brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

အလားတူဆေးတွေက အာနိသင်မစွမ်းဘူးလား

အလားတူဆေးတွေက အာနိသင်မစွမ်းဘူးလား

အလားတူဆေးတွေက အာနိသင်မစွမ်းဘူးလား

ဆေးဆိုင်မှာဆေးသွားဝယ်တဲ့အခါ ကိုယ်သောက်နေကျဆေး ဒါမှမဟုတ် ဆရာဝန်ညွှန်းထားတဲ့ဆေး မရှိရင် အလားတူဆေးပဲရှိတယ်ဆိုရင် ဘယ်လိုတုံ့ပြန်ခဲ့ဖူးလဲ။

ဆေးအတူတူချင်းကို ဈေးပိုသက်သာသွားတယ်ဆိုပြီးပျော်သွားတဲ့သူတွေရှိမယ်၊ အလားတူဆေးကို အရည်အသွေးမမီတဲ့ဆေးအတုလိုတွေးမိတဲ့သူတွေရှိမယ်၊ဈေးကွာတယ်ဆိုရင် အာနိသင်ပါလျော့မယ်လို့ထင်တဲ့သူရှိမယ်။ ရပါတယ်လို့ပြောပြီး ကိုယ့်ဆေးဝယ်မရလို့သာသောက်လိုက်ရတယ်၊ စိတ်ထဲတော့ ဒီဆေးသောက်မိလို့များ ငါမသက်သာသေးတာလား၊ (originalဆေးလို့ခေါ်ကြတဲ့)ဘရန်းတံဆိပ်ကိုသာသောက်ခဲ့ရရင် ခုလောက်ဆိုမြန်မြန်သက်သာနေလောက်ပြီလို့ တထင့်ထင့်နဲ့ဖြစ်နေသူတွေလည်းရှိတယ်။ တချို့ကတော့ပြတ်ပြတ်သားသားခေါင်းခါပြီး တခြားဆိုင်သွားဝယ်ဖို့ကြိုးစားကြတယ်။ အလားတူဆေးတွေက တကယ်ပဲ မကောင်းဘူးလား။

ဘာကွာခြားတာလဲ

ဆေးကုမ္ပဏီတစ်ခုက မူပိုင်ခွင့်တင်သွင်းထားတဲ့ဆေးတစ်မျိုးကို အရင်ဆုံးထုတ်လုပ်လိုက်တဲ့အခါ ဒီဘရန်းအမည်နဲ့(Original Brand)ဆေးကို ထုတ်လုပ်ရောင်းချခွင့်တစ်ဦးတည်းရရှိတာဖြစ်ပါတယ်။ အဲဒီမူပိုင်ခွင့်သက်တမ်းကုန်ဆုံးတာနဲ့ ဒီဆေးကို တခြားကုမ္ပဏီတွေက ကိုယ်ပိုင်ဗားရှင်းနဲ့ ထုတ်လုပ်နိုင်တယ်၊ ဘရန်းအမည်တော့ မတူရဘူးပေါ့။ သူတို့အားလုံးက ဘရန်းအမှတ်တံဆိပ်ဆေးဝါးတွေပါပဲ။ မူပိုင်ခွင့်သက်တမ်းကုန်ဆုံးပြီးနောက်ပိုင်း ထုတ်လုပ်တဲ့ဆေးတွေကိုတော့ ဘရန်းအမည်မပါတဲ့generic brandsတွေလို့ခေါ်ပါတယ်။

ဈေးကွာတယ်ဆိုတိုင်း အပေါစားမဟုတ်ပါဘူး။ FDA ရဲ့စည်းမျဉ်းသတ်မှတ်ချက်အရ ဘရန်းတံဆိပ်နဲ့ အလားတူဆေးတွေအပါအဝင်ဆေးဝါးအားလုံးဟာ လုပ်ဆောင်ချက်ကောင်းရမှာဖြစ်ပြီးဘေးကင်းစိတ်ချရမှာချည်းဖြစ်ပါတယ်။ အလားတူဆေးတွေမှာ ဘရန်းဆေးဝါးတွေလိုပဲ အာနိသင်ပါဝင်ပစ္စည်းတွေ၊ကောင်းကျိုးတွေနဲ့ဘေးထွက်ဆိုးကျိုးတွေ အတူတူပဲရှိနေပါတယ်။

အတူတူပဲလို့ ဘာလို့ပြောနိုင်တာလဲ

ဆေးတစ်မျိုးမှာ ဘရန်းအမှတ်တံဆိပ်အမျိုးမျိုးနဲ့ဈေးကွက်မှာရှိနိုင်ပေမယ့် သူ့မှာပါဝင်တဲ့ဆေးအမျိုးအစားကတော့ အတူတူပါပဲ။ ဥပမာ AmoxicillinဆေးကိုAmoxil ၊ Moxilin စတဲ့ ဘရန်းအမည်တွေနဲ့ ရှိနေတာမျိုးဆိုAmoxicillinဆေးချင်းအတူတူပါပဲ။ ဘယ်လိုအလားတူဆေးကိုပဲတွေ့တွေ့ ဆေးမှာ သို့မဟုတ် ဘူးမှာဖော်ပြထားတဲ့ label ပေါ်က မူရင်းဆေးအမျိုးအစားကို တိုက်ညှိစစ်ဆေးလိုက်ရင် တူမတူ သိနိုင်ပါတယ်။

ဒီဆေးတွေက Original Brand အတိုင်းပဲ –

  • ပါဝင်ဆေးအမျိုးအစား ပမာဏတူညီရမယ်၊
  • ကုသမှုမှာ ထိရောက်မှုအာနိသင်တူညီရမယ်၊
  • ဘေးကင်းစိတ်ချရမှုနဲ့ အရည်အသွေးစံနှုန်းချင်း တူညီရမယ် လို့FDA ကချမှတ်ထားတာဖြစ်ပါတယ်။

အလားတူဆေးတွေသောက်ရင် ဘရန်းဆေးတွေလောက် မကောင်းဘူးလို့ ဘာလို့ထင်ကြတာလဲ

ပါဝင်တဲ့ဆေးအမျိုးအစားက တူညီပေမယ့် ‘inactive’ ingredients သို့မဟုတ်Excipients လို့ခေါ်တဲ့ဖျော်စပ်အကူပစ္စည်းတွေကတော့ မတူကြပါဘူး။ ဆေးဝါးတစ်မျိုးကို တခြားဘရန်းတွေနဲ့မတူအောင် ပုံစံပြောင်းဖို့အတွက် ထုတ်လုပ်မှုလုပ်ငန်းစဉ်မှာ Excipientsတွေကို အသုံးပြုပါတယ်။ဆေးဝါးတွေကိုပေါင်းစပ်ပေးဖို့၊ ကြာရှည်ခံဖို့ ၊ဆေးပြား သို့မဟုတ်ဆေးတောင့်ပုံစံဖြစ်လာစေဖို့ လုပ်ဆောင်ရာမှာလည်း သုံးပါတယ်။Excipientsတွေထဲမှာ –

  • လက်တို့စ်(Lactose)
  • အရောင်တွေ
  • ဂလူတင် (Gluten)
  • တာရှည်ခံပစ္စည်းတွေ ပါဝင်ပါတယ်။

Excipientsတွေကဆေးရဲ့ပုံသဏ္ဍာန်၊အရွယ်အစား၊အနံ့၊အရောင်တွေကိုပြောင်းလဲစေနိုင်တာကြောင့် အမျိုးအစားတူ ဘရန်းဆေးတွေ ပုံစံမတူကြတာပဲဖြစ်ပါတယ်။ဆေးမှာ အပေါ်ယံလွှာ(coating) အုပ်ထားတာ၊ အာနိသင်ဖြည်းဖြည်းချင်းထွက်ရှိစေတာ(Slow release) စတဲ့ မတူညီတဲ့လုပ်ဆောင်ပုံတွေရှိတာရယ်၊ လူတစ်ဦးနဲ့တစ်ဦးဆေးကိုစုပ်ယူနိုင်စွမ်းကွာခြားတာရယ် အပေးအယူမမျှတဲ့အခါဆေးအာနိသင်သိသာမှုမှာ နည်းနည်းကွာခြားတတ်ပါတယ်။ တချို့ဆေးတွေကမြန်မြန်သက်သာပေမယ့် တချို့ကျ သူ့အချိန်အတိုင်းအတာနဲ့သူဖြည်းဖြည်းချင်းကုသပေးသွားတာမျိုးဖြစ်နိုင်ပါတယ်။

အမှန်ကဈေးပိုနည်းလို့ အာနိသင်လျော့တာ၊ အရည်အသွေးလျော့တာမဟုတ်သလိုဈေးပိုများလို့ အာနိသင်အကောင်းဆုံးမဟုတ်ပါဘူး။ ကုမ္ပဏီကွဲတဲ့ အလားတူဆေးတွေနဲ့ပတ်သက်ရင်တော့ မစိုးရိမ်ပါနဲ့။ ဆရာဝန်ညွှန်းတဲ့ဘရန်းတံဆိပ်ကို ဦးစားပေးပါ၊ သို့သော် အလားတူဆေးပဲရှိတယ်ဆိုလည်း အတင်းရှောင်မပြေးပါနဲ့။ အာနိသင်အတူတူပါပဲလို့ အကြံပြုချင်ပါတယ်။ ကိုယ်ဝယ်မိတာ ဆေးအတုတော့ မဖြစ်စေနဲ့ပေါ့။

Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့်ကုသမှုများမပြုလုပ်ပေးပါ။

Hello Sayarwon Panel
Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Yun Sandi Nan Mon မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 11/05/2020 ဖြစ်ပါသည်။