backup og meta

သင့်အသည်းမကျန်းမာဘူးဆိုတာ ဘယ်လိုသိနိုင်မလဲ

မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။ Dr. K Zin Thwe


Dr . Phyu Mon Latt မှ ရေးသားသည်။ · 25/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    သင့်အသည်းမကျန်းမာဘူးဆိုတာ ဘယ်လိုသိနိုင်မလဲ

    သင့်အသည်းမကျန်းမာဘူးဆိုတာ ဘယ်လိုသိနိုင်မလဲ ။ အသည်း ကျန်းမာမှ ကိုယ်တွင်းက အဆိပ်အတောက်တွေကို ထိထိရောက်ရောက် ဖယ်ရှားနိုင်မှာပါ။

    အသည်း – အကြီးဆုံးကိုယ်အင်္ဂါ

    အသည်းဟာ ကြီးမားပြီး နီညိုရောင်ရှိကာ အစာအိမ်အပေါ်ဘက်၊ ရင်ဝမ်းခြားကြွက်သား အောက်ဘက်မှာ ရှိတဲ့ ဝမ်းဗိုက်ရဲ့ ညာဘက်အပေါ်ပိုင်းက ကိုယ်အင်္ဂါတစ်ခု ဖြစ်ပါတယ်။

    အမျိုးသမီးတွေမှာ ၁.၃ ကီလိုလေးပြီး အမျိုးသားတွေမှာ ၁.၈ ကီလိုလေးပါတယ်။ အသည်းဟာ ကိုယ်ခန္ဓါမှာ အကြီးမားဆုံး ကိုယ်အင်္ဂါအစိတ်အပိုင်း ဖြစ်ပါတယ်။ အသည်းဟာ ကိုယ်ခန္ဓါ သွေးစီးဆင်းမှုရဲ့ ၁၃ ရာခိုင်နှုန်းကို ထိန်းထားပြီးတော့ မတူညီတဲ့ လုပ်ငန်းဆောင်တာပေါင်း ၅၀၀ လောက်ကို ပြုလုပ်ပေးပါတယ်။

    အသည်းမှာ အသည်းဆဲလ်တွေ ပါဝင်ပြီး သူတို့ဟာ အာဟာရဓါတ်တွေကို စုပ်ယူကာ အန္တရာယ်ရှိတဲ့ အရာဝတ္ထုတွေကို အဆိပ်ဖြေပြီး သွေးအတွင်းမှ ထုတ်ပေးပါတယ်။ အသည်းဟာ အစာခြေခြင်းနဲ့ အဆိပ်ချေဖျက်ခြင်းအတွက် မရှိမဖြစ်တဲ့ ကိုယ်အင်္ဂါတစ်ခု ဖြစ်ပါတယ်။

    သင့်အသည်းမကျန်းမာဘူးဆိုတာ ဘယ်လိုသိနိုင်မလဲ

    အသည်းရောဂါဟာ မွေးရာပါ (သို့) အခြားအကြောင်းရင်းတွေဖြစ်တဲ့ အသည်း ရောဂါပိုးဝင်ခြင်း၊ အရက်အလွန်သုံးစွဲခြင်းနဲ့ အဝလွန်ခြင်းတွေကြောင့် အသည်းပျက်စီးခြင်းကို ဖြစ်စေပါတယ်။ ဥပမာ နာတာရှည် အသည်းပျက်စီးခြင်းဟာ အသည်းအမာရွတ်ထင်ခြင်းကို ဖြစ်စေပြီး နောက်ဆုံးမှာ အသည်းခြောက်ခြင်းကို ဖြစ်စေနိုင်ပါတယ်။ အသည်းခြောက်ခြင်းဟာ ပြန်မကောင်းနိုင်ဘဲ အသည်းပျက်စီးခြင်းကို ဖြစ်စေတဲ့ အန္တရာယ် ရှိတဲ့အခြေအနေ တစ်ခုပဲ ဖြစ်ပါတယ်။

    အသည်းရောဂါလက္ခဏာများ

    အသည်းရောဂါ အမျိုးအစား ၁၀၀ ကျော်ရှိပြီး လက္ခဏာတွေဟာ လူနာမှာ အသည်းရောင်ခြင်း၊ အရက်ကြောင့် ဖြစ်တဲ့အသည်းရောဂါ၊ အသဲအဆီဖုံးခြင်း၊ အသည်းခြောက်ခြင်း အစရှိတာတွေ ရှိသလားဆိုတာပေါ် မူတည်ပါတယ်။ ဒါ့ပြင် အစောပိုင်းအဆင့်တွေမှာ ရောဂါလက္ခဏာတွေဟာ သိသာ ထင်ရှားခြင်း မရှိပါဘူး။

