brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

Amoxicillin (အမောက်စလင်)

Amoxicillin (အမောက်စလင်)

Amoxicillin (အမောက်စလင်)

Amoxicillin (အမောက်စလင်) ဆိုတာ ပင်နီဆလင်အမျိုးအစား ပိုးသတ်ဆေးဖြစ်ပါတယ်။ ဘက်တီးရီးယားတွေရဲ့ ဆဲလ်နံရံမှာ ရှိတဲ့ penicillin-binding proteins (PBPs)မှာ သွားပေါင်းပြီး နံရံတွေကို ပျက်စီးစေတဲ့နည်းနဲ့ ဘက်တီးရီးယားတွေကို နှိမ်နင်းပစ်ပါတယ်။ ဒါပေမယ့် ဗိုင်းရပ်စ်ကြောင့်ဖြစ်တဲ့ ရောဂါများအတွက်တော့ အသုံးမဝင်ပါ။

အသုံးပြုပုံများ

Amoxicillin (အမောက်စလင်) ကို ဘာအတွက်အသုံးပြုကြသလဲ

  • အသက်ရှူလမ်းကြောင်းပိုးဝင်ခြင်းအပါအဝင် နား၊ နှာခေါင်း၊ လည်ချောင်းပိုးဝင်ခြင်းများ (ဥပမာ နားပိုးဝင်ရောင်ရမ်းခြင်း)
  • အစာအိမ်အူလမ်းကြောင်း ပိုးဝင်ခြင်းများ
  • ဆီးလမ်းကြောင်း ပိုးဝင်ခြင်းများ
  • အရေပြားပိုးဝင်ခြင်းများ
  • အရိုးပိုးဝင်ခြင်းများ
  • သည်းခြေအိတ်နဲ့ သည်းခြေပြွန် ပိုးဝင်ခြင်းများ
  • အစာအိမ်ပိုးလို့ အသိများတဲ့ H. pylori ကူးခံရတဲ့အခါ (အခြားဆေးများနဲ့ တွဲဖက်ပြီး)
  • Lyme ရောဂါ
  • သွားပြည်တည်နာ (သွားဆရာဝန်ရဲ့ ညွှန်ကြားချက်ဖြင့်)

Amoxicillin (အမောက်စလင်) ဘယ်လိုသောက်သုံးသင့်သလဲ

Amoxicillin သည် သောက်ဆေးတောင့် (capsule) အနေနဲ့ လာလေ့ရှိပြီး မဝါးဘဲ၊ ဆေးကို မပွင့်စေဘဲ သောက်သုံးရပါမယ်။ ဆေးရည်၊ အစက်ချဆေးဆိုရင်တော့ ရေသန့်သန့်နဲ့ သောက်နိုင်ပါတယ်။ အစာရှိရှိ မရှိရှိ သောက်နိုင်ပါတယ်။ ဆေးကို ရေများများနဲ့ သောက်ပေးပါ။

Amoxicillin (အမောက်စလင်) ဘယ်လိုသိမ်းဆည်းရမလဲ

Amoxicillinကို အခန်းအပူချိန် (<30′)မှာ သိုလှောင်ထားနိုင်ပါတယ်။ တိုက်ရိုက်နေရောင်ခြည်မထိုးအောင်နဲ့ စိုစွတ်မှုမရှိအောင်ထားပါ။ ဆေးမပျက်စီးစေဖို့

ရေချိုးခန်းထဲမှာ သိမ်းဆည်းတာနဲ့ ရေခဲပြီး သိမ်းဆည်းတာတွေမပြုလုပ်ပါနဲ့။

ဆေးထုတ်လုပ်တဲ့ ကုမ္ပဏီကွဲပြားမှုပေါ်မူတည်ပြီး သိမ်းဆည်းတဲ့ပုံစံ ကွဲပြားခြားနားမှုရှိနိုင်ပါတယ်။ ဒီအတွက် ဆေးဘူးအခွံမှာပါတဲ့ သိုလှောင်သိမ်းဆည်းမှုညွှန်ကြားချက်ကို ကြည့်ရှုစစ်ဆေးတာမျိုး ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်ကို မေးမြန်းတာမျိုး အမြဲလုပ်ပါ။ လုံခြုံစိတ်ချရဖို့အတွက် ဆေးဝါးတွေအကုန်လုံးကို ကလေးတွေ၊ အိမ်မွေးတိရိစ္ဆာန်တွေနဲ့ ဝေးရာမှာထားပါ။

ဆေးကို အိမ်သာထဲကိုပစ်ချတာနဲ့ ရေထွက်ပေါက်တွေထဲကနေ သွန်ချတာမျိုးကို မလုပ်သင့်ပါဘူး။ ဒါ့ပြင် ဆေးဝါးတွေကို မလိုအပ်တော့တဲ့အခါ ဒါမှမဟုတ် သက်တမ်းကုန်ဆုံးသွားတဲ့အခါတွေမှာ စနစ်တကျစွန့်ပစ်ဖို့ အရေးကြီးပါတယ်။ ဆေးဝါးတွေကို စနစ်တကျဘယ်လိုစွန့်ပစ်ရမယ်ဆိုတာနဲ့ ပတ်သက်ပြီး သင့်ရဲ့ဆေးဝါးကျွမ်းကျင်ပညာရှင်နဲ့ တိုင်ပင်ပါ။

ကြိုတင်အသိပေးချက်နှင့် သတိပြုရန်အချက်များ

Amoxicillin (အမောက်စလင်) အသုံးမပြုခင် ဘာတွေသိသင့်သလဲ

Amoxicillin မသောက်သုံးခင် အောက်ပါအခြေအနေတွေရှိရင် ဆရာဝန်ကို ပြောပြသင့်ပါတယ်။

  • ကိုယ်ဝန်ရှိရင် ဒါမှမဟုတ် ကလေးနို့တိုက်နေရင်
  • တခြားစွဲသောက်နေတဲ့ ဆေးတွေရှိရင် (ဆရာဝန်ညွှန်ကြားထားတဲ့ဆေး၊ ဆေးဆိုင်ကနေ ဝယ်သောက်နေတဲ့ဆေး၊ သစ်ဥသစ်ဖု၊ အခြားဆေး)
  • ဆေးရဲ့ ပါဝင်ပစ္စည်းတွေနဲ့ ဓာတ်မတည့်ရင်
  • တခြားရောဂါအခံတွေ ရှိနေရင်

ကိုယ်ဝန်ဆောင်နေချိန် ဒါမှမဟုတ် ကလေးနို့တိုက်နေချိန်မှာ Amoxicillin (အမောက်စလင်) ကို သုံးစွဲဖို့ စိတ်ချရပါသလား

ဒီဆေးဝါးကို ကိုယ်ဝန်ဆောင်နေချိန် ဒါမှမဟုတ် ကလေးနို့တိုက်နေချိန်တွင် သောက်တဲ့အခါ ဆိုးကျိုးများရှိမရှိအတွက် လုံလောက်တဲ့ လေ့လာစမ်းသပ်ချက်တွေ မရှိသေးပါ။ ဒါကြောင့် ဆေးမသောက်သုံးမီမှာ ဖြစ်နိုင်တဲ့ ကောင်းကျိုး၊ ဆိုးကျိုး ချိန်ဆနိုင်ဖို့ ဆရာဝန်နဲ့ တိုင်ပင်ပါ။

ဒီဆေးကို အမေရိကန်ပြည်ထောင်စု အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးအဖွဲ့ရဲ့ သတ်မှတ်ချက်အရ ကိုယ်ဝန်ဆောင်များတွင် ထိခိုက်နိုင်ခြေအဆင့် B ရှိသည်ဟု သတ်မှတ်ထားပါတယ်။

အမေရိကန်ပြည်ထောင်စု အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးအဖွဲ့ရဲ့ကိုယ်ဝန်ဆောင်များတွင် ထိခိုက်နိုင်ခြေအဆင့် သတ်မှတ်ချက်များမှာ အောက်ပါအတိုင်းဖြစ်ပါတယ်။

  • A=ဆိုးကျိုးမရှိပါ။
  • B=လေ့လာမှုအချို့အရ ဆိုးကျိုးမရှိပါ။
  • C=ဆိုးကျိုးအချို့ ရှိနိုင်ပါသည်။
  • D= ဆိုးကျိုးများရှိသည့် အထောက်အထားများရှိပါသည်။
  • X=သောက်သုံးရန် မသင့်ပါ။
  • N=အခြေအနေကို မသိရသေးပါ။

ဘေးထွက်ဆိုးကျိုးများ

Amoxicillin (အမောက်စလင်) ကိုအသုံးပြုခြင်းဖြင့် ဘယ်လိုဘေးထွက်ဆိုးကျိုးတွေ ဖြစ်နိုင်သလဲ

တခြားဆေးတွေလိုပဲ သူ့မှာလည်း ဘေးထွက်ဆိုးကျိုး အနည်းငယ် ရှိနိုင်ပါတယ်။ ဖြစ်လာခဲ့ရင်တောင် များသောအားဖြင့် လက္ခဏာက ပြင်းထန်လေ့မရှိပါဘူး။ ဆေးရပ်လိုက်ရင် ဒါမှမဟုတ် ဆေးပမာဏလျှော့လိုက်ရင် သက်သာသွားပါတယ်။ တွေ့ရတတ်တဲ့ ဘေးထွက်ဆိုးကျိုးတွေကတော့

  • ပျို့အန်ခြင်း
  • ဝမ်းလျှောခြင်း
  • လျှာထူပြီး မည်းခြင်း
  • အူမကြီးရောင်ရမ်းခြင်း
  • မပြင်းထန်သော ဓာတ်မတည့်တုံ့ပြန်မှုများ
  • သွားအရောင်ပြောင်းခြင်း

ရှားပါးပေမယ့် ဖြစ်လာခဲ့ရင် ပြင်းထန်နိုင်တဲ့ ဘေးထွက်ဆိုးကျိုးများတွေကတော့

ခုပြောတဲ့ ဘေးထွက်ဆိုးကျိုးတွေက လူတိုင်းမှာ ဖြစ်ချင်မှဖြစ်မှာပါ။ တစ်ဦးနဲ့တစ်ဦးလည်း ကွဲပြားခြားနားမှုရှိနိုင်ပါတယ်။ ဘေးထွက်ဆိုးကျိုးနဲ့ ပတ်သက်ပြီး စိုးရိမ်ပူပန်မှုများရှိနေမယ်ဆိုရင် ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်နဲ့ တိုင်ပင်ဆွေးနွေးပါ။

ဆေးဝါးဓာတ်ပြုမှုများ

ဘယ်ဆေးတွေက Amoxicillin (အမောက်စလင်) နဲ့ ဓာတ်ပြုနိုင်သလဲ

Amoxicillin က လောလောဆယ် သောက်သုံးနေတဲ့ တခြားဆေးဝါးတွေနဲ့ ဓာတ်ပြုမှုတွေဖြစ်နိုင်ပြီး ဆေးဝါးတွေရဲ့ အာနိသင်ပြောင်းလဲတာ၊ ဘေးထွက်ဆိုးကျိုးတွေ ပိုခံစားရတာတွေ ဖြစ်နိုင်ပါတယ်။

မလိုလားအပ်တဲ့ ဆေးဝါးဓာတ်ပြုမှုတွေ ဖြစ်မလာအောင်လို့ သင်လက်ရှိသောက်သုံးနေတဲ့ ဆေးဝါးတွေ အားလုံးရဲ့ စာရင်းကို လုပ်ထားပြီး (စာရင်းလုပ်တဲ့အခါမှာ ဆရာဝန်ညွှန်ကြားထားတာတွေ၊ မညွှန်ကြားဘဲ သောက်သုံးနေတာတွေ၊ သဘာဝဆေးဘက်ဝင်ပစ္စည်းတွေ အားလုံးပါဝင်ပါတယ်) ဆရာဝန် ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်ကို ပြောပြဖို့ လိုပါတယ်။

ဓာတ်ပြုနိုင်တဲ့ ဆေးဝါးများ

  • Allopurinol (ဂေါက်ရောဂါဆေး)
  • Anticoagulants (သွေးမခဲဆေး)
  • Bacteriostatic agents (အခြားပိုးသတ်ဆေးများ)
  • Beta-lactamase inhibitors (ပိုးသတ်ဆေးများ)
  • Digoxin (နှလုံးဆေး)
  • Methotrexate
  • Oral contraceptives (တားဆေးသောက်ဆေး)
  • Probenecid (ဂေါက်ရောဂါဆေး)

ဆေးဓာတ်ပြုတဲ့ လက္ခဏာတွေ ခံစားရရင် Amoxicillinသောက်တာကို ရပ်ပြီး တခြားဆေးတွေကို ပုံမှန်အတိုင်း သောက်သုံးပါ။ တစ်ချိန်တည်းမှာပဲ ဆရာဝန်နဲ့ တိုင်ပင်ပါ။ ဆေးပမာဏပြန်ညှိတာ၊ တခြားဆေးနဲ့ အစားထိုးတာ၊ ဆေးရပ်တာတွေ လုပ်ရနိုင်ပါတယ်။

အစားအသောက်တွေနဲ့ အရက်က Amoxicillin (အမောက်စလင်) နဲ့ ဓာတ်ပြုနိုင်သလား

Amoxicillin က အစားအသောက် ဒါမှမဟုတ် အရက်သေစာနဲ့ ဓာတ်ပြုမှုတွေဖြစ်ပြီး ဆေးဝါး အာနိသင်ပြောင်းတာနဲ့ ဘေးထွက်ဆိုးကျိုးတွေ ဖြစ်လာနိုင်ပါတယ်။ မလိုလားအပ်တဲ့ ဓာတ်ပြုမှုတွေ မဖြစ်လာအောင်လို့ အစားအသောက်၊ အရက်သေစာတွေနဲ့ ဓာတ်ပြုနိုင်ခြေ ရှိ၊ မရှိကို ဆရာဝန် ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်နဲ့ မေးမြန်းတိုင်ပင်ပါ။

ဘယ်ရောဂါအခြေအနေတွေက Amoxicillin (အမောက်စလင်) နဲ့ ဓာတ်ပြုနိုင်သလဲ

Amoxicillinက သင့်ရဲ့ နဂိုကျန်းမာရေးအခြေအနေတွေအပေါ် သက်ရောက်မှုတွေ ရှိနိုင်ပါတယ်။ သင့်ရဲ့ ကျန်းမာရေးအခြေအနေကို ပိုဆိုးသွားစေတာ ဒါမှမဟုတ် ဆေးအာနိသင် ပြောင်းလဲသွားတာတွေ ဖြစ်နိုင်ပါတယ်။ ဒါ့ကြောင့် သင့်ရဲ့ကျန်းမာရေးအခြေအနေအကုန်လုံးကို သင့်ရဲ့ဆရာဝန် ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်ကို ကြိုတင်အသိပေးဖို့ အရေးကြီပါတယ်။ အထူးသဖြင့်

  • Penicillin သို့မဟုတ် Cephalosporin စသော ပိုးသတ်ဆေးတွေနဲ့ ဓာတ်မတည့်မှုရင်
  • ဗိုင်းရပ်စ်ပိုးကူးစက်ခံရရင်
  • ပြင်းထန်တဲ့ကျောက်ကပ်ရောဂါရှိရင်
  • Phenylketonuria (မွေးရာပါ phenylalanine ချေဖျက်နိုင်စွမ်း ကျဆင်းတဲ့ရောဂါ)

သောက်သုံးရန်အညွှန်း

အခုအချက်အလက်များမှာ ဆေးပညာအကြံပေးမှုကို အစားထိုးရန်အတွက်မဟုတ်ပါ။ ဆေးဝါးများကို အသုံးမပြုခင် ဆရာဝန် သို့မဟုတ် ဆေးဝါးပညာရှင်နဲ့ အမြဲတမ်းတိုင်ပင်ဆွေးနွေးသင့်ပါတယ်။

အရွယ်ရောက်ပြီးသူတွေအတွက် Amoxicillin (အမောက်စလင်) ရဲ့ အသုံးပြုရမယ့်ပမာဏက ဘယ်လောက်လဲ

အရေပြားထောင့်သန်းနာရောဂါများအတွက်

၅၀၀မီလီဂရမ်ကို ၈နာရီခြား တစ်နေ့ သုံးကြိမ်သောက်သုံးရပါမယ်။

နှလုံးအတွင်းနံရံ ပိုးဝင်ရောင်ရမ်းခြင်းကို ကာကွယ်ရန်အတွက်

ခွဲစိတ်ခြင်းမပြုလုပ်မီ တစ်နာရီအလိုတွင် ၂ ဂရမ်ကြိုပေးထားရပါမယ်။

Chlamydia (လိင်ဆက်ဆံရာမှ ကူးသော ကလက်မိုင်ဒီးယား) ရောဂါအတွက်

၅၀၀မီလီဂရမ် တစ်နေ့သုံးကြိမ် ၇ရက်သောက်ရပါမယ်။ ကိုယ်ဝန်ဆောင်မိခင်များတွင် Erythromycin အစားထိုးအနေဖြင့်လည်း သောက်သုံးနိုင်ပါတယ်။

ဆီးပိုးဝင်ခြင်း သို့မဟုတ် ဆီးအိမ်ရောင်ရမ်းခြင်းအတွက်

၂၅၀-၅၀၀မီလီဂရမ် ၈နာရီခြား တစ်နေ့သုံးကြိမ် ၃ရက်မှ ၇ရက်သောက်ရပါမယ်။ သို့မဟုတ် ၅၀၀-၈၇၅ မီလီဂရမ် ၁၂နာရီခြား တစ်နေ့နှစ်ကြိမ်သောက်သုံးရပါမယ်။

အစာအိမ်ပိုး Helicobactor pylori အတွက်

၁ ဂရမ် တစ်နေ့ ၂-၃ကြိမ် ၁၄ရက်သောက်သုံးရပါမယ်။

နားပိုးဝင်ခြင်းအတွက်

၂၅၀-၅၀၀မီလီဂရမ် ၈နာရီခြား တစ်နေ့သုံးကြိမ် ၁၀-၁၄ရက်သောက်ရပါမယ်။ သို့ ၅၀၀-၈၇၅ မီလီဂရမ် တစ်နေ့နှစ်ကြိမ်သောက်သုံးရပါမယ်။

နမိုးနီးယားအဆုတ်ရောင်ရောဂါအတွက် 

၅၀၀မီလီဂရမ် တစ်နေ့သုံးကြိမ် သို့ ၅၀၀-၈၇၅ မီလီဂရမ် တစ်နေ့နှစ်ကြိမ် ၇ရက်မှ၁၀ရက်ထိသောက်သုံးရပါမယ်။ (pneumococcal pneumonia လို့သံသယရှိရင်)

အရေပြားနဲ့ တစ်ရှူးရောဂါများအတွက်

၂၅၀-၅၀၀မီလီဂရမ် တစ်နေ့သုံးကြိမ် ၇-၁၀ရက်သောက်ရပါမယ်။ သို့ ၅၀၀-၈၇၅မီလီဂရမ် တစ်နေ့နှစ်ကြိမ်သောက်သုံးရပါမယ်။

လေပြွန်ရောင်ရောဂါအတွက်

၂၅၀-၅၀၀မီလီဂရမ် တစ်နေ့သုံးကြိမ် ၇-၁၀ရက်သောက်ရပါမယ်။ သို့ ၅၀၀-၈၇၅မီလီဂရမ် တစ်နေ့နှစ်ကြိမ်သောက်သုံးရပါမယ်။

အာသီးရောင်နဲ့ လည်ချောင်းနာရောဂါများအတွက်

  • ချက်ချင်းအာနိသင်ပြတဲ့ အမျိုးအစား- ၂၅၀-၅၀၀မီလီဂရမ် တစ်နေ့သုံးကြိမ် ၇-၁၀ရက်သောက်ရပါမယ်။ သို့မဟုတ် ၅၀၀-၈၇၅ မီလီဂရမ် တစ်နေ့နှစ်ကြိမ်သောက်သုံးရပါမယ်။
  • တဖြည်းဖြည်းအာနိသင်ပြတဲ့ အမျိုးအစား- ၇၇၅ မီလီဂရမ် တစ်နေ့တစ်လုံး ထမင်းစားပြီး တစ်နာရီအတွင်း ၁၀ရက်သောက်သုံးရပါမယ်။(ဥပမာ Streptococcus Pyogenes ကြောင့်ဖြစ်သည့် ရောဂါများ)

ကလေးတွေအတွက် Amoxicillin (အမောက်စလင်) ရဲ့ အသုံးပြုရမယ့်ပမာဏက ဘယ်လောက်လဲ

နှလုံးအတွင်းနံရံ ပိုးဝင်ရောင်ရမ်းခြင်းကို ကာကွယ်ရန်အတွက်

ခွဲစိတ်ခြင်းမပြုလုပ်မီ တစ်နာရီကြိုပြီး ကိုယ်အလေးချိန် ၁ ကီလိုဂရမ်အတွက် ဆေး ၅၀ မီလီဂရမ် (50mg/kg) ပေးထားရပါမယ်။

အရေပြားထောင့်သန်းနာရောဂါအတွက်

80 mg/kg/day ဆေးပမာဏကို ၃ပုံပုံပြီး ၈နာရီခြားတစ်ခါ ၃ကြိမ်သောက်သုံးရပါမယ်။ အများဆုံး ပမာဏမှာ ၅၀၀မီလီဂရမ် ဖြစ်ပါတယ်။

နားပိုးဝင်ခြင်းအတွက်

  • ၄ပတ်မှ ၃လအထိ – ကိုယ်အလေးချိန် ၁ ကီလိုဂရမ်အတွက် ၂၀-၃၀ မီလီဂရမ် ဆေးပမာဏ(20-30 mg/kg/day) ကို ၂ပုံပုံပြီး ၁၂နာရီခြားတစ်ခါ တစ်နေ့ ၂ကြိမ်သောက်သုံးရပါမယ်။
  • ၄လမှ ၁၂နှစ် အထိ – ကိုယ်အလေးချိန် ၁ ကီလိုဂရမ်အတွက် ၂၀-၅၀ မီလီဂရမ် ဆေးပမာဏ(20-50 mg/kg/day) ကို ၂ပုံ သို့ ၃ပုံပုံပြီး ၈နာရီ သို့မဟုတ် ၁၂နာရီခြားတစ်ခါ တစ်နေ့ ၂-၃ကြိမ်သောက်သုံးရပါမယ်။ ဆေးယဉ်ပါး Streptococcus Pneumonia ကြောင့်ဆိုရင်တော့ ကိုယ်အလေးချိန် ၁ ကီလိုဂရမ်အတွက် ၈၀-၉၀ မီလီဂရမ် ဆေးပမာဏ(80-90 mg/kg/day) ကို ၂ပုံပုံပြီး ၁၂နာရီခြားတစ်ခါ တစ်နေ့ ၂ကြိမ်သောက်သုံးရပါမယ်။

အရေပြားနဲ့ တစ်ရှူးရောဂါများအတွက်

  • ၄ပတ်မှ ၃လအထိ- ကိုယ်အလေးချိန် ၁ ကီလိုဂရမ်အတွက် ၂၀-၃၀ မီလီဂရမ် ဆေးပမာဏ(20-30 mg/kg/day) ကို ၂ပုံပုံပြီး ၁၂နာရီခြားတစ်ခါ တစ်နေ့ ၂ကြိမ်သောက်သုံးရပါမယ်။
  • ၄လမှ ၁၂နှစ် အထိ – ကိုယ်အလေးချိန် ၁ ကီလိုဂရမ်အတွက် ၂၀-၅၀ မီလီဂရမ် ဆေးပမာဏ(20-50 mg/kg/day) ကို ၂ပုံ သို့ ၃ပုံပုံပြီး ၈နာရီ သို့မဟုတ် ၁၂နာရီခြားတစ်ခါ တစ်နေ့ ၂-၃ကြိမ်သောက်သုံးရပါမယ်။ ဆေးယဉ်ပါး Streptococcus Pneumonia ကြောင့်ဆိုရင်တော့ ကိုယ်အလေးချိန် ၁ ကီလိုဂရမ်အတွက် ၈၀-၉၀ မီလီဂရမ် ဆေးပမာဏ(80-90 mg/kg/day) ကို ၂ပုံပုံပြီး ၁၂နာရီခြားတစ်ခါ တစ်နေ့ ၂ကြိမ်သောက်သုံးရပါမယ်။

ဆီးလမ်းကြောင်းရောဂါအတွက်

  • ၄ပတ်မှ ၃လအထိ- ကိုယ်အလေးချိန် ၁ ကီလိုဂရမ်အတွက် ၂၀-၃၀ မီလီဂရမ် ဆေးပမာဏ(20-30 mg/kg/day) ကို ၂ပုံပုံပြီး ၁၂နာရီခြားတစ်ခါ တစ်နေ့ ၂ကြိမ်သောက်သုံးရပါမယ်။
  • ၄လမှ ၁၂နှစ် အထိ – ကိုယ်အလေးချိန် ၁ ကီလိုဂရမ်အတွက် ၂၀-၅၀ မီလီဂရမ် ဆေးပမာဏ(20-50 mg/kg/day) ကို ၂ပုံ သို့ ၃ပုံပုံပြီး ၈နာရီ သို့မဟုတ် ၁၂နာရီခြားတစ်ခါ တစ်နေ့ ၂-၃ကြိမ်သောက်သုံးရပါမယ်။ ဆေးယဉ်ပါး Streptococcus Pneumonia ကြောင့်ဆိုရင်တော့ ကိုယ်အလေးချိန် ၁ ကီလိုဂရမ်အတွက် ၈၀-၉၀ မီလီဂရမ် ဆေးပမာဏ(80-90 mg/kg/day) ကို ၂ပုံပုံပြီး ၁၂နာရီခြားတစ်ခါ တစ်နေ့ ၂ကြိမ်သောက်သုံးရပါမယ်။

နမိုးနီးယားရောဂါအတွက်

  • ကိုယ်အလေးချိန် ၁ ကီလိုဂရမ်အတွက် ၄၀-၅၀ မီလီဂရမ် ဆေးပမာဏ(40-50 mg/kg/day) ကို ၃ပုံပုံပြီး ၈နာရီခြားတစ်ခါ တစ်နေ့ ၃ကြိမ်သောက်သုံးရပါမယ်။

အာသီးရောင်နဲ့ လည်ချောင်းနာရောဂါများအတွက်

  • ၄ပတ်မှ ၃လအထိ- ကိုယ်အလေးချိန် ၁ ကီလိုဂရမ်အတွက် ၂၀-၃၀ မီလီဂရမ် ဆေးပမာဏ(20-30 mg/kg/day) ကို ၂ပုံပုံပြီး ၁၂နာရီခြားတစ်ခါ တစ်နေ့ ၂ကြိမ်သောက်သုံးရပါမယ်။
  • ၄လမှ ၁၂နှစ် အထိ- ကိုယ်အလေးချိန် ၁ ကီလိုဂရမ်အတွက် ၂၀-၅၀ မီလီဂရမ် ဆေးပမာဏ(20-50 mg/kg/day) ကို ၂ပုံ သို့ ၃ပုံပုံပြီး ၈နာရီ သို့မဟုတ် ၁၂နာရီခြားတစ်ခါ တစ်နေ့ ၂-၃ကြိမ်သောက်သုံးရပါမယ်။
  • ၁၂နှစ်အထက်ဆိုရင်

ချက်ချင်းအာနိသင်ပြတဲ့ အမျိုးအစား- ၂၅၀-၅၀၀မီလီဂရမ် တစ်နေ့သုံးကြိမ် ၇-၁၀ရက်သောက်ရပါမယ်။ သို့မဟုတ် ၅၀၀-၈၇၅ မီလီဂရမ် တစ်နေ့နှစ်ကြိမ်သောက်သုံးရပါမယ်။

တဖြည်းဖြည်းအာနိသင်ပြတဲ့ အမျိုးအစား- ၇၇၅ မီလီဂရမ် တစ်နေ့တစ်လုံး ထမင်းစားပြီး တစ်နာရီအတွင်း ၁၀ရက်သောက်သုံးရပါမယ်။(ဥပမာ Streptococcus Pyogenes ကြောင့်ဖြစ်သည့် ရောဂါများ)

Amoxicillin (အမောက်စလင်) ကိုဘယ်လိုရရှိနိုင်သလဲ

Amoxicillin ကို

  • 100 mg/mL အစက်ချဆေး
  • 125 mg/5 mL၊ 250 mg/ 5 mL ဆေးရည်
  • 250 mg၊ 500 mg ဆေးတောင့် အနေနဲ့ ရနိုင်ပါတယ်။

အရေးပေါ်အခြေအနေတွေ၊ ဆေးပမာဏလွန်သွားတဲ့ အခြေအနေတွေမှာ ဘာလုပ်သင့်သလဲ။

အရေးပေါ်အခြေအနေ သို့မဟုတ် ဆေးပမာဏလွန်သွားတဲ့ အခြေအနေတွေမှာ အရေးပေါ်ဆေးရုံဆေးခန်းများမှာ သွားရောက်ကုသမှုခံယူပါ။

ဆေးသောက်ဖို့ လွတ်သွားခဲ့ရင် (မေ့သွားခဲ့ရင်) ဘာလုပ်ရမလဲ။

Amoxicillinကို သောက်သုံးဖို့ လွတ်သွားခဲ့ပါက (မေ့ခဲ့ပါက) သတိရတဲ့အချိန်မှာ အမြန်ဆုံးသောက်သုံးပါ။ ဒါပေမယ့် နောက်တစ်ကြိမ်သောက်ရမယ့်အချိန်မှ သတိရတယ်ဆိုရင်တော့ လွတ်သွားတဲ့ဆေးကို ထားလိုက်ပါ။ ပုံမှန်အတိုင်းပဲ ဆက်သောက်ပါ။ ဆေးနှစ်ခါ သောက်တာမျိုး မလုပ်ပါနဲ့။ ဆေးယဉ်ပါးတာမျိုး မဖြစ်အောင် ဆေးကို ပုံမှန်သောက်ဖို့ လိုပါတယ်။

ရေးသားသူ- Dr Zin Thu Thu Win

Hello Sayarwon Panel
Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Hello Sayarwon Panel မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 15/05/2023 ဖြစ်ပါသည်။

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။