ဆရာဝန်၊ သူနာပြု၊ စိတ်ကျန်းမာရေးပညာရှင်၊ စိတ်ပိုင်းဆိုင်ရာ ဆွေးနွေးကုသသူ၊ စကားပြောကုထုံးပညာရှင်တွေက သင်နဲ့သင့်မိသားစုကို ကူညီပေးနိုင်ပါတယ်။ ဒီပညာရှင်တွေက လူနာနေကောင်းလာအောင် ပြန်လည်ထူထောင်ပြုစုရာမှာ ပါဝင်နိုင်သလို မိသားစုဝင်တွေရဲ့ အတွေးနဲ့ခံစားချက်တွေကို ထိန်းညှိပေးရာမှာလည်း ကူညီပေးနိုင်ပါတယ်။
နှစ်သိမ့်ဆွေးနွေးပညာပေးအုပ်စုမှာ ပါဝင်ပါ
နှစ်သိမ့်ဆွေးနွေးပညာပေးအုပ်စုမှာ လေဖြတ်လူနာရှိသည့် မိသားစုများ၊ ဆရာဝန်၊ သူနာပြုနဲ့ အခြားသက်ဆိုင်ရာ နယ်ပယ်အသီးသီးက ပညာရှင်တွေ ပါဝင်ပါတယ်။ ဒီလိုအုပ်စုတစ်ခုခုမှာ ပါဝင်ဆွေးနွေးခြင်းအားဖြင့် လူနာနဲ့ မိသားစုအတွက် အသုံးဝင်မယ့် အကြံကောင်းဉာဏ်ကောင်းတွေ ရရှိလာနိုင်သလို သင့်မိသားစုမှာဖြစ်နေတဲ့ ပြဿနာတွေအကြောင်း ရင်ဖွင့်ဆွေးနွေးနိုင်ပါတယ်။ ကိုယ့်မိသားစုလိုပဲ တူညီတဲ့အခက်အခဲတွေ ရင်ဆိုင်နေရတဲ့ အခြားမိသားစုတွေရှိနေတယ်ဆိုတာ သိလာရသလို သင့်အခက်အခဲတွေကို နားလည်ပေးနိုင်သူတွေနဲ့ တွေ့ဆုံစကားပြောရတဲ့အတွက် စိတ်အားတက်ကြွပြီး စိတ်သက်သာရာရလာမှာ ဖြစ်ပါတယ်။ သင်ကိုယ်တိုင်က ပညာရှင်မဟုတ်ပေမယ့် နှစ်သိမ့်ဆွေးနွေးပညာပေးအုပ်စုမှာ သင့်မိသားစုဝင်အားလုံးကို ပါဝင်စေခြင်းအားဖြင့် ကူညီပေးနိုင်ပါတယ်။
ပြန်လည်ထူထောင်ရေးအစီအစဉ်မှာ ပါဝင်ပါ
သင်အပါအဝင် သင့်မိသားစုဝင်အားလုံးဟာ ကာယကံရှင်လူနာရဲ့ ပြန်လည်ထူထောင်ရေးအတွက် ပဓါနကျတဲ့ အစိတ်အပိုင်းတွေ ဖြစ်ပါတယ်။ သင့်မိသားစုဝင်တွေကို ပြန်လည်ထူထောင်ရေးအစီအစဉ်မှာ ပါဝင်ဖို့ တိုက်တွန်းပါ။ သင့်အနေနဲ့ လူနာရဲ့ပြန်လည်ထူထောင်ရေးမှာ ပါဝင်ကူညီပေးနိုင်သလို ဘာလုပ်သင့်တယ်၊ ဘာမလုပ်သင့်ဘူး စသည်ဖြင့် ဆုံးဖြတ်ချက်ချရမှာလည်း ကူညီပေးနိုင်ပါတယ်။ လူနာကို ဆေးရုံဆေးခန်း ခေါ်သွားပေးခြင်း၊ ပြန်လည်ထူထောင်ရေး အစီအစဉ်မှာ ရံဖန်ရံခါပါဝင်ခြင်း၊ ၎င်းအစီအစဉ်မှာ သင်ယူခဲ့သည်များကို အိမ်မှာပြန်လေ့ကျင့်နိုင်အောင် ကူညီပေးခြင်း စတာတွေဟာ လူနာအတွက် သင်လုပ်ပေးနိုင်တဲ့ အထောက်အပံ့ကောင်းတွေပဲ ဖြစ်ပါတယ်။ မိသားစုဝင်အားလုံး တာဝန်ကိုယ်စီယူကြမယ်ဆိုရင် အရာအားလုံး အဆင်ပြေချောမွေ့လာပါလိမ့်မယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။