    လက္ခဏာတွေဟာ ပျော့ပြီး တိကျမှုမရှိပဲ အစားအသောက်ပျက်ခြင်း၊ ပင်ပန်းခြင်း၊ နုန်းခြင်း၊ ပျို့အန်ခြင်း၊ ကိုယ်အလေးချိန် ကျဆင်းခြင်း အစရှိတာတွေ ဖြစ်နိုင်ပါတယ်။ ဒီလက္ခဏာတွေဟာ အသည်းရောဂါ အစပိုင်း အဆင့်တွေမှာ လွတ်သွားတတ်ပါတယ်။ အသည်းရောဂါ ပိုဆိုးလာရင် အောက်ပါလက္ခဏာအချို့ ဖြစ်လာမှာ ဖြစ်ပါတယ်။

    • ဗိုက်ညာဘက် အပေါ်ပိုင်း နာခြင်း

    ဗိုက်ညာဘက် အပေါ်ပိုင်းဟာ အသည်းရှိတဲ့ နေရာဖြစ်ပြီး ဒီနေရာမှာ နာခြင်း၊ မသက်မသာဖြစ်ခြင်းတွေ ခံစားရနိုင်ပါတယ်။ နာကျင်မှုဟာ အသည်းအရွယ်အစား အဆီ၊ ရောင်ရမ်းခြင်း၊ ထိခိုက်တွေကြောင့် ကြီးလာခြင်းကြောင့် ဖြစ်နိုင်ပါတယ်။

    • အသည်းကြီးခြင်း

    အသည်းရောဂါဟာ အသည်းကို သွားနေတဲ့ သွေးတွေကို နှောင့်ယှက်ပေးပြီး အကျိတ်ဖြစ်စေနိုင်ကာ အသည်းမှာ အကျိတ်ခဲဖြစ်နိုင်ပါတယ်။ အသည်းမှာ အကျိတ်ခဲဖြစ်ခြင်းရဲ့ အဖြစ်အများဆုံးအကြောင်းရင်းက အသည်းကင်ဆာ၊ အသည်းအဆီဖုံးခြင်းနဲ့ အသည်းခြောက်ခြင်း တွေပဲ ဖြစ်ပါတယ်။

    • အသားဝါခြင်း

    အသားဝါခြင်းဟာ အရေပြားဝါခြင်း၊ မျက်လုံး၊ လက်သည်းတွေ ဖြူခြင်းပဲ ဖြစ်ပါတယ်။ ဒီအခြေအနေဟာ အဝါဓါတ် (bilirubin) လို့ ခေါ်တဲ့ သွေးနီဥတွေ ပျက်စီးတဲ့အချိန်မှာ ထွက်တဲ့ စွန့်ပစ်ပစ္စည်းကို သေချာ သန့်စင်နိုင်စွမ်း မရှိတာကြောင့် ဖြစ်ပါတယ်။ bilirubin များခြင်းဟာ သွေးအတွင်း နဲ့ အရေပြားမှာ စုပြုံစေနိုင်ပြီး အဝါရောင် တွေ ဖြစ်စေပါတယ်။

    အသည်းခြောက်ခြင်း လက္ခဏာများ

    အသည်းရောဂါဟာ အစပိုင်းအဆင့်တွေမှာ ရောဂါလက္ခဏာတွေဟာ တိကျမှုမရှိဘဲ ပျော့တတ်ပါတယ်။ ဒါကြောင့် လူနာတွေဟာ ဒါကို သတိမမူမိပဲ အခြားအကြောင်းရင်းတွေကိုသာ စဉ်းစားမိတတ်ပါတယ်။

    အသည်းခြောက်ခြင်းဟာ နာတာရှည် အသည်းပျက်စီးမှုကြောင့် အသည်းဆဲလ်တွေ ပျက်စီးပြီး သူတို့နေရာမှာ အမာရွတ်တွေနဲ့ အစားထိုးခြင်းပဲ ဖြစ်ပါတယ်။ ဒီအခြေအနေဟာ အရက်အလွန်အကျွံသောက်ခြင်း၊ ဗိုင်းရပ်စ်ပိုးဝင်ခြင်းကြောင့် အသည်းရောင်ခြင်းနဲ့ အသည်းကို အဆိပ်သင့်စေတဲ့ အခြားအချက်အလက်တွေကြောင့် ဖြစ်စေပါတယ်။

    အသည်းအမာရွတ်ထင်ခြင်းဟာ ပုံမှန်အားဖြင့် ချောမွေ့နေတဲ့ အသည်းတစ်ရှူးတွေနေရာမှာ ပုံမှန်မဟုတ်တဲ့ အဖုလေးတွေ ဖြစ်လာခြင်းကို ဆိုလိုတာ ဖြစ်ပါတယ်။ ဒီအမာရွတ်ထင်ခြင်းဟာ အသည်းတစ်ရှူးတွေကို မာလာစေပြီး အသည်းကို သွားတဲ့ သွေးစီးဆင်းမှုကို တားမြစ်ပြီး လုပ်ငန်းဆောင်တာတွေကို ပျက်ယွင်းစေပါတယ်။ အသည်းခြောက်ခြင်း ပိုဆိုးလာတာနဲ့ အမျှ လက္ခဏာမရှိတာကြောင့် အသည်းပျက်စီးမှု ဆိုးရွားလာချိန်အထိ လက္ခဏာတွေ သတိမပြုမိပဲ ဖြစ်တတ်ပါတယ်။

    အသည်းခြောက်ခြင်းရဲ့ လက္ခဏာတွေကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။

    • ယားယံခြင်း

    ယားယံခြင်းဟာ သည်းခြေရည် ထဲမှာ ပါတဲ့ ဓါတုပစ္စည်းတစ်မျိုး သွေးထဲမှာ စုပြုံခြင်းကြောင့် ဖြစ်ပါတယ်။ ယားခြင်းဟာ အဖြစ်များတဲ့ လက္ခဏာ တစ်ခု ဖြစ်ပေမယ့် အမြဲတမ်းတော့ မရှိတတ်ပါဘူး။ လက္ခဏာ ဖြစ်ပေါ်လာပြီဆိုရင်တော့ အရေပြား တစ်ခုလုံးမှာ ပြင်းထန်စွာ ယားယံခြင်းကြောင့် စိတ်ရှုပ်ထွေးဖွယ် ဖြစ်ပါတယ်။

    • အလွယ်ကူ အညိုအမဲ စွဲခြင်း

    အသည်းပျက်စီးခြင်းဟာ သွေးခဲဖို့ လိုအပ်တဲ့ ပရိုတင်းတွေ ထုတ်လုပ်ခြင်းကို တားမြစ်တာကြောင့် သွေးထွက်ခြင်း၊ အညိုအမဲစွဲခြင်းတွေ အလွယ်တကူ ဖြစ်နိုင်ပါတယ်။

    • ဟော်မုန်း မျှတမှု မရှိခြင်း

    ပျက်စီးနေတဲ့ အသည်းဟာ ဟော်မုန်းတွေ ထုတ်လုပ်ခြင်း၊ ချေဖျက်ခြင်းကို ထိန်းညှိနိုင်ခြင်း မရှိတော့ပါဘူး။ အမျိုးသားတွေမှာ ဒါဟာ ရင်သားကြီးခြင်းကို ဖြစ်စေပြီးတော့ ဝှေးစေ့တွေကို ရှုံ့စေပြီး အမျိုးသမီးတွေမှာတော့ ရာသီစက်ဝန်း မမှန်ခြင်းတွေ ဖြစ်နိုင်ပါတယ်။

    • ပင့်ကူသဏ္ဍာန်ယှက်သွယ်နေသော သွေးကြောမျှင်များ (Spider angiomas)

    Spider angiomas တွေဟာ သေးငယ်ပြီး ပင့်ကူနဲ့ တူတဲ့ သွေးကြောအမျှင်လေးတွေဖြစ်ပြီး အရေပြား မျက်နှာပြင်အောက်မှာမို့ မြင်နိုင်ပါတယ်။ ဒီအခြေအနေဟာ လူတစ်ယောက်ရဲ့ estrogen ဟော်မုန်းပမာဏ မြင့်တက်ပြီး အသည်းက ကောင်းစွာ မချေဖျက်နိုင်ရင် ဖြစ်ပေါ်နိုင်ပါတယ်။ အသည်းခြောက်သူတွေရဲ့ ၃၃ ရာခိုင်နှုန်း ဟာ Spider angiomas ဖြစ်နိုင်ပါတယ်။

    • အသည်းရောဂါ နောက်ဆက်တွဲ ဦးနှောက်ထိခိုက်ခြင်း (Hepatic encephalopathy)

    ဒီရောဂါဟာ အသည်းက အန္တရာယ်ရှိတဲ့ ပစ္စည်းတွေကို စွန့်ထုတ်ခြင်း မလုပ်နိုင်တာကြောင့် ဒီပစ္စည်းတွေ ဦးနှောက်အတွင်း စုပြုံပြီး ဦးနှောက်လုပ်ငန်းဆောင်တာ ကျဆင်းတာကြောင့် ဖြစ်ပါတယ်။ သုတေသနတွေက Hepatic encephalopathy ဖြစ်စေတဲ့ အရာဝတ္ထုတွေမှာ အမိုးနီးယား၊ ဖက်တီးအက်ဆစ်၊ mercaptans တွေပါဝင်တယ်လို့ ဆိုပါတယ်။

    ဒီအသည်းခြောက်ခြင်း၏ နောက်ဆက်တွဲ ဆိုးကျိုးဟာ စိတ်ရှုပ်ခြင်း၊ မှတ်ဉာဏ် ခဏတာ ပျောက်ခြင်းနဲ့ သတိမေ့ခြင်းတွေ ဖြစ်စေနိုင်ပါတယ်။

    • ရေဖျဉ်းစွဲခြင်း

    ရေဖျဉ်းဆွဲခြင်းဟာ အသည်းခြောက်ခြင်းကြောင့် ကျောက်ကပ်လုပ်ငန်းဆောင်တာ ကောင်းစွာ မဆောင်ရွက်နိုင်တာကြောင့် ကိုယ်ခန္ဓါအတွင်း အရည်စုပြုံခြင်းကြောင့် ဖြစ်ပါတယ်။ ကျောက်ကပ်လုပ်ငန်းဆောင်တာ ကျဆင်းခြင်းဟာ ဆိုဒီယမ်နဲ့ ရေဓါတ် ကိုယ်ခန္ဓါအတွင်းကျန်နေခြင်းကို ဖြစ်စေနိုင်ပါတယ်။

    • ပေါ်တယ်သွေးပြန်ကြော သွေးဖိအားများခြင်း (Portal hypertension)

    အသည်းခြောက်ခြင်းကြောင့် အသည်းမှာ ပြင်းထန်တဲ့ အမာရွတ်ထင်ခြင်းတွေ ဖြစ်ပြီဆိုရင် သွေးဟာ အသည်းအတွင်းကို လွယ်ကူစွာ စီးဆင်းနိုင်ခြင်း မရှိတော့ပါဘူး။ ဒါဟာ အသည်းကို သွေးပေးနေတဲ့ သွေးပြန်ကြော ဖိအားကို တက်စေနိုင်ပါတယ်။ ဒီသွေးပြန်ကြောကို ပေါ်တယ်သွေးပြန်ကြော (portal vein) လို့ခေါ်ပြီး သွေးဖိအားတက်ခြင်းကိုတော့ Portal hypertension လို့ခေါ်ပါတယ်။

    တကယ်လို့ Portal hypertension ဖြစ်တယ်ဆိုရင် သွေးဟာ အစာမြိုပြွန်နဲ့ အစာအိမ်တွေမှာရှိတဲ့ သွေးကြောတွေထဲမှာ ရှိတဲ့ အခြားသွေးပြန်ကြောတွေအတွင်းကို စီးဆင်းပါတယ်။ ဒီသွေးပြန်ကြောတွေကို သွေးကြောထုံးလို့ ခေါ်ပြီး သွေးကြောထုံးနံရံတွေဟာ ပေါက်ထွက်နိုင်ပါတယ်။ ဒီသွေးကြောထုံးတွေ ပေါက်ထွက်ခြင်းဟာ ကိုယ်ခန္ဓါအတွင်း သွေးယိုစီးခြင်းကို ဖြစ်စေပြီး သွေးအန်ခြင်း၊ ကတ္တရာစီးရောင် ဝမ်းသွားခြင်းတွေ ဖြစ်နိုင်ပါတယ်။

    သွေးကြောပေါက်ထွက်ခြင်းဟာ အသည်းခြောက်ခြင်းရဲ့ ပြင်းထန်ပြီး အသက်ကို ခြိမ်းခြောက်နိုင်တဲ့ နောက်ဆက်တွဲဆိုးကျိုးတစ်ခုဖြစ်ကာ အရေးပေါ်ကုသမှု ယူဖို့ လိုအပ်နိုင်ပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။

    Dr. K Zin Thwe


    Dr . Phyu Mon Latt မှ ရေးသားသည်။ · 25/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement