backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

Myxedema coma (အသားဖောရောင်ပြီး သတိလစ်ခြင်း)


Dr. Kaung Thar မှ ရေးသားသည်။ · 28/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

အဓိပ္ပါယ်ဖွင့်ဆိုချက်

Myxedema coma (အသားဖောရောင်ပြီး သတိလစ်ခြင်း) ကဘာလဲ။

အသားဖောရောင်ပြီး သတိလစ်တယ်ဆိုတာ သွေးထဲမှာ လည်ပင်းအကျိတ်ဟော်မုန်းတွေ ကာလအတန်ကြာ အလွန်အမင်း ချို့တဲ့တာကြောင့် ဦးနှောက်ပုံမှန်အလုပ်မလုပ်တော့တာ ဖြစ်ပါတယ်။ အသားဖောရောင်ပြီး သတိလစ်တာကို လည်ပင်းအကျိတ်ဟော်မုန်းချို့တဲ့ခြင်းရဲ့ အသက်အန္တရာယ်ရှိတဲ့ နောက်ဆက်တွဲဆိုးကျိုးအဖြစ် သတ်မှတ်ကြပြီးတော့ လည်ပင်းအကျိတ်ရောဂါရဲ့ အရေးကြီးတဲ့ ဖြစ်ရပ်တစ်ခုလည်း ဖြစ်ပါတယ်။

Myxedema coma (အသားဖောရောင်ပြီး သတိလစ်ခြင်း) က ဘယ်လောက်အဖြစ်များသလဲ

အသားဖောရောင်ပြီး သတိလစ်ခြင်းက အဖြစ်မများပေမဲ့ အသက်အရွယ်ကြီးသူတွေနဲ့ အမျိုးသမီးတွေမှာတော့ ဖြစ်လေ့ရှိပါတယ်။ အပူချိန်နည်းတဲ့ ဆောင်းရာသီတွေမှာ ပိုအဖြစ်များလေ့ရှိပါတယ်။ အသားဖောရောင်ပြီး သတိလစ်ခြင်းက အသက်အန္တရာယ်ဆုံးရှူံးတဲ့အထိပါ ဆိုးရွားနိုင်ပါတယ်။ ကံကောင်းတာကတော့ ဒီလိုဖြစ်ဖို့အခွင့်အလမ်းနည်းပါးတာပဲ ဖြစ်ပါတယ်။

ဒီလို အသားဖောရောင်ပြီး သတိလစ်တာက အမျိုးသားတွေထက် အမျိုးသမီးတွေမှာ ပိုအဖြစ်များပါတယ်။ အသက်အရွယ်မရွေးလည်း ဖြစ်နိုင်ပါတယ်။ ဒီလိုမဖြစ်အောင်ဆိုရင် အန္တရာယ်ရှိတဲ့ အချက်တွေကို လျှော့ချရပါမယ်။ ထပ်မံသိရှိလိုတဲ့ အချက်တွေကို ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်ပေးပါ။

လက္ခဏာများ

Myxedema coma (အသားဖောရောင်ပြီး သတိလစ်ခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ

အသားဖောရောင်ပြီး သတိလစ်ခြင်းရဲ့ ရောဂါလက္ခဏာတွေကတော့ အောက်ပါအတိုင်းပဲ ဖြစ်ပါတယ်

-အားနည်းခြင်း

-အာရုံထွေပြားခြင်း

-ချမ်းခြင်း

-ခန္ဓါကိုယ်အပူချိန်ကျဆင်းခြင်း

-ဖောရောင်ခြင်း

-အသက်ရှူရခက်ခဲခြင်း တို့ဖြစ်ပါတယ်။

ဒီလိုအခြေအနေရှိသူတွေဟာ သတိလစ်လုနီးပါး သို့ သတိလစ်နေကြပြီး လူကောင်းအတိုင်း မလုပ်ဆောင်နိုင်ကြပါဘူး။

သူတို့တွေကို အရေးပေါ်ကုသမှူပေးဖို့ လိုအပ်ပါတယ်။

အပေါ်မှာ မဖော်ပြထားသေးတဲ့ ရောဂါလက္ခဏာတွေ ရှိပါသေးတယ်။ ထိုရောဂါလက္ခဏာတစ်ခုခုအကြောင်း သိချင်ရင်တော့ ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်ပေးပါ။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ

လည်ပင်းအကျိတ်ဟော်မုန်းချို့တဲ့နေတဲ့သူတွေမှာ အဖျားရှိလာရင် အပြုအမူပြောင်းလဲလာတာတွေ မောတာ လက်တွေ ခြေထောက်တွေမှာ ဖောရောင်လာတာတွေ ရှိလာရင် အရေးပေါ်ဌာနကို ချက်ချင်းပို့ရပါမယ်။

အကြောင်းရင်းများ

Myxedema coma (အသားဖောရောင်ပြီး သတိလစ်ခြင်း) ကိုဘာတွေကဖြစ်စေသလဲ

တကယ်လို့ သင့်မှာ လည်ပင်းအကျိတ်ဟော်မုန်းချို့တဲ့တဲ့ ရောဂါရှိတယ်ဆိုရင် အောက်ဖော်ပြပါ အချက်တွေက သင့်ကို အသားဖောရောင်ပြီး သတိလစ်စေနိုင်ပါတယ်

-ရောဂါကူးစက်မှူတွေ အထူးသဖြင့် အဆုတ်နဲ့ ဆီးလမ်းကြောင်းရောဂါတွေ

-နှလုံးပုံမှန်အလုပ်မလုပ်တော့ခြင်း

-လေဖြတ်ခြင်း

-ထိခိုက်ဒဏ်ရာရခြင်း

-ခွဲစိတ်ခြင်း

-ဖီနိုသိုင်ရာဇင်း အမီရိုဒရုန်း လစ်သီယမ် လို စိတ်ရောဂါဆေးတွေနဲ့ စိတ်ငြိမ်ဆေးတွေ

-အိုင်အိုဒိုက် ကို ကြာရှည်အသုံးပြုခြင်း

-လည်ပင်းအကျိတ်ရောဂါဆေးတွေကို ညွှန်ကြားတဲ့ အတိုင်း မသောက်ရင် အသားဖောရောင်ပြီး သတိလစ်ခြင်း ဖြစ်နိုင်ပါတယ်။

ရောဂါအဖြေရှာခြင်းနှင့် ကုသမှု

ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.

Myxedema coma (အသားဖောရောင်ပြီး သတိလစ်ခြင်း) ကို ဘယ်လိုအတည်ပြုပါသလဲ

သွေးထဲမှာ ရှိတဲ့ သွေးဆဲလ်အရေအတွက်၊ လျှပ်သိုပစ္စည်းတွေ၊ သကြားဓါတ်နဲ့ လည်ပင်းအကျိတ်ဟော်မုန်းပမာဏတွေကို စစ်ဆေးရပါမယ်။ အသည်းနဲ့ အဒရီနယ်ဂလင်းတွေ ကောင်းကောင်းအလုပ် လုပ်မလုပ်လည်း စစ်ဆေးရပါမယ်။

သွေးထဲက အောက်ဆီဂျင် နဲ့ ကာဗွန်ဒိုင်အောက်ဆိုဒ် ပမာဏတွေ စစ်ဆေးရမယ့် အပြင် နှလုံးအီးစီဂျီလည်း ဆွဲရပါမယ်။

တခြားစစ်ဆေးမှူတွေကိုတော့ ဆရာဝန်ညွှန်ကြားတဲ့အတိုင်း လုပ်ရပါမယ်။

Myxedema coma (အသားဖောရောင်ပြီး သတိလစ်ခြင်း) ကို ဘယ်လိုကုသပါသလဲ

လူနာကို အသက်ရှူခိုင်းပြီး ခန္ဓါကိုယ်အပူချိန်ကို ပုံမှန်အတိုင်း ပြန်ဖြစ်အောင် လုပ်ပေးရမယ်။ ရောဂါမပျောက်မချင်း ပိုးသတ်ဆေးတွေ တိုက်ရပါမယ်။

အသားဖောရောင်ပြီး သတိလစ်တဲ့ လူနာတွေကို ဟော်မုန်းအစားထိုးကုသနည်းကတော့ အငြင်းပွားဖွယ် ဖြစ်နေတုန်းပါပဲ။ မတူညီတဲ့ ကုသနည်းတွေကို အသုံးပြုနေကြပါတယ်။ အူလမ်းကြောင်းတွေက သေချာ မစုပ်နိုင်တာကြောင့် ယေဘုယျအနေနဲ့ အရင်ဆုံး သွေးကြောထဲကို ဟော်မုန်းအစားထိုးသွင်းပေးတယ်။

အသားဖောရောင်မှူမရှိတဲ့ လည်ပင်းအကျိတ်ဟော်မုန်း နည်းတာကိုတော့ တီဖိုး (လည်ပင်းအကျိတ်ဟော်မုန်း) အစားထိုးကုသပါတယ်။ အသားဖောရောင်ပြီး သတိလစ်တာကို ကုသနည်းက သက်သက်ပါ။ လည်ပင်းအကျိတ်ကနေ တီဖိုးအပြင် တီသရီး (လည်ပင်းအကျိတ်ဟော်မုန်း)ကိုလည်း ထုတ်ပေးပြီးတော့ တီသရီးက တီဖိုးထက် ဇီဝဖြစ်စဉ်တွေကို ပိုမိုဆောင်ရွက်ပါတယ်။ ကျန်းမာတဲ့သူတွေရဲ့ သွေးထဲမှာဆိုရင် တီဖိုးကနေ တီသရီးကို ပြောင်းလဲသွားတယ်။ အသားဖောရောင်ပြီး သတိလစ်နေတဲ့ သူတွေမှာတော့ ဒီလို ပြောင်းလဲမှူ မရှိပါဖူး။ အဲ့ဒါကြောင့် ဆရာဝန်တွေက ဒီလိုလူနာတွေကို တီသရီးနဲ့ အရင်ကုပြီးမှ တီဖိုးနဲ့ ကုကြပါတယ်။ တီဖိုးနဲ့ကုသတာက လအနည်းငယ် ကြာနိုင်တာကြောင့် ဒီဟော်မုန်းနှစ်ခုနဲ့ ကုသနည်းက တပြိုင်နက် ဖြစ်သွားတတ်ကြတယ်။ နှလုံးခုန်မမှန်တာမျိုး နှလုံးကို ဒဏ်ဖြစ်တာမျိုး မဖြစ်အောင်သေချာဂရုစိုက်ရပါမယ်။ လည်ပင်းအကျိတ်ဟော်မုန်းတွေကို မြန်မြန် အစားထိုးလိုက်ရင် ဒီလိုတွေ ဖြစ်နိုင်ပါတယ်။ အထူးသဖြင့် အသက်ကြီးတဲ့သူတွေမှာ ပိုအဖြစ်များပါတယ်။

သိပ်မပြင်းထန်တဲ့ လည်ပင်းအကျိတ်မညီမျှမှူတွေကို ရိုးရိုးဆရာဝန်နဲ့ပဲ ပြသပြီး အသားဖောရောင်သတိလစ်တာ ဖြစ်ခဲ့မယ်ဆိုရင်တော့ ကုသနည်းက ရှူပ်ထွေးပြီး အရေးကြီးတာကြောင့် ကျွမ်းကျင်ဆရာဝန်နဲ့ ပြသသင့်ပါတယ်။

နေထိုင်မှူပုံစံပြောင်းလဲမှူများနဲ့ အိမ်တွင်းကုသနည်းများ

အသားဖောရောင်ပြီး သတိလစ်တာ မဖြစ်အောင် ဘယ်လိုနေထိုင်ရမလဲ

ဒီလို မဖြစ်အောင် အစကတည်းက ကြိုတင် ကာကွယ်ရပါမယ်။ လည်ပင်းအကျိတ်ဟော်မုန်းနည်းတဲ့ရောဂါရှိသူတွေက ဆရာဝန်ဆီ ပုံမှန် သွားပြပြီးတော့ အစားထိုးကုသနေတဲ့ ဟော်မုန်းပမာဏက သူတို့အတွက် သင့်တော်မှူ ရှိမရှိ စစ်ဆေးပေးရပါမယ်။

စိုးရိမ်ရမဲ့ ရောဂါလက္ခဏာတွေ ရှိနေပေမယ့် လည်ပင်းအကျိတ်ဟော်မုန်းနည်းတဲ့ရောဂါ ဖြစ်မဖြစ် မစစ်ဆေးရသေးရင် ကျန်းမာရေးစောင့်ရှောက်သူတွေနဲ့ တိုင်ပင်ဆွေးနွေးပြီး လည်ပင်းအကျိတ်ဟော်မုန်းမမျှတမှူ ရှိမရှိ စစ်ဆေးသင့်ပါတယ်။

သိချင်တာတွေရှိမယ်ဆိုရင် အကောင်းဆုံးဖြေရှင်းနည်းလမ်းတွေကို ပိုမိုနားလည်သိရှိစေနိုင်ရန်အတွက် ဆရာဝန်ဖြင့် ဆွေးနွေးတိုင်ပင်ပေးပါ။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


Dr. Kaung Thar မှ ရေးသားသည်။ · 28/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

advertisement iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

advertisement iconadvertisement
advertisement iconadvertisement