backup og meta

စပ်ဆေး တစ်ခွက်ကို လေ့လာကြည့်ခြင်း

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Dr. Thiha Phyo Myint မှ ရေးသားသည်။ · 11/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    စပ်ဆေး တစ်ခွက်ကို လေ့လာကြည့်ခြင်း

    ဆိုကြပါစို့ဗျာ…. ခင်ဗျား ဖျားနေတာ ၃ ရက်ရှိပြီ။ အလုပ်ကလည်းမလုပ်နိုင်တော့ ဝင်ငွေထိခိုက်နေတဲ့ အချိန်ပေါ့။ အလုပ် မြန်မြန်ပြန်လုပ်နိုင်ဖို့ ရောဂါလည်း မြန်မြန်ပျောက်ချင်တယ်…ဒါပေမဲ့ ဆေးခန်းပြရင်  ငွေကုန်ကြေးကျများမှာလည်း ကြောက်တယ်ပေါ့။ သည်လိုအချိန်မျိုးမှာ ခင်ဗျားမျက်လုံးထဲ မြင်လာမှာက ၁၅၀၀ လောက်နဲ့ အလုပ်ဖြစ်မယ့် လမ်းထိပ်က စပ်ဆေး အရောင်းဆိုင်ပဲဆိုတာ ကျွန်တော် လောင်းရဲပါတယ်။ ဆေး ၃ ခွက်ကိုမှ ၁၀၀၀ ကနေ ၁၅၀၀ လောက်ပဲရှိတဲ့ ရောင်စုံစပ်ဆေးလှလှလေးတွေက ခင်ဗျားရဲ့ အားကိုးရာ ဖြစ်နေတာကိုး။ ဒါပေမဲ့ဗျာ…. ကိုယ့်ပါးစပ်ထဲကနေတဆင့် ကိုယ့်ခန္ဓာကိုယ်ထဲရောက်သွားမယ့် သည်ဆေးတွေဟာ ဘာဆေးတွေလဲ… ဘယ်လိုအာနိသင်ရှိလဲ…. တကယ်ရော ၁၅၀၀ နဲ့ ကိစ္စပြီးပါ့မလား ဆိုတာကို ခင်ဗျား နည်းနည်းမှ စိတ်မဝင်စားဘူးလား။

    စပ်ဆေးရောင်းတဲ့သူ အများစုက သူတို့ပေးလိုက်တဲ့ဆေးတွေ တကယ်တမ်း ဘယ်လိုအာနိသင်တွေရှိပြီး ဘယ်လိုဆိုးကျိုးတွေထိပေးနိုင်တယ်၊ ဘယ်ရောဂါရှိတဲ့လူဆို ပေးသင့်တယ် မပေးသင့်ဘူး ဆိုတာမျိုးကို မသိကြဘူးဗျ။ “ဒါဖြစ် ဒါပေး” စနစ်နဲ့ ဆေးရောင်းကြတာ။ “ ကိုဟိုဒင်းတစ်ယောက်တော့ဖြင့် ဟိုရောဂါဖြစ်နေတာ ဟိုဆေးသောက်လိုက်တာ ပျောက်သွားပြီတဲ့ဟေ့” ဆိုတဲ့သတင်းမျိုးစောင့်နားထောင်ပြီး “ အဲ့ဒီ ဟိုဆေးကိုတော့ဖြင့် ငါ့ဆိုင်မှာ ဝယ်တင်ထားလိုက်ဦးမယ်” ဆိုတဲ့လူတွေက အများသား။ ကိုဟိုဒင်းရဲ့ ဟိုရောဂါနဲ့ ဆင်တူတယ်လို့ သူတို့ထင်သမျှလူအကုန်ကို ဟိုဆေးချည်း ပေးတော့တာကိုးဗျ။ တချို့မလည်း ရက်တိုဆေးဝါးကျွမ်းကျင်သင်တန်းလောက်တက်ပြီး ဆေးပြန်ကုတော့တာပဲ။ အဲ့ဒီလိုသာ ကုလို့ ရရိုးမှန်ရင် ဆေးကျောင်းတွေဖွင့်ဖို့ ဘယ်လိုတော့မလဲဗျာ။ ဆရာဝန်တွေလည်း ၇ နှစ် ပညာသင်စရာ မလိုတော့ဘူးပေါ့။ ၃/၄ လလောက်သင်တန်းတက်ရုံနဲ့ ရောဂါအမျိုးအမည် အတိမ်အနက် နဲ့ တကယ်သင့်လျော်တဲ့ဆေးကို မသိနိုင်ပါဘူးဗျာ။ ဆိုတော့ သူတို့ညွှန်းမယ့်ဆေးကို ခင်ဗျားအသက်အတွက် ယုံပြီး ပုံအပ်ရဲသလား စဉ်းစားပေါ့ဗျ။

    စပ်ဆေးထဲ ပါတဲ့ဆေးတွေကလည်း လေ့လာကြည့်ရင် ကြောက်စရာကောင်းသဗျ။

    ဘာလို့လဲဆိုတော့ စပ်ဆေးအများစုမှာ-

    (၁) အကိုက်အခဲပျောက်ဆေး ( သို့ ) အဖျားကျဆေး

    (၂) အစာအိမ်ဆေး ( သို့ ) လေဆေး

    (၃) ပိုးသတ်ဆေး

    (၄) အားဆေး

    (၅) steroid ခေါ်  အပြင်းစားအရောင်ကျဆေးအုပ်စုဆိုတဲ့ ဆေးအမျိုးအစား (၅) မျိုးနဲ့ စပ်ပြီးရောင်းချလေ့ရှိတယ်ဗျာ။

    အဲ့ဒီထဲမှာ အဆိုးဆုံးကတော့ နံပါတ် (၅) steroid ခေါ်  ပြင်းထန်အရောင်ကျဆေးအုပ်စု ပဲ။ သည်ဆေးက သုံးတတ်ရင် နတ်ဆေးပဲကိုး။  အဲ… မသုံးတတ်ရင်တော့ ခင်ဗျားအသက်ပါပေးလိုက်ရမှာပဲ။ ဓားသွားပေါ်ကပျားရည်စက်လိုပဲ လျက်တတ်ရင်ချိုပေမယ့် အလျက်မတော်ရင် လျှာပြတ်မယ့်ကိန်းကိုး။ ဆရာဝန်တွေတောင် ရောဂါနဲ့ဆေး သေချာနှိုင်းဆချင့်ချိန်ပြီး လိုသလောက်ပမာဏအတိုင်း လိုသလောက်အချိန်မှာပဲ ပေးရတဲ့ဆေးမျိုးကို ခင်ဗျားရဲ့ စပ်ဆေးဆိုင်တွေက ဖောချင်းသောချင်း ထည့်ပေးထားတာဗျ။ ဒီဆေးကို ဘာလို့ စပ်ဆေးထဲထည့်ပေးသလဲ ဆိုတော့  ခင်ဗျား ခံစားနေရသမျှဝေဒနာကို ဒီဆေးက ခဏ ဖုံးပေးထားနိုင်တယ်။ နာရီ ၃၀ စာလောက်ပေါ့ဗျာ။ နာသလား၊ ကိုက်သလား၊ ရောင်သလား၊ ဖျားသလား အကုန်ဆိုအကုန်ဗျာ။ ဒါပေမဲ့ ရောဂါတကယ်ပျောက်သလားဆို

    တော့ မပျောက်ပါဘူး။ ခင်ဗျား နားလည်လွယ်အောင် အနီးစပ်ဆုံး ဥပမာပေးရရင် ခင်ဗျားရဲ့အိမ်ကို အမှိုက်လှည်းတော့ မြန်မြန်ရှင်းချင်တာနဲ့ ဖုန်တွေအမှိုက်တွေကို ဖျာအောက် ခဏ လှည်းထည့်ထားလိုက်ရော။ ဒီတော့ အိမ်က ရုတ်တရက်ကြည့်လိုက်ရင် ရှင်းနေတာပဲပေါ့။ နောက်တော့ ခင်ဗျားက အပျင်းကြီးလာပြီး ဒီလိုဖျာအောက် လှည်းထည့်ထားလိုက်လည်း ရှင်းနေတာပဲဆိုပြီး လှည်းထည့်နေလိုက်တာ အရင်က အမှိုက်တွေလည်း ပြန်ထုတ်မရှင်းနဲ့ ကြာလာတော့ ဖျာကမဖုံးနိုင်၊ အိမ်က အမှိုက်ဗရပွနဲ့ မရှင်းနိုင်တော့တဲ့ အဆင့်ရောက်သွားတော့တာပဲ။ စပ်ဆေးရောင်းတဲ့သူက ဒီဆေးသောက်ရင် ခင်ဗျားရောဂါသက်သာမယ်မှန်း သိတယ်။ ဒါကြောင့်သူလည်း ဒီဆေးကိုထည့်ထားတာလေ။ ခင်ဗျားကလည်း ဆေးသောက်ပြီး နေလို့ကောင်းနေတဲ့ အရှိန်လေးနဲ့ စပ်ဆေးဆိုင်ကို ကျေးဇူးတွေ အခါတစ်သိန်း တင်နေတာပေါ့ဗျာ။ သောက်ရင်းသောက်ရင်း ဖုံးမနိုင်ရောဂါကြွတော့ ပြေးပေတော့ဆေးခန်း၊ ကုန်ပေတော့ သိန်းဂဏန်း ဖြစ်ကုန်တာပဲ။ (ဒါတောင် ဆေးရဲ့ ပင်မဆိုးကျိုးတွေအကြောင်း ဘာမှ မပြောရသေးဘူး။ ဒီဆေးအကြောင်းက တခမ်းတနား သပ်သပ် ပြောပါဉီးမယ်ဗျာ။)

    နောက်တစ်မျိုးက ပိုးသတ်ဆေး။ ပိုးသတ်ဆေးဆိုတာမျိုးက ရောဂါသက်သာသာရုံ ခဏအပျော် သောက်လို့မရဘူးဗျ။ ဆရာဝန်တောင် ခင်ဗျားကို သေချာကြည့်ရှုစစ်ဆေးစမ်းသပ်ပြီးမှ “ သူကတော့ ဘာရောဂါပိုးရှိတာဖြစ်နိုင်တယ်….ဒါ့ကြောင့် ဘာပိုးသတ်ဆေး နဲ့ သင့်လျော်မယ်” ဆိုတာမျိုး မှန်းဆနိုင်တာ။ သေချာဖို့ဆိုရင် သွေးစစ် ဆီးစစ် စတာတွေ အများကြီးလုပ်ရသေးတယ်။ ခုတော့ စပ်ဆေးရောင်းတဲ့သူက ခင်ဗျားကို လက်နဲ့တောင် တစ်ချက်မထိဘဲ ဘာပိုးသတ်ဆေးမှန်းမသိ ထည့်ပေးလိုက်တာလေဗျာ။ “ ကံကောင်းရင် ပျောက်မှာပေါ့”လို့ ခင်ဗျား ခံငြင်းဉီးမလား။ ကံက ဘယ်တော့မှ မကောင်းဘူးဗျ။ ခင်ဗျားရောဂါပိုးနဲ့ကိုက်တဲ့ ပိုးသတ်ဆေးဖြစ်နေခဲ့ရင်တောင် ခင်ဗျားက တစ်ပွဲတိုး ၃ ခွက်စာပဲ ဝယ်ခဲ့တာမို့ ပိုးသတ်ဆေးက ဆေးပတ်မလည်ဘူးဗျာ။ ပိုးသတ်ဆေးက တိုက်စစ် ဆိုရင် ရောဂါပိုးက ခံစစ်ပဲဗျ။ ခံစစ် အသားကုန်ကောင်းနေတဲ့ အချိန်ကို တိုက်စစ် မစို့မပို့နဲ့ သွားစရင် ကိုယ့်ဘက် အသေအပျောက်များမှာ အရှင်းကြီးပဲလေဗျာ။ ဒါ့အပြင် ခံစစ်ကို သတိပေးလိုက်သလိုဖြစ်သွားပြီး နောက်တစ်ခါ ထပ်သွားတိုက်ရင် ကိုယ့်ဘက်က လက်နက်ဗိုလ်ပါ စုံရင်တောင် သူတို့က မဖြုံတော့ဘူးဗျ။ ဆေးယဉ်သွားတယ် ခေါ်တာပေါ့ဗျာ။ ဒီအရွယ် ဒီရောဂါမျိုးကို ဘယ်ပိုးသတ်ဆေးအမျိုးအစား ဘယ်လောက်အားနဲ့ တစ်နေ့ဘယ်နှကြိမ် ဘယ်နှရက် သောက်ရမယ်ဆိုတဲ့ ဗျူဟာကိုကျတော့ ဆရာဝန်မှပဲဆွဲတတ်တာ။ စပ်ဆေးဆိုင်က ကတုတ်ကျင်းတူးသမားလောက်က စစ်ဗျူဟာ မဆွဲနိုင်ဘူး။ ခင်ဗျား ခန္ဓာကိုယ်ကို ကတုတ်ကျင်းတူးသမားလက်ထဲ အပ်ရလောက်အောင်တော့ မမိုက်သင့်ပါဘူးဗျာ။

    စပ်ဆေးထဲ အကိုက်အခဲပျောက်ဆေးလေးပါ ပါလာရင်တော့ စတီးရွိုက်( steroid ) လေးနဲ့ကွတ်တိဗျာ….. ၂ ခုပေါင်းပြီး ခင်ဗျား အစာအိမ်ကို ကောင်းကောင်း ဒုက္ခပေးတော့မှာပါပဲ။ အဖျားလေးကျလိုကျငြား လက်ကိုက်ကိုယ်ရောင်လေး သက်သာလိုသက်သာငြား အရက်လေးပါသောက်ထားရင်တော့ သာပြီးဆိုးမှာပါပဲ။ အကိုက်အခဲပျောက်ဆေးကလည်း အမျိုးအစားပေါင်း သောင်းခြောက်ထောင်ဗျာ။ သည်လူနာ သည်အကိုက်အခဲပျောက်ဆေးနဲ့ သင့်မသင့်ကလည်း ဆရာဝန်မှပဲ သေချာသိတာပါ။ နောက်ပြီး အကိုက်အခဲပျောက်ဆေး အများစုက သောက်တာများလာရင် အစာအိမ်တင်မက ကျောက်ကပ်ပါထိတယ်ဗျ။ စပ်ဆေးထဲ ပဲလှော်ထည့်သလို ထည့်နေတဲ့ PPI အမျိုးအစား အစာအိမ်ဆေးတစ်မျိုးကလည်း ကျောက်ကပ်ထိနိုင်တယ်ဗျာ။ တွဲပေးထားတော့ တကယ်များဖြစ်လာခဲ့ရင် မတွေးရဲစရာပါပဲဗျာ။ ၁၅၀၀ …၁၅၀၀ နဲ့စတဲ့ဇာတ်လမ်းက သိန်းချီကုန်ဖို့ လမ်းဆီ ဉီးတည်နေတာ မြင်ကြပါရဲ့နော်ဗျ။

    “ဘယ်တတ်နိုင်မတုန်းဗျာ … ဆေးခန်းသွားဖို့ ပိုက်ဆံမှ မရှိတာလို့ “ ခင်ဗျား ဆင်ခြေကန်ဉီးမှာ ကျွန်တော် ကြိုသိနေတယ်ဗျ။ စပ်ဆေးဝယ်သောက်ရုံနဲ့ပျောက်မယ့် အဖျားမျိုးဆိုရင် ပါရာစီတမော အကောင်းစားတစ်ကဒ်သာ ဝယ်၊ တစ်နေ့လေးကြိမ်ထက် ပိုမသောက်နဲ့ဗျာ။ ဗမာကြက် အရိုး၊ခြေထောက်၊ခေါင်းတွေချည်းဝယ် ( ဘယ်လောက်မှ မပေးရပါဘူးဗျာ) နူးနေအောင်ပြုတ်ပြီး အရည်ကိုသောက်။ ထမင်းရည်ငှဲ့ချက် ထမင်းရည်သောက်။ ဓာတ်ဆားရည်သောက်။ ခင်ဗျားစပ်ဆေးထက် အပြန်တစ်ရာကောင်းပြီး အပြန်တစ်ရာ စိတ်ချရမယ်ဗျာ။ အဲ့ဒါမှ မပျောက်ဘူးဆိုရင်တော့ စပ်ဆေးသောက်လည်း ထူးပြီးမနိုင်ဘူးဗျ။ မုချ ဆေးခန်းပြေးရမယ့်ကိစ္စပဲ ဆိုတော့ နှစ်ခါအကုန်ခံပြီး စပ်ဆေးဝယ်သောက်မနေနဲ့တော့ဗျာ။

    ဒီလောက်ဆို ခင်ဗျားလည်း စပ်ဆေးဆိုင်ကို အားကိုးချင်စိတ် ကုန်ခန်းသွားပြီလို့ ယူဆရတာပဲ။

    ဘေးအန္တရာယ်ကို သဘောပေါက်လွယ်ကြပြီး မိမိကိုယ်ကို စောင့်ရှောက်နိုင်ကြစေရန် ရည်ရွယ်လျက်။

    ရေးသားသူ – ဒေါက်တာနှင်းနုအေး

    Hello Health Group သည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    ဆက်စပ် အကြောင်းအရာများ


    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Dr. Thiha Phyo Myint မှ ရေးသားသည်။ · 11/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement