backup og meta

မေ့ တတ်တဲ့ ပြဿနာ အဖြေရှာ ကြည့်ရအောင်

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Yun Sandi Nan Mon မှ ရေးသားသည်။ · 29/09/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    မေ့ တတ်တဲ့ ပြဿနာ အဖြေရှာ ကြည့်ရအောင်

    မေ့ တာ မှ လက်ထဲ ဖုန်းကိုင်ထားပြီး ဖုန်းပျောက် လိုက်ရှာမိတဲ့အထိ။ ကိုယ် ဘာပြောနေလဲ ဆိုတာတောင် အခုပြော အခုမေ့တဲ့ အဖြစ်။ စကားတွေလည်း မှားပြောလိုပြော။ အယောင်ယောင် အမှားမှား နဲ့ မေ့လျော့တတ်နေတာ အတော်လေး အဆင်မပြေ ဖြစ်ရတယ် မဟုတ်လား…

    ဒါတွေ ဘာလို့ ဖြစ်ရတာလဲ  ဆေးပညာ ဘက်ကနေ နည်းနည်းလောက် အဖြေရှာကြည့်ရအောင်။

    မေ့ တတ်တဲ့ ပြဿနာ အဖြေရှာ ကြည့်ရအောင်

    အိပ်ရေးပျက်ခံတာ များလို့

    အိပ်ရေးပျက်ထားတယ် ဆိုရင် နောက်တစ်နေ့မှာ ဘာလုပ်လုပ် လေးဖင့် နေပြီး ဟို မေ့ ဒီ မေ့ ဖြစ်၊ အာရုံစိုက်မရတာ တွေ ဖြစ်တတ်ပါတယ်။ အကြောင်းရင်း ကတော့ ဦးနှောက်ထဲက အာရုံကြောဆဲလ်တွေ ရဲ့ လုပ်ဆောင်နိုင်စွမ်း အားနည်းစေလို့ ပါပဲ။

    မနက်စာ မစားလို့

    နေ့တစ်နေ့ရဲ့ အစမှာ ခန္ဓာကိုယ် အင်ဂျင်ကြီးကို လည်ပတ်နိုင်ဖို့ လောင်စာအဖြစ် စတင်ပေးမယ့် မနက်စာက သိပ်အရေးကြီးပါတယ်။ မနက်စာ မစားဖြစ်ရင် သွေးတွင်းသကြားဓာတ်ကို ကျစေပြီး ကြာလာရင် ဦးနှောက်ကို ထိခိုက်စေနိုင်ပါတယ်။

    ဦးနှောက်ဟာ တခြားအစိတ်အပိုင်းတွေထက် အားအင် ပိုအသုံးပြုတာ ဖြစ်ပြီး တစ်နေ့တာရှိနေတဲ့ သွေးတွင်းသကြားဓာတ်တွေ ရဲ့ ၂၀% အထိ ယူသုံးနိုင်ပါတယ်။

    ဦးနှောက်မှာ အာဟာရ‌ မလုံလောက်တာ ပုံမှန်လို ဖြစ်လာတဲ့အခါ အားအင်ချို့တဲ့မှု ဖြစ်လာပြီး ဦးနှောက်ရဲ့ တုံ့ပြန်နိုင်စွမ်း ကို ယိုယွင်းလာစေပါတယ် ။ ဦးနှောက်ဆဲလ်တွေက မကျန်းမာတော့ဘဲ မြန်မြန် သေဆုံးကုန်ပါတယ်။ ဒါ့ကြောင့် မနက်စာ လွတ်ရင် အစာအိမ်ပဲ ထိခိုက်မယ် မထင်လိုက်ပါနဲ့။

    အစား သောင်းကျန်းလို့

    အဝလွန်တာ နဲ့ မှတ်ဉာဏ်ချို့ယွင်းမှု  ကြားမှာ ဆက်နွှယ်မှု ရှိနေတယ် လို့ လေ့လာမှု တွေက ဖော်ပြကြပါတယ်။ ဒါပေမယ့် ကိုယ်စားတဲ့အစားအစာ တွေက အာဟာရ ဖြစ်တာ မပါဘူး ဆိုရင် အဝလွန်ခြင်း ဖြစ်လာနိုင်တယ် လို့ သုတေသီတွေ က သံသယရှိလာကြပါတယ်။

    အာဟာရဖြစ်တာတွေ မပါရင် ခန္ဓာကိုယ်က လိုအပ်တဲ့ ဗီတာမင်နဲ့ သတ္တုဓာတ်တွေကို ဆက်တောင့်တနေလို့ အလွန်အကျွံ စားမိတတ်တယ် လို့ ယူဆကြပါတယ်။ ဒါ့ကြောင့် အများကြီးစားနေရင်းနဲ့ကို ဆာနေသေးတယ်လို့ ဦးနှောက်မှာ လာပေါ်နေတာ ဖြစ်ပါတယ်။

    ဆေးလိပ်သောက်လို့

    ဆေးလိပ်သောက်ခြင်းက ဟန်ချက် ထိန်းညှိခြင်း၊ ပူးပေါင်း ဆောင်ရွက်ခြင်း စတဲ့ လုပ်ဆောင်ချက်တွေကို စီမံတဲ့ ဦးနှောက်အပိုင်းတွေမှာ ဆဲလ်အမြှေးပါးတွေ နဲ့ အာရုံကြော တွေကို ပျက်စီးစေနိုင်တယ်။ ဒါ့ကြောင့် ဆေးလိပ် အသောက်များသူတွေ ပိုမေ့တတ်လာနိုင်ပါတယ်။

    ရေသောက်နည်းလို့

    ခန္ဓာကိုယ်မှာက ၇၀% လောက်အထိက ရေ နဲ့ ဖွဲ့စည်းထားတာ ဆိုတော့ ခန္ဓာကိုယ်ရဲ့ ဘယ်လုပ်ဆောင်ချက်အတွက်မဆို ရေက အရေးပါပါတယ်။ ရေဓာတ် မလုံလောက်တာနဲ့ ဦးနှောက်ဉာဏ်ရည် လုပ်ဆောင်ချက်တွေ ကျဆင်းမှုက အရမ်းကို မြန်ပါတယ်။ ရေဓာတ် မလုံလောက်ရင် ပြဿနာ ဖြေရှင်းခြင်း၊ ပူးပေါင်းလုပ်ဆောင်ခြင်းနဲ့ အာရုံစူးစိုက်ခြင်းတွေမှာ သက်ရောက်မှု မကောင်းပါဘူး။

    အချို အစားများလို့

    ခန္ဓာကိုယ်နဲ့ ဦးနှောက်က သကြားဓာတ်ကို လိုအပ်တယ် ဆိုပေမယ့် အချို သိပ်များရင်လည်း မကောင်းပါဘူး။ အချိုများများ ပုံမှန်စားမိရင် ဦးနှောက်ဆဲလ်တွေ အပါအဝင် ဆဲလ်တွေမှာ နာတာရှည်ရောင်ရမ်းမှု ဖြစ်စေနိုင်ပါတယ်။

    အရေးကြီးတဲ့ အာဟာရဓာတ်တွေ စုပ်ယူနိုင်စွမ်းကို လျော့နည်းစေနိုင်ပါသေးတယ်။

    စိတ်ဖိစီးမှု များလို့

    စိတ်ဖိစီးတာ ကြာလာရင် ခန္ဓာကိုယ်အနှံ့မှာ ဆိုးကျိုးသက်ရောက်မှုတွေ ဖြစ်လာနိုင်ပါတယ်။ စိတ်ဖီစီးစရာတွေ ဖြစ်လာရင် cortisol ဟော်မုန်းတွေက ဦးနှောက်ထဲမှာ စုပုံနေပြီး ထိခိုက်မှုတွေပဲ ကျန်ခဲ့မှာပါ။

    ဘာဖြစ်လာမလဲ ဆိုတော့ ဦးနှောက်ဆဲလ်တွေကို သေစေတဲ့အပြင် ဦးနှောက် ကိုပါ ကျုံ့စေပါတယ်။

    မေ့ တတ်တာ ကို အစပိုင်းတော့ ရယ်စရာအဖြစ် လက်ခံကြပေမယ့် အရေးကြီးတဲ့ အရာတွေ မေ့ရင် ဘယ့်နှယ့်လုပ်ပါ့မလဲ။ အမြဲတမ်း အသုံးပြုနေရတဲ့ ကိုယ့်ရဲ့ ဦးနှောက်လေးကို ချစ်တယ်ဆို ဒီအချက်တွေ မလုပ်နဲ့တော့နော်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Yun Sandi Nan Mon မှ ရေးသားသည်။ · 29/09/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement