backup og meta

Acetylcysteine (အစီတိုင်စစ်စတင်း)

Acetylcysteine (အစီတိုင်စစ်စတင်း)

Acetylcysteine (အစီတိုင်စစ်စတင်း) ကို ဘာအတွက်အသုံးပြုကြသလဲ

Acetylcysteine (အစီတိုင်စစ်စတင်း)ကို

  • ချွဲပျော်စေဖို့
  • အချို့သော ဆေးတွေ အလွန်အကျွံ အသုံးပြုမှုအတွက် ဖြေဆေး အနေနဲ့  (ဥပမာ – ပါရာစီတမော)
  • Antioxidant [ဓာတ်တိုးဆန့်ကျင်ဆေးဝါးအနေနဲ့] အသုံးပြုကြပါတယ်။

Acetylcysteine (အစီတိုင်စစ်စတင်း) ကို ဘယ်လိုသောက်သုံးသင့်ပါသလဲ

ဆေးဘူးမှာပါတဲ့ အညွှန်းကို သေသေချာချာ ပြည့်ပြည့်စုံစုံ ဖတ်ပါ။ ဆေးရဲ့ ပါဝင်ပစ္စည်း အညွှန်းဇယားတွေနဲ့ ကုန်ဆုံးရက်တွေကို သေချာ ဖတ်ပါ။

Acetylcysteine (အစီတိုင်စစ်စတင်း) ကို ရေဆူဆေးပြားအနေနဲ့လည်း ရရှိနိုင်ပါတယ်။ ရေတစ်ဖန်ခွက်စာထဲမှာ ဆေးပြား လုံးဝ ပျော်သွားပြီဆိုမှ တစ်ခွက်လုံးကို ကုန်အောင်သောက်ပါ။ ဆေးတစ်လုံးလုံးကို မျိုချတာ ဒါမှမဟုတ် ဝါးစားတာမျိုး မလုပ်ပါနဲ့။ အစားနဲ့ တွဲသောက်ပါ။ အစားစားပြီးမှ သောက်ပါ။

တကယ်လို့ ကူးစက်ရောဂါ တစ်ခုခုကြောင့် ပဋိဇီဝ ပိုးသတ်ဆေး သောက်ရမယ်ဆိုရင် ဆေးမသောက်ခင် ၂ နာရီ သို့မဟုတ် ဆေးသောက်ပြီး ၂ နာရီ ကြာမှ Acetylcysteineကို သောက်ပေးပါ။

Acetylcysteine (အစီတိုင်စစ်စတင်း) ကို ဘယ်လိုသိုလှောင်သိမ်းဆည်းထားသင့်ပါသလဲ။

Acetylcysteine (အစီတိုင်စစ်စတင်း) ကို အခန်းအပူချိန်တွင် သိုလှောင်ထားနိုင်ပါတယ်။ တိုက်ရိုက်နေရောင်ခြည်မထိအောင်နဲ့ စိုစွတ်မှုမရှိအောင်ထားပါ။ ဆေးမပျက်စီးစေဖို့ ရေချိုးခန်းထဲမှာ သိမ်းဆည်းတာနဲ့ ရေခဲပြီး သိမ်းဆည်းတာတွေမပြုလုပ်ပါနဲ့။

ဆေးထုတ်လုပ်တဲ့ ကုမ္ပဏီကွဲပြားမှုပေါ်မူတည်ပြီး သိမ်းဆည်းတဲ့ပုံစံ ကွဲပြားခြားနားမှုရှိနိုင်ပါတယ်။ ဒီအတွက် ဆေးဘူးအခွံမှာပါတဲ့ သိုလှောင်သိမ်းဆည်းမှုညွှန်ကြားချက်ကို ကြည့်ရှုစစ်ဆေးတာမျိုး ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်ကို မေးမြန်းတာမျိုး အမြဲလုပ်ပါ။ လုံခြုံစိတ်ချရဖို့အတွက် ဆေးဝါးတွေအကုန်လုံးကို ကလေးတွေ၊ အိမ်မွေးတိရိစ္ဆာန်တွေနဲ့ ဝေးရာမှာထားပါ။

ဆေးကို အိမ်သာထဲကိုပစ်ချတာနဲ့ ရေထွက်ပေါက်တွေထဲကနေ သွန်ချတာမျိုးကို မလုပ်သင့်ပါဘူး။ ဒါ့ပြင် ဆေးဝါးတွေကို မလိုအပ်တော့တဲ့အခါ ဒါမှမဟုတ် သက်တမ်းကုန်ဆုံးသွားတဲ့အခါတွေမှာ စနစ်တကျစွန့်ပစ်ဖို့ အရေးကြီးပါတယ်။ ဆေးဝါးတွေကို စနစ်တကျဘယ်လိုစွန့်ပစ်ရမယ်ဆိုတာနဲ့ ပတ်သက်ပြီး သင့်ရဲ့ဆေးဝါးကျွမ်းကျင်ပညာရှင်နဲ့ တိုင်ပင်ပါ။

ကြိုတင်အသိပေးချက်နှင့် သတိပြုရန်အချက်များ

Acetylcysteine ကို မသောက်သုံးခင်မှာ ဘယ်အချက်တွေကို သိထားသင့်သလဲ။

Acetylcysteine ကို မသောက်သုံးခင် အောက်ပါအခြေအနေတွေရှိရင် ဆရာဝန်ကို ပြောပြသင့်ပါတယ်။

  • ကိုယ်ဝန်ရှိရင် ဒါမှမဟုတ် ကလေးနို့တိုက်နေရင်
  • တခြားစွဲသောက်နေတဲ့ ဆေးတွေရှိရင် (ဆရာဝန်ညွှန်ကြားထားတဲ့ဆေး၊ ဆေးဆိုင်ကနေ ဝယ်သောက်နေတဲ့ဆေး၊ သစ်ဥသစ်ဖု၊ အခြားဆေး)
  • ဆေးရဲ့ ပါဝင်ပစ္စည်းတွေနဲ့ ဓာတ်မတည့်ရင်
  • တခြားရောဂါအခံတွေ ရှိနေရင်

ကိုယ်ဝန်ဆောင်နေချိန် ဒါမှမဟုတ် ကလေးနို့တိုက်နေတဲ့အချိန်မှာ သောက်ဖို့ စိတ်ချရရဲ့လား။

ဒီဆေးဝါးကို ကိုယ်ဝန်ဆောင်နေချိန် ဒါမှမဟုတ် ကလေးနို့တိုက်နေချိန်တွင် သောက်တဲ့အခါ ဆိုးကျိုးများရှိမရှိအတွက် လုံလောက်တဲ့ လေ့လာစမ်းသပ်ချက်တွေ မရှိသေးပါ။ ဒါကြောင့် ဆေးမသောက်သုံးမီမှာ ဖြစ်နိုင်တဲ့ ကောင်းကျိုး၊ ဆိုးကျိုး ချိန်ဆနိုင်ဖို့ ဆရာဝန်နဲ့ တိုင်ပင်ပါ။

ဒီဆေးကို အမေရိကန်ပြည်ထောင်စု အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးအဖွဲ့ရဲ့ သတ်မှတ်ချက်အရ ကိုယ်ဝန်ဆောင်များတွင် ထိခိုက်နိုင်ခြေအဆင့် B ရှိသည်ဟု သတ်မှတ်ထားပါတယ်။

အမေရိကန်ပြည်ထောင်စု အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးအဖွဲ့ရဲ့ကိုယ်ဝန်ဆောင်များတွင် ထိခိုက်နိုင်ခြေအဆင့် သတ်မှတ်ချက်များမှာ အောက်ပါအတိုင်းဖြစ်ပါတယ်။

  • A=ဆိုးကျိုးမရှိပါ။
  • B=လေ့လာမှုအချို့အရ ဆိုးကျိုးမရှိပါ။
  • C=ဆိုးကျိုးအချို့ ရှိနိုင်ပါသည်။
  • D= ဆိုးကျိုးများရှိသည့် အထောက်အထားများရှိပါသည်။
  • X=သောက်သုံးရန် မသင့်ပါ။
  • N=အခြေအနေကို မသိရသေးပါ။

ဘေးထွက်ဆိုးကျိုးများ

Acetylcysteine က ဘယ်လိုဘေးထွက်ဆိုးကျိုးတွေ ရှိနိုင်လဲ။

တခြားဆေးတွေလိုပဲ သူ့မှာလည်း ဘေးထွက်ဆိုးကျိုး အနည်းငယ် ရှိနိုင်ပါတယ်။ ဖြစ်လာခဲ့ရင်တောင် များသောအားဖြင့် လက္ခဏာက ပြင်းထန်လေ့မရှိပါဘူး။ ဆေးရပ်လိုက်ရင် ဒါမှမဟုတ် ဆေးပမာဏလျှော့လိုက်ရင် သက်သာသွားပါတယ်။ တွေ့ရတတ်တဲ့ ဘေးထွက်ဆိုးကျိုးတွေကတော့

  • Autoimmune reaction [ခုခံအားတုံ့ပြန်မှု မမှန်တာ]
  • Anaphylactoid reaction [ပြင်းထန်ဓာတ်မတည့်နဲ့ အလားတူဖြစ်တာ]
  • အသက်ရှူကျပ်တာ
  • လေပြွန်တွေ တောင့်တင်းလာပြီး အသက်ရှူရခက်လာတာ
  • ချောင်းဆိုးတာ
  • ဗိုက်အောင့်တာ
  • ရှိန်းတိန်းဖိန်းတိန်းဖြစ်တာ
  • နှလုံးခုန်မြန်တာ
  • ဖောရောင်တာ
  • အရေပြားမှာ အနီရောင် အဖုအပိမ့်တွေထွက်ပြီး ယားယံတာ
  • မအီမသာဖြစ်တာ
  • အော့အန်တာတွေ ဖြစ်နိုင်ပါတယ်။

ခုပြောတဲ့ ဘေးထွက်ဆိုးကျိုးတွေက လူတိုင်းမှာ ဖြစ်ချင်မှဖြစ်မှာပါ။ တစ်ဦးနဲ့တစ်ဦးလည်း ကွဲပြားခြားနားမှုရှိနိုင်ပါတယ်။ ဘေးထွက်ဆိုးကျိုးနဲ့ ပတ်သက်ပြီး စိုးရိမ်ပူပန်မှုများရှိနေမယ်ဆိုရင် ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်နဲ့ တိုင်ပင်ဆွေးနွေးပါ။

ဆေးဝါးဓာတ်ပြုမှုများ

ဘယ်ဆေးဝါးတွေက Acetylcysteine (အစီတိုင်စစ်စတင်း) နဲ့ ဓာတ်ပြုမှုတွေ ဖြစ်နိုင်သလဲ။

Acetylcysteine (အစီတိုင်စစ်စတင်း) က လောလောဆယ် သောက်သုံးနေတဲ့ တခြားဆေးဝါးတွေနဲ့ ဓာတ်ပြုမှုတွေဖြစ်နိုင်ပြီး ဆေးဝါးတွေရဲ့ အာနိသင်ပြောင်းလဲတာ၊ ဘေးထွက်ဆိုးကျိုးတွေ ပိုခံစားရတာတွေ ဖြစ်နိုင်ပါတယ်။

မလိုလားအပ်တဲ့ ဆေးဝါးဓာတ်ပြုမှုတွေ ဖြစ်မလာအောင်လို့ သင်လက်ရှိသောက်သုံးနေတဲ့ ဆေးဝါးတွေ အားလုံးရဲ့ စာရင်းကို လုပ်ထားပြီး (စာရင်းလုပ်တဲ့အခါမှာ ဆရာဝန်ညွှန်ကြားထားတာတွေ၊ မညွှန်ကြားဘဲ သောက်သုံးနေတာတွေ၊ သဘာဝဆေးဖက်ဝင်ပစ္စည်းတွေ အားလုံးပါဝင်ပါတယ်) ဆရာဝန် ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်ကို ပြောပြဖို့ လိုပါတယ်။

ဓာတ်ပြုနိုင်တဲ့ ဆေးဝါးများ

  • ချောင်းဆိုးပျောက်ဆေး
  • ပဋိဇီဝပိုးသတ်ဆေး
  • Nitroglycerin
  • Activated carbon
  • Salicylates
  • Ketone bodies စတဲ့ဆေးဝါးတွေနဲ့ ဓာတ်ပြုနိုင်ပါတယ်။

ဆေးဓာတ်ပြုတဲ့ လက္ခဏာတွေ ခံစားရရင် ဆရာဝန်နဲ့ ပြန်တိုင်ပင်ပါ။ ဆေးပမာဏပြန်ညှိတာ၊ တခြားဆေးနဲ့ အစားထိုးတာ၊ ဆေးရပ်တာတွေ လုပ်ရနိုင်ပါတယ်။

အစားအသောက် ဒါမှမဟုတ် အရက်သေစာတွေက Acetylcysteine (အစီတိုင်စစ်စတင်း) နဲ့ ဓာတ်ပြုနိုင်ပါသလား။

ဒီဆေးက အစားအစာတွေ ဒါမှမဟုတ် အယ်လ်ကိုဟောနဲ့ ဓာတ်ပြုနိုင်ပါတယ်။ ဒီလို ဓာတ်ပြုတာက ဆေးရဲ့ ဓာတ်ပြုမှု အာနိသင်နဲ့ ထိရောက်မှုကို ပြောင်းလဲစေနိုင်ပြီး ပြင်းထန်တဲ့ ဘေးထွက်ဆိုးကျိုးတွေ ဖြစ်နိုင်ပါတယ်။ ဆေးမသောက်မီမှာ ဖြစ်နိုင်ခြေရှိတဲ့ အစားအစာ၊ အယ်လ်ကိုဟောတို့နဲ့ ဓာတ်ပြုနိုင်ခြေကို ဆရာဝန် ဒါမှမဟုတ် ကျွမ်းကျင်သူတွေနဲ့ အရင်တိုင်ပင်ပါ။

ဘယ်လိုကျန်းမာရေးအခြေအနေတွေက Acetylcysteine (အစီတိုင်စစ်စတင်း) နဲ့ ဓာတ်ပြုမှုတွေရှိမလဲ။

Acetylcysteine (အစီတိုင်စစ်စတင်း)က သင့်ရဲ့ နဂိုကျန်းမာရေးအခြေအနေတွေအပေါ် သက်ရောက်မှုတွေ ရှိနိုင်ပါတယ်။ သင့်ရဲ့ ကျန်းမာရေးအခြေအနေကို ပိုဆိုးသွားစေတာ ဒါမှမဟုတ် ဆေးအာနိသင် ပြောင်းလဲသွားတာတွေ ဖြစ်နိုင်ပါတယ်။ ဒါ့ကြောင့် သင့်ရဲ့ကျန်းမာရေးအခြေအနေအကုန်လုံးကို သင့်ရဲ့ဆရာဝန် ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်ကို ကြိုတင်အသိပေးဖို့ အရေးကြီးပါတယ်။ အထူးသဖြင့်

လက်ရှိမှာ အစာအိမ် အနာ (PUD) ဖြစ်နေရင်ပါ။

သောက်သုံးရန်အညွှန်း

အခုအချက်အလက်များမှာ ဆေးပညာအကြံပေးမှုကို အစားထိုးရန်အတွက်မဟုတ်ပါ။ ဆေးဝါးများကို အသုံးမပြုခင် ဆရာဝန် သို့မဟုတ် ဆေးဝါးပညာရှင်နဲ့ အမြဲတမ်းတိုင်ပင်ဆွေးနွေးသင့်ပါတယ်။

အရွယ်ရောက်ပြီးများအတွက် ဆေးပမာဏ

ချွဲပျော်စေဖို့အတွက်

  • တစ်ကြိမ်ကို 200 mg ဆေးပြားကို ပျော်အောင်ဖျော်ပြီး တစ်နေ့ကို ၂ ကြိမ် ကနေ ၃ ကြိမ် သို့မဟုတ်
  • 600 mg ဆေးပြားကို တစ်ခါသောက် တဝက်နဲ့ တစ်နေ့ ၂ ကြိမ် သို့မဟုတ်
  • တစ်နေ့ကို 600 mg ဆေးပြားကို တစ်ကြိမ်အနေနဲ့ သောက်ပေးလို့ ရပါတယ်။ ဒါပေမယ့် ၅ ရက်ထက်ကျော်ပြီး မသောက်သင့်ပါဘူး။

ပါရာစီတမော အဆိပ်သင့်ခြင်းအတွက်

စစချင်း အနေနဲ့ ကိုယ်အလေးချိန်အလိုက် 1 kg ကို 140 mg ပေးနိုင်ပါတယ်။ ဒီနောက်မှာတော့ ကိုယ်အလေးချိင်္န 1 kg ကို 70 mg နှုန်းဖြင့် ၄ နာရီတိုင်းမှာ ပေးရပါမယ်။ ၁၇ ကြိမ်အထိ ပေးလို့ ရပါတယ်။

ကလေးများအတွက် ဆေးပမာဏ

ချွဲပျော်စေဖို့အတွက်

  • ကလေးက အသက် ၆ နှစ် ကနေ ၁၄ နှစ်ဆိုရင် တစ်ခါသောက် 200 mg ကို ရေတစ်ခွက်နဲ့ ဖျော်ပြီး တစ်နေ့ကို ၂ ကြိမ်
  • ကလေးက အသက် ၂ နှစ် ကနေ ၅ နှစ်ဆိုရင် တစ်ခါသောက် 200 mg ဆေးပြား တဝက်ကို ရေတစ်ခွက်နဲ့ ဖျော်ပြီး တစ်နေ့ကို ၂ ကြိမ် ကနေ ၃ ကြိမ်
  • ၅ ရက်ထက် ပိုမတိုက်သင့်ပါဘူး။

ပါရာစီတမော အဆိပ်သင့်ခြင်းအတွက်

လူကြီးတွေကို ပေးတဲ့ဆေးပမာဏအတိုင်း ဆရာဝန် ညွှန်ကြားသလို တိုက်ပေးရပါမယ်။

Acetylcysteine (အစီတိုင်စစ်စတင်း)ကို ဘယ်လိုပုံစံမျိုး၊ အချိုးအစားမျိုးတွေနဲ့ရရှိနိုင်မလဲ။

Acetylcysteineကို အောက်ဖော်ပြပါ ဆေးဝါးပုံစံများနဲ့ အချိုးအစားများဖြင့် ရရှိနိုင်ပါတယ်။

  • Effervescent tablet: 200 mg, 600 mg

အရေးပေါ်အခြေအနေတွေ၊ ဆေးပမာဏလွန်သွားတဲ့ အခြေအနေတွေမှာ ဘာလုပ်သင့်သလဲ။

အရေးပေါ်အခြေအနေ သို့မဟုတ် ဆေးပမာဏလွန်သွားတဲ့ အခြေအနေတွေမှာ အရေးပေါ်ဆေးရုံဆေးခန်းများမှာ သွားရောက်ကုသမှုခံယူပါ။

ဆေးသောက်ဖို့ လွတ်သွားခဲ့ရင် (မေ့သွားခဲ့ရင်) ဘာလုပ်ရမလဲ။

Acetylcysteineကို သောက်သုံးဖို့ လွတ်သွားခဲ့ပါက (မေ့ခဲ့ပါက) သတိရတဲ့အချိန်မှာ အမြန်ဆုံးသောက်သုံးပါ။ ဒါပေမယ့် နောက်တစ်ကြိမ်သောက်ရမယ့်အချိန်မှ သတိရတယ်ဆိုရင်တော့ လွတ်သွားတဲ့ဆေးကို ထားလိုက်ပါ။ ပုံမှန်အတိုင်းပဲ ဆက်သောက်ပါ။ ဆေးနှစ်ခါ သောက်တာမျိုး မလုပ်ပါနဲ့။

ရေးသားသူ- Dr Hlaing Min Ko Ko

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Acetylcysteine solution, https://www.drugs.com/cdi/acetylcysteine-solution.html
Accessed November 10, 2016.

Acetylcysteine https://www.mims.com/philippines/drug/info/acetylcysteine?mtype=generic Accessed July 7, 2021

ACC https://www.mims.com/philippines/drug/info/acc Accessed July 7, 2021

N-Acetylcysteine: Multiple Clinical Applications https://www.aafp.org/afp/2009/0801/p265.html Accessed July 7, 2021

Medical and Dietary Uses of N-Acetylcysteine https://www.ncbi.nlm.nih.gov/pmc/articles/PMC6562654/ Accessed July 7, 2021

Acetylcysteine. Lexi-Drugs. Lexicomp. Wolters Kluwer Health, Inc. Riverwoods, IL. Accessed July 7, 2021. http://online.lexi.com

 

ယခုပုံစံ

21/09/2022

Aye Thi Mon မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

Ambroxol (အန်ဘရိုဇော)

အက်စပရင်ကြောင့် ပန်းနာရင်ကြပ် ထတတ်သလား။


မှ အချက်အလက် စစ်ဆေးထားပါသည်။

Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 21/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement