backup og meta

အသည်းရောင် စီရောဂါ ရှိသူတွေအတွက် စားသောက်နေထိုင်မှုပုံစံ


Yun Sandi Nan Mon မှ ရေးသားသည်။ · 25/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အသည်းရောင် စီရောဂါ ရှိသူတွေအတွက် စားသောက်နေထိုင်မှုပုံစံ

    ခုချိန်မှာ အသည်းရောင် စီပိုးရှိတဲ့သူတွေအတွက် အရင်ကထက် ဆေးဝါးကုသမှုတွေရွေးချယ်စရာပိုများလာတယ်ဆိုပေမယ့် ကုသမှုကတော့ အချိန်ယူရဆဲပါပဲ။ ဆေးဝါးအမျိုးအစားကို မူတည်ပြီး ကုထုံးတစ်ခုရဲ့ ကြာချိန်က ၈ ပတ်ကနေ ၂၄ ပတ်အထိ ရှိတတ်ပါတယ်။

    နေပြန်ကောင်းလာဖို့ကို အဓိကထားပြီး သည်းခံတာတောင် တချို့မှာ ကုထုံးဒဏ်အတော်ခံရပါတယ်။ဆေးဝါးတိုင်းမှာဘေးထွက်ဆိုးကျိုးဆိုတာရှိပေမယ့် ဒါတွေကို ကာကွယ်နိုင်ဖို့၊ ခံနိုင်ရည်ရှိဖို့၊ သက်သက်သာသာ ကျော်လွန်နိုင်ဖို့ ကိုယ့်ဘက်ကပြင်ဆင်ထားလို့ရပါတယ်။ အသည်းရောင်ရောဂါရှိတဲ့သူတွေအတွက် ဘယ်လိုနေထိုင်စားသောက်သင့်လဲဆိုတာ သိထားသင့်တဲ့အချက်တွေကို အကြံပြုပေးလိုက်ပါတယ်။

    (၁) အနားယူချိန် အလုံအလောက်ပေးပါ

    အသည်းရောင်စီရောဂါ ကုထုံးတွေရဲ့ အဖြစ်များဆုံးဘေးထွက်ဆိုးကျိုးကတော့မောပန်းအားကုန်တာပဲဖြစ်ပါတယ်။ဖြစ်နိုင်ရင် အလုပ်တွေလျှော့ပြီး အနားယူချိန်ပိုပေးပါ။ အိပ်ရာဝင်ချိန်နဲ့ အိပ်ရာထချိန်တစ်ခု ပုံမှန်သတ်မှတ်ပြီး လိုက်နာတာက ညအိပ်မပျော်တဲ့သူတွေအတွက် အဆင်ပြေစေနိုင်ပါတယ်။ ညနောက်ကျချိန်မှာကော်ဖီ၊လက်ဖက်ရည်၊ ကဖင်းတွေမသောက်ဖို့ သတိထားပါ။ ဖုန်းလည်း သိပ်မကြည့်ပါနဲ့။ အိပ်ရေးပျက်ခဲ့ရင် ပင်ပန်းနွမ်းနယ်မှုကို ပိုဆိုးစေနိုင်ပါတယ်။

    (၂) ကျန်းမာအားပြည့်အောင် စားပါ

    အသည်းရောင်စီပိုးရှိတာ သိပြီးတာနဲ့ အသည်းကို အားဖြည့်ဖို့လိုနေပါပြီ။ ကျန်းမာရေးနဲ့ညီပြီး အာဟာရပြည့်တဲ့အစားအသောက်တွေက အသည်းကို ဝန်ပိခြင်းလျော့နည်းအောင် ကူညီပေးနိုင်ပါတယ်။

    ညီညွတ်မျှတတဲ့ အာဟာရပြည့် စားသောက်မှုပုံစံဆိုတာ ကာဗိုဟိုက်ဒရိတ်မျိုးစုံ၊ ပရိုတင်းတွေရယ်၊ အစေ့အဆန်တွေလိုမျိုး အကျိုးပြုအဆီဓါတ်အရင်းအမြစ်တွေပါဝင်ရမယ်။နေ့စဉ်အာဟာရမှာ အသီးအနှံနဲ့ အသီးအရွက်တွေကို မပါမဖြစ် ထည့်သွင်းပါ။ မအီမသာဖြစ်တာ၊ ခံတွင်းပျက်တာတွေဖြစ်နေရင် အစားကို နည်းနည်းချင်း အကြိမ်ရေခွဲစားပါ။

