backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

Temporal Lobe Epilepsy (နားထင်ပိုင်းဦးနှောက်ခြမ်း အတက်ရောဂါ)

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar


Dr. Ye Mhan Linn မှ ရေးသားသည်။ · 22/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

အဓိပ္ပါယ်ဖွင့်ဆိုချက်

Temporal Lobe Epilepsy (နားထင်ပိုင်းဦးနှောက်ခြမ်း အတက်ရောဂါ) ကဘာလဲ။

အတက်ရောဂါဆိုတာ ဦးနှောက်ဆဲလ်တွေရဲ့ လှုပ်ရှားမှုအပြောင်းအလဲကြောင့် လေသင်တုန်းဖြတ်ခြင်း၊ ပုံမှန်မဟုတ်တဲ့ အပြုအမူနဲ့ ခံစားချက်တွေဖြစ်ပေါ်ခြင်း၊ တချို့လူတွေမှာ သတိလစ်ခြင်း စတဲ့ လက္ခဏာတွေ ဖြစ်ပေါ်စေတဲ့ ရောဂါတစ်မျိုးကို ခေါ်ပါတယ်။ နားထင်ပိုင်းဦးနှောက်ခြမ်းအတက်ရောဂါ အပါအဝင် အတက်ရောဂါအမျိုးအစားပေါင်း ၂၀ရှိပါတယ်။

နားထင်ပိုင်းဦးနှောက်ခြမ်းအတက်ရောဂါကို ရောဂါအခြေပြုတဲ့ အစိတ်အပိုင်းအပေါ်မူတည်ပြီး နှစ်မျိုးထပ်မံခွဲခြားနိုင်ပါတယ်။ ပထမတစ်မျိုးက အတွင်းဘက် နားထင်ပိုင်းဦးနှောက်ခြမ်းမှာ အခြေပြုပြီး ဒုတိယတစ်မျိုးက အပြင်ဘက် နားထင်ပိုင်းဦးနှောက်ခြမ်းမှာ အခြေပြုပါတယ်။ နားထင်ပိုင်းဦးနှောက်ခြမ်းဟာ စိတ်ခံစားမှုတွေကို ထိန်းချုပ်တဲ့ ဦးနှောက်အစိတ်အပိုင်းဖြစ်ပြီး ရေတိုမှတ်ဉာဏ် လုပ်ငန်းစဉ်နဲ့ ထိန်းသိမ်းခြင်းကိုလည်း ဆောင်ရွက်ပေးပါတယ်။

Temporal Lobe Epilepsy (နားထင်ပိုင်းဦးနှောက်ခြမ်း အတက်ရောဂါ) က ဘယ်လောက်အဖြစ်များသလဲ

အတက်ရောဂါ အမျိုးအစားအားလုံးထဲမှာ ဒီရောဂါဟာ အဖြစ်အများဆုံးဖြစ်ပါတယ်။ အတက်ရောဂါရှိသူတွေရဲ့ ၆၀ရာခိုင်နှုန်းဟာ နားထင်ပိုင်းဦးနှောက်ခြမ်း အတက်ရောဂါကို ခံစားနေရတာဖြစ်ပြီး အသက်အရွယ်မရွေးဖြစ်ပွားနိုင်ပါတယ်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။

လက္ခဏာများ

Temporal Lobe Epilepsy (နားထင်ပိုင်းဦးနှောက်ခြမ်း အတက်ရောဂါ) ရဲ့လက္ခဏာတွေကဘာတွေလဲ

ဒီရောဂါစတင်ဖြစ်ပေါ်တဲ့အခါ ကာယကံရှင်အနေနဲ့ အောက်မှာဖော်ပြထားတဲ့ ပုံမှန်မဟုတ်တဲ့ ခံစားချက်တွေ ရုတ်တရက်ခံစားရမှာ ဖြစ်ပါတယ်။

အဖြစ်အပျက်တစ်ခုခုကို ရင်းနှီးနေသလို၊ အရင်ကကြုံတွေ့ခဲ့ဖူးသလို ခံစားရခြင်း

အလွန်အမင်း ပျော်ရွှင်ခြင်း

အူလှိုက်သည်းလှိုက်ခံစားရခြင်း

စိုးရိမ်ပူပင်ခြင်း

ဒီလက္ခဏာတွေကို ရှေ့ပြေးနိမိတ်တွေ (auras) လို့ခေါ်ပါတယ်။ စက္ကန့်အနည်းငယ်မှ မိနစ်အနည်းငယ်ထိ ကြာမြင့်တတ်ပြီး နောက်ဆက်တွဲအနေနဲ့ လေသင်တုန်းဖြတ်သလို (ခြေလက်တွေတောင့်တင်းသွားတာ၊ ကွေးကောက်သွားတာမျိုး) ခံစားရမှာဖြစ်ပါတယ်။ အခြားဖြစ်နိုင်ချေရှိတဲ့ ရှေ့ပြေးနိမိတ်တွေကတော့ တကယ်မရှိတဲ့ အသံဗလံ၊ စကားပြောသံ၊ လူသံတွေကြားရခြင်း၊ အနံ့၊ အရသာ တမျိုးမျိုးရခြင်း တို့ပဲဖြစ်ပါတယ်။ ဒီရောဂါရှိတိုင်း ရှေ့ပြေးနိမိတ်တွေ ကြုံတွေ့ရမှာမဟုတ်သလို တချို့က ရှေ့ပြေးနိမိတ်တွေကို မမှတ်မိကြပါဘူး။

လေသင်တုန်းဖြတ်ပြီဆိုရင် သင်ဟာ သတိရနေပေမယ့် သင့်ခန္ဓါကိုယ်က သူ့အလိုလို တွန့်လိမ်ကွေးကောက်လာတာ၊ လှုပ်ရှားမှုတွေဖြစ်လာတာကို ခံစားရမှာဖြစ်ပါတယ်။ နှုတ်ခမ်းကို တပြွတ်ပြွတ်လုပ်ခြင်း၊ မျိုချခြင်း၊ ဝါးခြင်း၊ တနေရာရာကို စိုက်ကြည့်ခြင်း၊ လက်တွေကို ပွတ်ခြင်း စတဲ့ သင်မထိန်းချုပ်နိုင်တဲ့ အပြုအမူတွေ ထပ်တလဲလဲ ပြုလုပ်မိနိုင်ပါတယ်။ လူတစ်ယောက်နဲ့တစ်ယောက် ရောဂါဖြစ်ပုံဖြစ်နည်း မတူညီတတ်သလို ဖြစ်တဲ့အချိန်ကာလ အတိုအရှည်လည်း မတူညီတတ်ပါဘူး။ ရောဂါလက္ခဏာ ပြင်းပြင်းထန်ထန် ပြတတ်သလို ကိုယ့်ဘာသာ ဖြစ်လို့ဖြစ်မှန်း သတိမထားလိုက်မိတဲ့ အခြေအနေမျိုးလည်း ရှိနိုင်ပါတယ်။ ဒီရောဂါကြောင့် လေသင်တုန်းဖြတ်ပြီးတဲ့အခါ ခံစားရလေ့ရှိတာတွေကတော့

စကားပြောရခက်ခြင်း

စိတ်ရှုပ်ထွေးခြင်း

လေသင်တုန်းဖြတ်မှန်း သတိမထားမိခြင်း

အလွန်အမင်း ခြေကုန်လက်ပမ်းကျခြင်း

ရှားရှားပါးပါးဆိုသလို နားထင်ပိုင်းဦးနှောက်ခြမ်း အတက်ရောဂါရှိသူတွေဟာ ခြေလက်လေးဘက်စလုံး တောင့်တင်းပြီး တဆတ်ဆတ်တုန်အောင် တက်လေ့ရှိတဲ့ grand mal လို့ခေါ်တဲ့ အတက်ရောဂါတစ်မျိုး ဆက်လက်ဖြစ်ပွားနိုင်ပြီး အပြင်းအထန် အကြောဆွဲ တက်ခြင်းနဲ့ သတိလစ်ခြင်းတို့ကိုပါ ခံစားရနိုင်ချေ ရှိပါတယ်။

အထက်မှာဖော်ပြထားတဲ့အထဲမှာမပါဝင်တဲ့ အခြားသောလက္ခဏာတွေလည်းရှိနိုင်ပါသေးတယ်။ တကယ်လို့ကိုယ့်ဆီမှာ ရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီး စိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ

သင့်ဆီမှာ အထက်ဖော်ပြပါ ရောဂါလက္ခဏာတွေထဲက တစ်ခုခုများရှိနေမယ်ဆိုရင် ဒါမှမဟုတ် မေးခွန်းတစ်ခုခုရှိနေမယ်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။ လူတိုင်းရဲ့ခန္ဓါကိုယ်တုံ့ပြန်မှုဟာ မတူညီနိုင်ပါဘူး။ သင့်အခြေအနေအတွက် ဘာအကောင်းဆုံးလဲဆိုတာကို သင့်ဆရာဝန်နဲ့ တိုင်ပင်တာက အကောင်းဆုံးပါပဲ။

အကြောင်းရင်းများ

Temporal Lobe Epilepsy (နားထင်ပိုင်းဦးနှောက်ခြမ်း အတက်ရောဂါ) ကိုဘာတွေကဖြစ်စေသလဲ

ဒီရောဂါဖြစ်ပွားစေနိုင်တဲ့ အကြောင်းရင်းများစွာရှိပေမယ့် အကြောင်းအရင်းအတိအကျကိုတော့ မသိရတာများပါတယ်။

ပညာရှင်တွေရဲ့ ယူဆချက်အရ ဒီရောဂါဖြစ်စေနိုင်တဲ့ တချို့သောအကြောင်းအရင်းတွေကတော့

ဦးနှောက်ကို ပြင်းပြင်းထန်ထန် ထိခိုက်ဒဏ်ရာရခြင်း

ဦးနှောက်အမှေးရောင်ခြင်း၊ ဦးနှောက်သားရောင်ရမ်းခြင်း စသည့် ပိုးဝင်ဖူးသော ရာဇဝင်ရှိခြင်း

နားထင်ပိုင်းဦးနှောက်ခြမ်းရှိ hippocampus အမည်ရှိ အစိတ်အပိုင်းတွင် အမာရွတ်တက်ခြင်း

ဦးနှောက်သွေးကြောများ ပုံမမှန်ဖြစ်ခြင်း

လေဖြတ်ခြင်း

ဦးနှောက်အကျိတ်များ

မျိုးရိုးဗီဇ

ဦးနှောက်တွင်း လျှပ်စစ်လှိုင်းများလှုပ်ရှားမှု ပုံမမှန်ခြင်း

ဖြစ်နိုင်ခြေများ

ငါ့ဆီမှာ Temporal Lobe Epilepsy (နားထင်ပိုင်းဦးနှောက်ခြမ်း အတက်ရောဂါ) ဖြစ်နိုင်ခြေကိုဘာ်တွေက မြင့်တက်စေသလဲ

ဒီရောဂါ ဖြစ်ပွားနိုင်ချေကို မြင့်စေတဲ့အကြောင်းရင်းတွေအနက် အများဆုံးတွေ့ရတာကတော့ အဖျားကြီးပြီး အချိန်ကြာကြာ တက်ဖူးတဲ့ ရာဇဝင်ရှိခြင်းပဲ ဖြစ်ပါတယ်။ အခြားအကြောင်းရင်းတွေကတော့

ဦးခေါင်းပိုင်းထိခိုက်မိပြီး သတိလစ်ခြင်း

ငယ်ရွယ်စဉ် ထိခိုက်ဒဏ်ရာရခြင်း

မီးဖွားစဉ် ထိခိုက်ဒဏ်ရာရခြင်း

ဦးနှောက်ပုံမမှန်ခြင်း

ပိုးဝင်ခြင်း

ဦးနှောက်အကျိတ်ရှိခြင်း တို့ပဲဖြစ်ပါတယ်။

ဒီရောဂါဟာ ဆယ်ကျော်သက်နှောင်းပိုင်းနဲ့ အသက် ၂၀နှောင်းပိုင်းတွေမှာ စတင်ဖြစ်လေ့ရှိပါတယ်။ ပညာရှင်တွေရဲ့ ပြောဆိုချက်အရ အမျိုးသမီးတွေဟာ ရာသီစက်ဝန်းနဲ့ မျိုးဥကြွေချိန်အပေါ်လိုက်ပြီး ဟော်မုန်းအပြောင်းအလဲများတဲ့အတွက် လေသင်တုန်းဖြတ်နိုင်ချေ ပိုများတယ်လို့ သိရပါတယ်။

အထက်ပါဖြစ်ပွားနိုင်ချေများ မရှိခြင်းကြောင့် သင့်မှာ့နားထင်ပိုင်းဦးနှောက်ခြမ်းအတက်ရောဂါ မဖြစ်ဘူးလို့ ပြောလို့မရနိုင်ပါဘူး။ ဒီအချက်လက်များဟာ မှီငြမ်းကြည့်ရှုဖို့အတွက်ပဲဖြစ်ပါတယ်။ အသေးစိတ်သိရှိလိုပါက ဆရာဝန်နှင့် တိုင်ပင် ဆွေးနွေးဖို့ လိုအပ်ပါတယ်။

ရောဂါအဖြေရှာခြင်းနှင့် ကုသမှု

ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.

Temporal Lobe Epilepsy (နားထင်ပိုင်းဦးနှောက်ခြမ်း အတက်ရောဂါ) ကို ဘယ်လိုအတည်ပြုပါသလဲ

ဒီရောဂါဟုတ်မဟုတ် အတည်ပြုဖို့ သင့်ဆရာဝန်အနေနဲ့ လေသင်တုန်းဖြတ်တဲ့အချိန် ဖြစ်သမျှအကြောင်းအရာတွေကို အသေးစိတ်မေးမြန်းမှာ ဖြစ်ပါတယ်။ များသောအားဖြင့် ကာယကံရှင်ကိုယ်တိုင် ပြောပြတာထက် ပိုမှတ်မိနိုင်ချေရှိတဲ့ မျက်မြင်သက်သေတစ်ဦးဦးကို ပြောပြစေဖို့ အကြံပြုပါလိမ့်မယ်။

ဒီရောဂါဟုတ်မဟုတ် အဖြေရှာဖို့ စံထားအသုံးပြုတဲ့ နည်းပညာကတော့ MRI လို့လူသိများတဲ့ သံလိုက်လှိုင်းကိုအသုံးပြုပြီး ပုံရိပ်ဖော်ခြင်းပဲဖြစ်ပါတယ်။ MRI အကူအညီနဲ့ နားထင်ပိုင်းဦးနှောက်ခြမ်းအတက်ရောဂါ ဖြစ်စေနိုင်တဲ့ ဦးနှောက်ပုံမမှန်တဲ့ ဝိသေသလက္ခဏာတွေကို ရှာဖွေရတာ ဖြစ်ပါတယ်။

နောက်ပြီး EEG လို့ခေါ်တဲ့ ဦးနှောက်လျှပ်စစ်လှိုင်း ပုံဖော်စက်နဲ့ ရောဂါရှာဖွေတဲ့နည်းလမ်းကိုလည်း အသုံးပြုနိုင်ပါတယ်။ သတ်မှတ်ထားတဲ့နေရာတွေမှာ ပြတ်သားတဲ့လှိုင်းတွေ တွေ့ရမယ်ဆိုရင်တော့ ဒါဟာ နားထင်ပိုင်းဦးနှောက်ခြမ်းအတက်ရောဂါ ရှိနေတာကို ညွှန်ပြနေခြင်းဖြစ်ပါတယ်။ ဆရာဝန်တွေအနေနဲ့ တခါတရံမှာ လေသင်တုန်းဖြတ်တာတွေကို မှတ်သားဖို့ EEG ကို ဗီဒီယိုမှတ်တမ်းတင်ပြီး ခွဲစိတ်ကုသမှု ခံယူဖို့လိုမလို ဆုံးဖြတ်လေ့ရှိကြပါတယ်။

Temporal Lobe Epilepsy (နားထင်ပိုင်းဦးနှောက်ခြမ်း အတက်ရောဂါ) ကို ဘယ်လိုကုသပါသလဲ

ဒီရောဂါရှိသူအများစုဟာ အတက်ကျဆေးပေးလိုက်ရင် သက်သာသွားတတ်ပါတယ်။ ဒါပေမယ့် အတက်ကျဆေးတွေမှာ ပင်ပန်းနွမ်းနယ်ခြင်း၊ ကိုယ်အလေးချိန်တိုးခြင်း၊ ခေါင်းမူးခြင်း စတဲ့ အမျိုးမျိုးသော ဘေးထွက်ဆိုးကျိုးတွေရှိတဲ့အပြင် သန္ဓေတားဆေးကဲ့သို့ အချို့သောဆေးဝါးတွေရဲ့ အာနိသင်ကို နှောင့်ယှက်ဟန့်တားနိုင်တဲ့ သတ္တိရှိပါတယ်။

ဒီရောဂါရှိသူ သုံးပုံတစ်ပုံလောက်က ဆေးသောက်ရုံသက်သက်နဲ့ မသက်သာနိုင်ဘဲ တခြားကုသမှုတွေကိုပါ တွဲဖက်ခံယူကြရပါတယ်။ ခွဲစိတ်ကုသခြင်းဟာလည်း ဒီရောဂါကို ကုသတဲ့နည်းလမ်းတစ်မျိုးဖြစ်ပြီး အဓိကရည်ရွယ်ချက်ကတော့ လေသင်တုန်းဖြတ်တာ ရပ်တန့်သွားအောင်၊ အကြိမ်ရေနည်းသွားအောင် ပြုလုပ်ဖို့ပဲ ဖြစ်ပါတယ်။ ခွဲစိတ်မှုတိုင်းဟာ အန္တရာယ်ဖြစ်နိုင်ချေရှိတယ် ဆိုပေမယ့် ဒီရောဂါကုသဖို့ ပြုလုပ်ရတဲ့ ခွဲစိတ်မှုသာ မအောင်မြင်ခဲ့ဘူးဆိုရင် ဦးနှောက်အာရုံကြောပြဿနာတွေ ဖြစ်လာနိုင်ချေရှိပါတယ်။

တခြားကုသမှုနည်းလမ်းတွေကတော့

Vagus အာရုံကြောကို လှုံ့ဆော်ခြင်း

ရင်ဘတ်ထဲကို ညှပ်ရိုးအောက်ကတဆင့် ကိရိယာတစ်မျိုး ခွဲစိတ်ထည့်သွင်းပြီး လည်ပင်းမှာရှိတဲ့ Vagus အမည်ရှိ အာရုံကြောဆီ ဝိုင်ယာကြိုးသွယ်ကာ လှုံ့ဆော်မှုပေးတဲ့ နည်းလမ်းဖြစ်ပါတယ်။ ဒီကိရိယာရဲ့ အကူအညီနဲ့ လေသင်တုန်းဖြတ်တဲ့ အကြိမ်ရေနဲ့ ပြင်းထန်မှုကို လျော့ချနိုင်မှာ ဖြစ်ပါတယ်။

အာရုံကြောတုံ့ပြန်လှုံဆော်ခြင်း

ဒီနည်းလမ်းကတော့ ဦးနှောက်မျက်နှာပြင် ဒါမှမဟုတ် ဦးနှောက်တစ်ရှုးထဲကို ကိရိယာတစ်မျိုး ခွဲစိတ်ထည့်သွင်းပြီး ဦးခေါင်းခွံမှာချိတ်ဆက်ထားတဲ့ ဘတ္ထရီအားသုံး လျှပ်စစ်ထုတ်စက်နဲ့ ဆက်သွယ်ပေးရတာပဲ ဖြစ်ပါတယ်။ လေသင်တုန်းဖြတ်တာကို အာရုံခံနိုင်ပြီး ဒီလိုဖြစ်စေတဲ့ ဦးနှောက်အစိတ်အပိုင်းဆီ လျှပ်စစ်လှုံ့ဆော်မှု ပို့လွှတ်ပေးခြင်းအားဖြင့် လေသင်တုန်းဖြတ်တာ ရပ်တန့်အောင် ဆောင်ရွက်ပေးမှာ ဖြစ်ပါတယ်။

ဦးနှောက်အတွင်းပိုင်း လှုံ့ဆော်ခြင်း

ဒါကတော့ စမ်းသပ်နေဆဲ ကုသမှုနည်းလမ်းတစ်ခုဖြစ်ပါတယ်။ Thalamus လို့ခေါ်တဲ့ ဦးနှောက်အတွင်းထဲက အစိတ်အပိုင်းမှာ လျှပ်ခေါင်းငယ်တွေ တပ်ဆင်ကုသခြင်းဖြစ်ပြီး ဒီလျှပ်ခေါင်းငယ်တွေက လေသင်တုန်းဖြတ်တာကို ရပ်တန့်စေမယ့် လျှပ်စစ်အချက်ပြလှိုင်းတွေ ထုတ်လွှတ်ပေးမှာဖြစ်ပါတယ်။

လူနေမှုပုံစံပြောင်းလဲခြင်းနှင့် အိမ်သုံးကုထုံးများ

လူနေမှုပုံစံပြောင်းလဲခြင်းနဲ့ အိမ်သုံးကုထုံးတွေအသုံးပြုခြင်းက နားထင်ပိုင်းဦးနှောက်ခြမ်း အတက်ရောဂါကို ကုသရာမှာ ဘယ်လိုအထောက်အကူပြုနိုင်မလဲ။

သင့်မှာ ဒီရောဂါရှိမယ်ဆိုရင် အောက်ဖော်ပြပါ အပြုအမူတွေက သင့်ကို အန္တရာယ်ဖြစ်စေနိုင်ပါတယ်။

ရေကူးခြင်း – အဖော်မပါဘဲ တစ်ယောက်ထဲရေကူးခြင်းကို ရှောင်ကြဉ်ပါ။ အသက်ကယ်ဝတ်စုံ အမြဲဝတ်ဆင်ပါ။

ရေစိမ်ခြင်း – ရေနစ်တဲ့အန္တရာယ်မှ ကာကွယ်တဲ့အနေနဲ့ ရေချိုးဇလုံထဲ စိမ်မယ့်အစား ရေပန်းနဲ့ရေချိုးပါ။

အမြင့်မှာအလုပ်လုပ်ခြင်း – မြင့်တဲ့နေရာမှာ အလုပ်လုပ်နေရင်း ရုတ်တရက် အတက်ရောဂါ ဖောက်လာရင် ပြုတ်ကျပြီး ထိခိုက်ဒဏ်ရာရနိုင်တဲ့အတွက် လှေကားပေါ်၊ ခေါင်မိုးပေါ်နဲ့ အခြားမြင့်မားတဲ့နေရာတွေမှာ အလုပ်လုပ်ခြင်းမှ ရှောင်ကြဉ်သင့်ပါတယ်။

ကားမောင်းခြင်း၊ စက်မောင်းခြင်း – နိုင်ငံခြားတိုင်းပြည်တွေက အချို့သောပြည်နယ်တွေမှာ အတက်ရောဂါရာဇဝင်ရှိသူတွေကို ယာဉ်မောင်းလိုင်စင် ကန့်သတ်တာမျိုး ပြုလုပ်လေ့ရှိပါတယ်။

သင့်အနေနဲ့ အရေးပေါ်အခြေအနေတစ်ခုခု ကြုံလာရင် အနီးအနားကလူတွေ အကူအညီပေးနိုင်အောင် သတိပေးလက်ပတ်လိုမျိုး တစ်ခုခုဝတ်ဆင်ဖို့ စဉ်းစားသင့်ပါတယ်။ ဒီလက်ပတ်မှာ သင့်ရဲ့ရောဂါအခြေအနေ၊ အရေးပေါ်ဆက်သွယ်ရမယ့်ပုဂ္ဂိုလ်၊ သောက်လက်စဆေးတွေနဲ့ မတည့်တဲ့ဆေးတွေအကြောင်း ဖော်ပြထားရမှာ ဖြစ်ပါတယ်။

အကယ်၍သင့်မှာ မေးခွန်းတွေရှိမယ်ဆိုရင် သင့်အတွက်သင့တော်တဲ့ အဖြေရှာဖွေနိုင်ဖို့ ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Kaung Thar


Dr. Ye Mhan Linn မှ ရေးသားသည်။ · 22/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

advertisement iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

advertisement iconadvertisement
advertisement iconadvertisement