။ အရောင်လည်း ကျစေပါတယ်။ သွေးကျဲဆေးအနေနဲ့လည်း အသုံးပြုနိုင်ပါတယ်။ ဆေးပမာဏပေါ် မူတည်ပြီး အသုံးပြုတဲ့ပုံစံ ကွာခြားသွားပါတယ်။

အသုံးပြုပုံများ

Aspirin (အက်စ်ပရင်) ကို ဘာအတွက်အသုံးပြုကြသလဲ

Asprin ကို

  • နာကျင်မှု လျော့ပါးစေရန်
  • အဖျားသက်သာစေရန်
  • အရောင်ကျစေရန်
  • နှလုံးရောဂါ၊ လေဖြတ်ခြင်းနဲ့ ရင်ဘတ်အောင့်ခြင်းတို့ကို ကာကွယ်ရန်
  • သွေးကြောခွဲစိတ်မှုများပြုလုပ်ရန်
  • ခေါင်းတစ်ခြမ်းကိုက် မိုက်ဂရင်းရောဂါ သက်သာစေရန်
  • သွေးမခဲစေရန်
  • ကိုယ်ဝန်ဆိပ်တက်ခြင်းကို ကာကွယ်ရန် အသုံးပြုကြပါတယ်။

Aspirin (အက်စ်ပရင်) ဘယ်လို သောက်သုံးသင့်သလဲ

ဆေးသောက်နည်း အသေးစိတ်ကို ဆေးညွှန်းမှာ သေချာဖတ်ပါ။ ရက်လွန်မလွန် စစ်ဆေးပါ။

သောက်ဆေးအနေနဲ့ဆိုရင်တော့ မဝါးဘဲ၊ မချေဘဲ၊ ရေနဲ့ မဖျော်ဘဲ ရေနဲ့မျိုချပြီး သောက်ရပါမယ်။ အစာအိမ်မထိခိုက်စေဖို့ အစာစားပြီးမှ သောက်ရပါမယ်။

Aspirin (အက်စ်ပရင်) ဘယ်လိုသိမ်းဆည်းရမလဲ

Aspirin ကို အခန်းအပူချိန်မှာ သိုလှောင်ထားနိုင်ပါတယ်။ တိုက်ရိုက်နေရောင်ခြည်မထိအောင်နဲ့ စိုစွတ်မှုမရှိအောင်ထားပါ။ ဆေးမပျက်စီးစေဖို့ ရေချိုးခန်းထဲမှာ သိမ်းဆည်းတာနဲ့ ရေခဲပြီး သိမ်းဆည်းတာတွေမပြုလုပ်ပါနဲ့။

ဆေးထုတ်လုပ်တဲ့ ကုမ္ပဏီကွဲပြားမှုပေါ်မူတည်ပြီး သိမ်းဆည်းတဲ့ပုံစံ ကွဲပြားခြားနားမှုရှိနိုင်ပါတယ်။ ဒီအတွက် ဆေးဘူးအခွံမှာပါတဲ့ သိုလှောင်သိမ်းဆည်းမှုညွှန်ကြားချက်ကို ကြည့်ရှုစစ်ဆေးတာမျိုး ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်ကို မေးမြန်းတာမျိုး အမြဲလုပ်ပါ။ လုံခြုံစိတ်ချရဖို့အတွက် ဆေးဝါးတွေအကုန်လုံးကို ကလေးတွေ၊ အိမ်မွေးတိရိစ္ဆာန်တွေနဲ့ ဝေးရာမှာထားပါ။

ဆေးကို အိမ်သာထဲကိုပစ်ချတာနဲ့ ရေထွက်ပေါက်တွေထဲကနေ သွန်ချတာမျိုးကို မလုပ်သင့်ပါဘူး။ ဒါ့ပြင် ဆေးဝါးတွေကို မလိုအပ်တော့တဲ့အခါ ဒါမှမဟုတ် သက်တမ်းကုန်ဆုံးသွားတဲ့အခါတွေမှာ စနစ်တကျစွန့်ပစ်ဖို့ အရေးကြီးပါတယ်။ ဆေးဝါးတွေကို စနစ်တကျဘယ်လိုစွန့်ပစ်ရမယ်ဆိုတာနဲ့ ပတ်သက်ပြီး သင့်ရဲ့ဆေးဝါးကျွမ်းကျင်ပညာရှင်နဲ့ တိုင်ပင်ပါ။

ကြိုတင်အသိပေးချက်နှင့် သတိပြုရန်အချက်များ

Aspirin (အက်စ်ပရင်) အသုံးမပြုခင် ဘာတွေသိသင့်သလဲ

Aspirin မသောက်သုံးခင် အောက်ပါအခြေအနေတွေရှိရင် ဆရာဝန်ကို ပြောပြသင့်ပါတယ်။

  • ကိုယ်ဝန်ရှိရင် ဒါမှမဟုတ် ကလေးနို့တိုက်နေရင်။
  • တခြားစွဲသောက်နေတဲ့ ဆေးတွေရှိရင် (ဆရာဝန်ညွှန်ကြားထားတဲ့ဆေး၊ ဆေးဆိုင်ကနေ ဝယ်သောက်နေတဲ့ဆေး၊ သစ်ဥသစ်ဖု၊ အခြားဆေး)
  • ဆေးရဲ့ ပါဝင်ပစ္စည်းတွေနဲ့ ဓာတ်မတည့်ရင်
  • တခြားရောဂါအခံတွေ ရှိနေရင်

ကိုယ်ဝန်ဆောင်နေချိန် ဒါမှမဟုတ် ကလေးနို့တိုက်နေချိန်မှာ Aspirin (အက်စ်ပရင်) ကိုသုံးစွဲဖို့ စိတ်ချရပါသလား

Salicylates က သောက်ပြီးသွားရင် ချက်ကြိုးနဲ့ မိခင်နို့ထဲမှာ ကျန်နေတတ်ပါတယ်။ ပမာဏနည်းတဲ့ Low-dose aspirinက ပမာဏများတဲ့ high-dose aspirinထက် ဆိုးကျိုးနည်းပါတယ်။ ကိုယ်ဝန်ဆောင်မိခင်များအနေနဲ့ ကိုယ်ဝန် ၂၀ပတ်ကစပြီး မွေးတဲ့အထိ ဆရာဝန်ညွှန်ကြားချက်မပါဘဲ Aspirin သောက်တာကို ဆင်ခြင်သင့်ပါတယ်။ နို့တိုက်မိခင်တွေ အကိုက်အခဲပျောက်ဆေးသောက်ချင်တယ်ဆိုရင်တော့ Aspirin မဟုတ်တဲ့ တခြားအမျိုးအစားတွေက ပိုသင့်တော်ပါတယ်။

ဘေးထွက်ဆိုးကျိုးများ

Aspirin (အက်စ်ပရင်) ကိုအသုံးပြုခြင်းဖြင့် ဘယ်လိုဘေးထွက်ဆိုးကျိုးတွေဖြစ်နိုင်သလဲ

တခြားဆေးတွေလိုပဲ သူ့မှာလည်း ဘေးထွက်ဆိုးကျိုး အနည်းငယ် ရှိနိုင်ပါတယ်။ ဖြစ်လာခဲ့ရင်တောင် များသောအားဖြင့် လက္ခဏာက ပြင်းထန်လေ့မရှိပါဘူး။ ဆေးရပ်လိုက်ရင် ဒါမှမဟုတ် ဆေးပမာဏလျှော့လိုက်ရင် သက်သာသွားပါတယ်။ တွေ့ရတတ်တဲ့ ဘေးထွက်ဆိုးကျိုးတွေကတော့

  • ဗိုက်အောင့်ခြင်း
  • ရင်ပူခြင်း
  • ခေါင်းမူးခြင်း
  • လေးလံထိုင်းမိုင်းခြင်း တို့ဖြစ်တတ်ပါတယ်။

ဒီလက္ခဏာတွေပေါ်လာရင်တော့ ဆေးသောက်တာကို ရပ်ပြီး ဆရာဝန်နဲ့ ချက်ချင်းပြသင့်ပါတယ်။

  • နားအူခြင်း
  • သတိမကောင်းခြင်း
  • ထင်ယောင်မြင်မှားတွေ ဖြစ်ခြင်း
  • အသက်ရှူမြန်လာခြင်း
  • တက်ခြင်း
  • အလွန်အကျွံပျို့ခြင်း
  • အန်ခြင်း
  • ဗိုက်အလွန်အောင့်ခြင်း
  • ဝမ်းမည်းမည်းသွားခြင်း၊ ဝမ်းထဲ သွေးပါခြင်း
  • ချောင်းဆိုးသွေးပါ ဒါမှမဟုတ် ကော်ဖီနှစ်အရောင်များ အန်ခြင်း
  • ၃ရက်ထက် အဖျားကြာခြင်း
  • ၁၀ရက်ကျော်ကြာတာတောင် ရောင်ရမ်းနာကျင်တာတွေ မသက်သာခြင်း စတာတွေ ဖြစ်လာရင်ပါ။

ခုပြောတဲ့ ဘေးထွက်ဆိုးကျိုးတွေက လူတိုင်းမှာ ဖြစ်ချင်မှဖြစ်မှာပါ။ တစ်ဦးနဲ့တစ်ဦးလည်း ကွဲပြားခြားနားမှုရှိနိုင်ပါတယ်။ ဘေးထွက်ဆိုးကျိုးနဲ့ ပတ်သက်ပြီး စိုးရိမ်ပူပန်မှုများရှိနေမယ်ဆိုရင် ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်နဲ့ တိုင်ပင်ဆွေးနွေးပါ။

ဆေးဝါးဓာတ်ပြုမှုများ

ဘယ်ဆေးတွေက Aspirin (အက်စ်ပရင်) နဲ့ ဓာတ်ပြုနိုင်သလဲ

Aspirin က လောလောဆယ် သောက်သုံးနေတဲ့ တခြားဆေးဝါးတွေနဲ့ ဓာတ်ပြုမှုတွေဖြစ်နိုင်ပြီး ဆေးဝါးတွေရဲ့ အာနိသင်ပြောင်းလဲတာ၊ ဘေးထွက်ဆိုးကျိုးတွေ ပိုခံစားရတာတွေ ဖြစ်နိုင်ပါတယ်။

မလိုလားအပ်တဲ့ ဆေးဝါးဓာတ်ပြုမှုတွေ ဖြစ်မလာအောင်လို့ သင်လက်ရှိသောက်သုံးနေတဲ့ ဆေးဝါးတွေ အားလုံးရဲ့ စာရင်းကို လုပ်ထားပြီး (စာရင်းလုပ်တဲ့အခါမှာ ဆရာဝန်ညွှန်ကြားထားတာတွေ၊ မညွှန်ကြားဘဲ သောက်သုံးနေတာတွေ၊ သဘာဝဆေးဘက်ဝင်ပစ္စည်းတွေ အားလုံးပါဝင်ပါတယ်) ဆရာဝန် ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်ကို ပြောပြဖို့ လိုပါတယ်။

ဓာတ်ပြုနိုင်တဲ့ ဆေးဝါးများ

  • စတီးရွိုက်များ
  • သွေးမခဲဆေးများ
  • သွေးကျဲဆေးများ
  • Carbonic anhydrase inhibitors
  • Sulfonylureas
  • Phenytoin, valproate
  • Probenecid, sulfinpyrazone
  • Lithium
  • Digoxin
  • အခြား NSAIDsများ
  • Methotrexate
  • Ginkgo biloba

ဆေးဓာတ်ပြုတဲ့ လက္ခဏာတွေ ခံစားရရင် ဆရာဝန်နဲ့ ချက်ချင်းတိုင်ပင်ပါ။ ဆေးပမာဏပြန်ညှိတာ၊ တခြားဆေးနဲ့ အစားထိုးတာ၊ ဆေးရပ်တာတွေ လုပ်ရနိုင်ပါတယ်။

အစားအသောက်တွေနဲ့ အရက်က Aspirin (အက်စ်ပရင်) နဲ့ ဓာတ်ပြုနိုင်သလား

Aspirin က အစားအသောက် ဒါမှမဟုတ် အရက်သေစာနဲ့ ဓာတ်ပြုမှုတွေဖြစ်ပြီး ဆေးဝါး အာနိသင်ပြောင်းတာနဲ့ ဘေးထွက်ဆိုးကျိုးတွေ ဖြစ်လာနိုင်ပါတယ်။ ဆေးသောက်နေတဲ့ရက်တွေမှာ အစာအိမ်ထိခိုက်တာမျိုး မဖြစ်အောင် အရက်သောက်တာကို ရှောင်ပါ။ မလိုလားအပ်တဲ့ ဓာတ်ပြုမှုတွေ မဖြစ်လာအောင်လို့ အစားအသောက်၊ အရက်သေစာတွေနဲ့ ဓာတ်ပြုနိုင်ခြေ ရှိ၊ မရှိကို ဆရာဝန် ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်နဲ့ မေးမြန်းတိုင်ပင်ပါ။

ဘယ်ရောဂါအခြေအနေတွေက Aspirin (အက်စ်ပရင်) နဲ့ ဓာတ်ပြုနိုင်သလဲ

Aspirin က သင့်ရဲ့ နဂိုကျန်းမာရေးအခြေအနေတွေအပေါ် သက်ရောက်မှုတွေ ရှိနိုင်ပါတယ်။ သင့်ရဲ့ ကျန်းမာရေးအခြေအနေကို ပိုဆိုးသွားစေတာ ဒါမှမဟုတ် ဆေးအာနိသင် ပြောင်းလဲသွားတာတွေ ဖြစ်နိုင်ပါတယ်။ ဒါ့ကြောင့် သင့်ရဲ့ကျန်းမာရေးအခြေအနေအကုန်လုံးကို သင့်ရဲ့ဆရာဝန် ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်ကို ကြိုတင်အသိပေးဖို့ အရေးကြီပါတယ်။ အထူးသဖြင့်

  • ခန္ဓာကိုယ်မှာ သွေးယိုနေရင်
  • အစာအိမ်နဲ့ အူအနာတွေ ရှိနေရင်
  • သွေးရောဂါတွေ ရှိနေရင်
  • ကလေးတွေမှာ ဗိုင်းရပ်စ်ကူးစက်ရောဂါတွေ ရှိနေရင်ပါ။

သောက်သုံးရန်အညွှန်း

အခုအချက်အလက်များမှာ ဆေးပညာအကြံပေးမှုကို အစားထိုးရန်အတွက်မဟုတ်ပါ။ ဆေးဝါးများကို အသုံးမပြုခင် ဆရာဝန် သို့မဟုတ် ဆေးဝါးပညာရှင်နဲ့ အမြဲတမ်းတိုင်ပင်ဆွေးနွေးသင့်ပါတယ်။

အရွယ်ရောက်ပြီးသူတွေအတွက် Aspirin (အက်စ်ပရင်) ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

အကိုက်အခဲနဲ့ အဖျားပျောက်ခြင်းအတွက်

၃၂၅မီလီဂရမ်မှ ၁ဂရမ်ကို ၄-၆နာရီခြားတစ်ကြိမ် လိုသလို သောက်နိုင်ပါတယ်။ တစ်ရက်ကို ၄ဂရမ်ထိ သောက်နိုင်ပါတယ်။

အဆစ်ရောင်ခြင်းအတွက်

တစ်ရက်ကို ၄-၅ဂရမ် ၄-၅ကြိမ်ခွဲပြီး လိုသလို သောက်နိုင်ပါတယ်။ ရောဂါသက်သာခြင်းနဲ့ မိမိခံနိုင်ရည်ပေါ် မူတည်ပြီး ဆေးအတိုးအလျော့ လုပ်နိုင်ပါတယ်။ လက္ခဏာသက်သာတဲ့အထိ သောက်နိုင်ပါတယ်။ များသောအားဖြင့် ၁-၂ပတ်အတွင်း သက်သာတတ်ပါတယ်။ ၈ပတ်လောက်ထိ ကြာတာမျိုးလည်း ရှိပါတယ်။

နှလုံးသွေးကြောကျဉ်းခြင်းအတွက်

၇၅-၁၀၀ မီလီဂရမ် တစ်ရက်တစ်ကြိမ် သောက်နိုင်ပါတယ်။

မိုက်ဂရင်းအတွက်

တစ်ခါသောက် ၉၀၀-၁၀၀၀ မီလီဂရမ် လိုသလို သောက်နိုင်ပါတယ်။

နှလုံးအမြှေးပါးရောင်ရမ်းခြင်းအတွက်

စစချင်းမှာတော့ လက္ခဏာသက်သာတဲ့အထိ  ၆၅၀မီလီဂရမ်-၁ဂရမ် ၈နာရီခြား သောက်နိုင်ပါတယ်။ နောက်ပိုင်းမှာတော့ ဆေးကို တစ်ပတ်မှာ ၂၅၀-၅၀၀ မီလီဂရမ်ဆီ ဖြည်းဖြည်းချင်း လျှော့သွားနိုင်ပါတယ်။

ကိုယ်ဝန်ဆိပ်တက်ခြင်းအတွက်

တစ်ရက်ကို ၈၁-၁၆၂ မီလီဂရမ် တစ်ကြိမ် သောက်နိုင်ပါတယ်။ ကိုယ်ဝန်ပတ် ၁၂ပတ်နဲ့ ၁၆ပတ်ကြားမှာ စသောက်ရတတ်ပါတယ်။ ကိုယ်ဝန်ပတ် ၂၈ပတ်အထိ သောက်ရတတ်ပါတယ်။ လိုအပ်ရင် ဆရာဝန်ညွှန်ကြားချက်နဲ့ မွေးတဲ့အထိ သောက်ရနိုင်ပါတယ်။

သွေးမခဲစေဖို့အတွက်

၇၅-၁၀၀ မီလီဂရမ် တစ်ရက်တစ်ကြိမ် သောက်နိုင်ပါတယ်။

ကလေးတွေအတွက် Aspirin (အက်စ်ပရင်) ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

၁၈နှစ်အောက်ကလေး ဒါမှမဟုတ် ဗိုင်းရပ်စ်ပိုးကူစက်ခံထားရတဲ့ ကလေးကို Aspirin မပေးရပါ။ ကလေးတွေကို အသက်အန္တရာယ်ရှိတဲ့ Reye syndrome ဖြစ်နိုင်လို့ပါ။

၁၂နှစ်အထက်၊ ကိုယ်အလေးချိန် ၅၀ ကီလိုဂရမ်အထက် 

၃၂၅-၆၅၀ မီလီဂရမ်ကို ၄-၆နာရီခြားတစ်ကြိမ်ပေးနိုင်ပါတယ်။ တစ်ရက်ကို အများဆုံး ၄၀၀၀ မီလီဂရမ် ပေးနိုင်ပါတယ်။

ကိုယ်အလေးချိန် ၅၀ ကီလိုဂရမ်အောက်

လေ့လာချက်များများစားစားမရှိပါ။ ကိုယ်အလေးချိန် ၁ ကီလိုဂရမ်အတွက် ၁၀-၁၅ မီလီဂရမ် တစ်ခါသောက်ဆေးပမာဏ (10 to 15 mg/kg/dose) ကို ၄-၆နာရီခြားတစ်ကြိမ် ပေးနိုင်ပါတယ်။ အများဆုံးက တစ်နေ့ကို ကိုယ်အလေးချိန် ၁ ကီလိုဂရမ်အတွက် ၉၀ မီလီဂရမ် ဆေးပမာဏ (90 mg/kg/day) ဒါမှမဟုတ် တစ်ရက်ကို ၄၀၀၀ မီလီဂရမ်။ နှစ်ခုအနက် ပိုနည်းတဲ့ ပမာဏကို ပေးနိုင်ပါတယ်။

Aspirin (အက်စ်ပရင်) ကိုဘယ်လိုရရှိနိုင်သလဲ

Asprin ကို

  • Capsuleအမာ: 81 mg, 325 mg, 500 mg
  • Capsule: 162.5 mg, 325 mg
  • စအိုဆေးတောင့်: 300 mg, 600 mg
  • ဆေးပြား: 81 mg, 325 mg
  • ဝါးစားနိုင်တဲ့ ဆေးပြား: 81 mg

ဆေးပုံစံနဲ့ ပမာဏက နိုင်ငံအလိုက်၊ ဆေးကုမ္ပဏီအလိုက် ပြောင်းလဲမှု ရှိနိုင်ပါတယ်။

ရေးပေါ်အခြေအနေတွေ၊ ဆေးပမာဏလွန်သွားတဲ့ အခြေအနေတွေမှာ ဘာလုပ်သင့်သလဲ။

အရေးပေါ်အခြေအနေ သို့မဟုတ် ဆေးပမာဏလွန်သွားတဲ့ အခြေအနေတွေမှာ အရေးပေါ်ဆေးရုံဆေးခန်းများမှာ သွားရောက်ကုသမှုခံယူပါ။

ဆေးသောက်ဖို့ လွတ်သွားခဲ့ရင် (မေ့သွားခဲ့ရင်) ဘာလုပ်ရမလဲ။

Aspirinကို သောက်သုံးဖို့ လွတ်သွားခဲ့ပါက (မေ့ခဲ့ပါက) သတိရတဲ့အချိန်မှာ အမြန်ဆုံးသောက်သုံးပါ။ ဒါပေမယ့် နောက်တစ်ကြိမ်သောက်ရမယ့်အချိန်မှ သတိရတယ်ဆိုရင်တော့ လွတ်သွားတဲ့ဆေးကို ထားလိုက်ပါ။ ပုံမှန်အတိုင်းပဲ ဆက်သောက်ပါ။ ဆေးနှစ်ခါ သောက်တာမျိုး မလုပ်ပါနဲ့။

ရေးသားသူ- Dr Zin Thu Thu Win

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

မှ အချက်အလက် စစ်ဆေးထားပါသည်။

Hello Sayarwon Panel


Hello Sayarwon Panel မှ ရေးသားသည်။ · 04/10/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

advertisement iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

advertisement iconadvertisement
advertisement iconadvertisement