    ကိုယ့်မှာ အသည်းလုပ်ဆောင်ချက်ပျက်ယွင်းတာ ဒါမှမဟုတ် အသည်းခြောက်တာဖြစ်နေပြီဆိုရင် ပရိုတင်းနဲ့ အငန်စားတာသိပ်များတဲ့အခါ အသည်းကိုထိခိုက်စေတယ်ဆိုတာ သတိရပါ။ ဒါ့ကြောင့် ဘယ်အစားအစာအုပ်စုကိုမှ အလွန်အကျွံမစားဖို့ သတိထားသင့်ပါတယ်။

    (၃) ချိုလွန်းတာ၊ စပ်လွန်းတာတွေ ရှောင်ပါ

    အချိုစာတွေနဲ့ အစပ်တွေကြောင့် မအီမသာဖြစ်တာ၊ ပျို့အန်တာနဲ့ ဝမ်းပျက်ဝမ်းလျှောတာတွေဖြစ်စေနိုင်ပါတယ်။ အသည်းရောင်စီပိုးဆေးဝါးတွေသောက်သုံးနေရသူအများစုမှာ အစာအိမ်နဲ့ အစာခြေစနစ်ပြဿနာတွေ ပိုဖြစ်လွယ်ပါတယ်။ ကုသမှုကာလအတွင်း အရသာပြင်းတဲ့အစားအစာတွေကို မစားပါနဲ့။

    (၄) အရက်၊ ဘီယာရှောင်ပါ

    အသည်းကိုအားဖြည့်ဖို့အတွက်ဆို အရက်ကိုရှောင်သင့်ပါတယ်။ အရက်ကြောင့် အသည်းရောဂါကို ပိုပြီးမြန်မြန်ဆိုးရွားစေနိုင်ပါတယ်။ အရက်၊ ဘီယာ၊ ဝိုင် စတဲ့ အယ်လ်ကိုဟောပါဝင်သမျှသောက်စရာတွေအကုန်လုံး အကျုံးဝင်ပါတယ်နော်။

    (၅) ဖြည့်စွက်အားဆေးတွေ မသောက်ပါနဲ့

    ဖြည့်စွက်အားဆေးတိုင်း မတည့်တာမဟုတ်ပေမယ့် တချို့တလေကြောင့် အသည်းကို ထိခိုက်စေနိုင်ပါတယ်။ ကိုယ့်မှာ အသည်းရောင်စီပိုးရှိတယ်ဆိုရင် သံဓါတ်အားဆေး၊ ဗီတာမင်အေ အားဆေးတို့နဲ့ သဘာဝအရင်းအမြစ်တွေကနေထုတ်လုပ်တဲ့ဖြည့်စွက်အားဆေးတွေကိုရှောင်ပါ။

    (၆) ကိုယ်လက်လေ့ကျင့်ခန်း ပုံမှန်လုပ်ပါ

    ကိုယ်လက်လှုပ်ရှားမှုကြောင့် ကိုယ်အလေးချိန်ကို ထိန်းသိမ်းနိုင်စေပါတယ်။ အသည်းရောင်စီပိုးရှိတဲ့သူတွေဟာ ဆီးချိုဖြစ်လာနိုင်ခြေပိုများတယ်လို့ အမေရိကန်အသည်းရောဂါဖောင်ဒေးရှင်းကဖော်ပြထားပါတယ်။ ဒါ့ကြောင့် ကျန်းမာတဲ့ကိုယ်အလေးချိန်ထိန်းသိမ်းခြင်းက ဒီအန္တရာယ်လျော့နည်းစေနိုင်ပါတယ်။

    (၇)ရေသောက်ပါ

    ရေများများသောက်ပါ။ အထူးသဖြင့် အသည်းရောင်စီရောဂါကုထုံး ခံယူနေတဲ့အချိန် ပိုအရေးကြီးပါတယ်။ရေဓါတ်ပြည့်ဝနေရင် အသားခြောက်တာ၊ အာခေါင်ခြောက်တာတွေလိုဘေးထွက်ဆိုးကျိုးတွေမဖြစ်စေတော့ဘူးပေါ့။

    Hello Health Groupသည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Yun Sandi Nan Mon မှ ရေးသားသည်။ · 25/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement