backup og meta

သလဆီးမီးယား သွေးအားနည်းရောဂါကို ဘယ်လိုကုသမလဲ

Written by Dr. Thant Zin · အထွေထွေ ခွဲစိတ်ကုသမှု · Defence Service Medical Acadamy


11/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    သလဆီးမီးယား သွေးအားနည်းရောဂါကို ဘယ်လိုကုသမလဲ

    သလဆီးမီးယားရောဂါအတွက် ကုသမှုဟာ ရောဂါရဲ့ အမျိုးအစားနဲ့ ပြင်းထန်မှုအပေါ် မူတည်ပါတယ်။ ရောဂါဗီဇ သယ်ဆောင်သူများ ဒါမှမဟုတ် အယ်လ်ဖာအမျိုးအစား၊ ဘီတာအမျိုးအစားများဟာ ရောဂါလက္ခဏာ သိပ်မပြင်းထန်သလို လက္ခဏာ မပြတာလည်း ရှိတတ်ပါတယ်။ ကုသမှုအနည်းငယ်၊ ဒါမှမဟုတ် လုံးလုံး မလိုအပ်ဘဲ ရှိနိုင်ပါတယ်။ အတော်အတန် ပြင်းထန်တဲ့ သလဆီးမီးယားနဲ့ ဆိုးရွားတဲ့ သလဆီးမီးယား အမျိုးအစားတွေမှာ စံပြုကုသမှု ၃မျိုးနဲ့ ကုသလေ့ရှိပါတယ်။ အဲဒီကုသမှုတွေကတော့ သွေးသွင်းခြင်း၊ သံဓါတ်ဓါတ်ပြုကုထုံး၊ ဖောလစ်အက်ဆစ်အားဖြည့်သုံးစွဲခြင်း စတာတွေ ပါဝင်ပါတယ်။ တခြားနည်းစနစ်တွေ ရှိသေးပေမယ့် သိပ်မသုံးကြပါဘူး။

    စံပြုကုသမှုများ

    သွေးသွင်းခြင်း

    သွေးနီဥဆဲလ်များပေးခြင်းကို အတော်အတန်ပြင်းထန်တဲ့ သလဆီးမီးယားနဲ့ ဆိုးရွားတဲ့ သလဆီးမီးယား အမျိုးအစားတွေမှာ လုပ်ဆောင်ပါတယ်။ ဒီကုသမှုကတဆင့် ပုံမှန်ဟေမိုဂလိုဘင်ပါဝင်တဲ့ ကောင်းမွန်တဲ့သွေးဆဲလ်တွေ ရရှိနိုင်ပါတယ်။

    သွေးသွင်းခြင်းအတွက် သွေးပြန်ကြောထဲကို အပ်ထည့်ပြီး ပိုက်မှတဆင့် သွင်းပါတယ်။ သွေးသွင်းရာမှာ ၁နာရီမှ ၄နာရီ ကြာတတ်ပါတယ်။

    သွေးနီဥဆဲလ်တွေဟာ ရက်ပေါင်း ၁၂၀သာ သက်တမ်းရှိပါတယ်။ ဒါကြောင့်မို့ သွေးနီဥဆဲလ်တွေကို ကောင်းကောင်းထိန်းသိမ်းထားဖို့ အဆက်မပြတ် သွေးသွင်းဖို့ လိုအပ်ပါတယ်။ ဟေမိုဂလိုဘင် H ရောဂါ၊ ဒါမှမဟုတ် ဘီတာသလဆီးမီးယား အလတ်စားရောဂါရှိရင် သွေးကို တခါတရံမှသာ သွင်းဖို့ လိုအပ်ပါတယ်။ ဥပမာ ရောဂါပိုးဝင်မှသာ၊ နေမကောင်းဖြစ်မှသာ၊ သွေးအားနည်းခြင်း ဆိုးရွားလွန်းပြီး မောပန်းနွမ်းနယ်မှသာ သွေးသွင်းဖို့ လိုအပ်ပါတယ်။ ဘီတာ သလဆီးမီးယား အကြီးစား (ကူးလေးသွေးအားနည်းရောဂါ) ရှိရင်တော့ ပုံမှန် သွေးသွင်းခြင်း (၂ပတ် ၄ပတ်ကြာတိုင်း) လိုအပ်ပါတယ်။ သွေးသွင်းခြင်းဟာ ပုံမှန်ဟေမိုဂလိုဘင်နဲ့ သွေးနီဥဆဲလ်ပမာဏကို ထိန်းသိမ်းပေးထားနိုင်ပါတယ်။ သွေးသွင်းခြင်းကြောင့် ပိုပြီး နေလို့ကောင်းကာ ပုံမှန်လှုပ်ရှားမှုများ လုပ်ဆောင်ပြီး ကြီးပြင်းနိုင်ပါတယ်။ အသက်ကိုကယ်တင်နိုင်တဲ့ ကုသမှုပဲဖြစ်ပါတယ်။ ဒါပေမယ့် ကုန်ကျစရိတ်များပါတယ်။ ရောဂါပိုးနဲ့ ဗိုင်းရပ်စ်တွေ (ဥပမာ အသည်းရောင်ပိုး) ကူးစက်နိုင်ပါတယ်။ အမေရိကမှာတော့ သေချာစွာ စစ်ဆေးတာကြောင့် ရောဂါပိုးကူးစက်နိုင်ခြေ နည်းပါတယ်။

    သံဓါတ်ဓါတ်ပြုခြင်း

    သွေးနီဥဆဲလ်တွေမှာ ပါဝင်တဲ့ ဟေမိုဂလိုဘင်ဟာ သံဓါတ်ကြွယ်ဝတဲ့ ပရိုတိန်း ဖြစ်ပါတယ်။ ဒါကြောင့် ပုံမှန် သွေးသွင်းခြင်းဟာ သွေးထဲမှာ သံဓါတ်ကို စုဝေးလာစေပါတယ်။ ဒီအခြေအနေကို သံဓါတ် အလွန်အကျွံစုပုံခြင်းလို့ ခေါ်ပါတယ်။ အသည်း၊ နှလုံးနဲ့ ကိုယ်ခန္ဓါရဲ့တခြားအင်္ဂါတွေကို ထိခိုက်နိုင်စေပါတယ်။

    ဒီထိခိုက်မှုကို ကာကွယ်နိုင်စေဖို့ ဆရာဝန်များဟာ သံဓါတ်ကို ဓါတ်ပြုပြီး ပိုနေတာများကို ဖယ်ရှားပစ်စေပါတယ်။ ဆေးနှစ်မျိုးကို သုံးပါတယ်။

    • Deferoxamine ကတော့ အရေပြားအောက်မှာ ဖြည်းဖြည်းပေးရဲ့ ဆေးရည်ဖြစ်ပါတယ်။ သယ်ဆောင်ရလွယ်တဲ့ တွန်းအားပေးစက်ကလေးနဲ့ ညလုံးပေါက် သုံးရပါတယ်။ အချိန်ယူရပြီး နာကျင်မှု ဖြစ်တတ်ပါတယ်။ ဘေးထွက်ဆိုးကျိုးတွေအနေနဲ့ အမြင်အာရုံနဲ့ အကြားအာရုံပြသနာတွေ ဖြစ်တတ်ပါတယ်။
    • Deferasirox ကတော့ တနေ့ကို တကြိမ်သောက်ရတဲ့ ဆေးပြားဖြစ်ပါတယ်။ ဘေးထွက်ဆိုးကျိုးအနေနဲ့ ခေါင်းကိုက်ခြင်း၊ ပျို့အန်ခြင်း၊ ဝမ်းပျက်ခြင်း၊ အဆစ်များနာခြင်း၊ မောပန်းခြင်း စတာတွေ ဖြစ်နိုင်ပါတယ်။

    ဖောလစ်အက်ဆစ်အားဖြည့်သုံးစွဲခြင်း

    ဖောလစ်အက်ဆစ်ဟာ သွေးနီဥဆဲလ်တွေကို ကောင်းမွန်အောင် ထိန်းသိမ်းပေးတဲ့ ဗီတာမင်ဘီ ဖြစ်ပါတယ်။ သွေးသွင်းခြင်း၊ သံဓါတ်ဓါတ်ပြုခြင်းအပြင် ဒီနည်းလမ်းကိုပါ အသုံးပြုကြပါတယ်။

    အခြားနည်းလမ်းများ

    တခြားနည်းလမ်းတွေ စမ်းသပ်တွေ့ရှိထားပေမယ့် အသုံးပြုမှု နည်းပါတယ်။

    သွေးနှင့်ရိုးတွင်းခြင်ဆီ ပင်မဆဲလ်များ အစားထိုးခြင်း

    မကောင်းတဲ့ ပင်မဆဲလ်တွေနေရာမှာ အလှူရှင်ဆီကရတဲ့ ပင်မဆဲလ်နဲ့ အစားထိုးနိုင်ပါတယ်။ ပင်မဆဲလ်ဆိုတာ ရိုးတွင်းခြင်ဆီထဲမှာရှိပြီး သွေးနီဥဆဲလ်နဲ့ တခြားဆဲလ်တွေကို ထုတ်လုပ်ပေးတဲ့ဆဲလ်တွေ ဖြစ်ပါတယ်။

    ပင်မဆဲလ်လဲလှယ်ခြင်းဟာ သလဆီးမီးယားကို ပျောက်ကင်းအောင် ကုသပေးတဲ့ တခုတည်းသော နည်းလမ်းဖြစ်ပါတယ်။ ဒါပေမယ့် ဆိုးရွားတဲ့ ရောဂါအမျိုးအစားမှာသာ ကိုက်ညီမှုရှိတဲ့ အလှူရှင်ရှာဖွေပြီး အန္တရာယ်ရှိတဲ့ ဒီနည်းလမ်းကို လုပ်ဆောင်ကြပါတယ်။

    နောင်အနာဂတ်၏ ဖြစ်နိုင်ခြေကုထုံးများ

    သုတေသီများဟာ သလဆီးမီးယားအတွက် ကုထုံးအသစ်တွေကို ရှာဖွေနေကြပါတယ်။ ဥပမာ ပင်မဆဲလ်ထဲမှာ ပုံမှန်ဟေမိုဂလိုဘင်မျိုးရိုးဗီဇကို ထည့်သွင်းခြင်းမျိုး လုပ်ဆောင်လာနိုင်မယ်လို့ ယူဆရပါတယ်။ အဲဒီအခါ သလဆီးမီးယား ရောဂါသည်များဟာ ကောင်းမွန်တဲ့ သွေးနီဥဆဲလ်နဲ့ ဟေမိုဂလိုဘင်တွေကို ကိုယ်ပိုင်ထုတ်လုပ်လာနိုင်မှာ ဖြစ်ပါတယ်။

    သုတေသီတွေဟာ သန္ဓေသားဆီက ဟေမိုဂလိုဘင်တွေဟာ မွေးဖွားပြီးတာနဲ့ ထုတ်လုပ်လာနိုင်စေမယ့် နည်းလမ်းများကို လေ့လာနေကြပါတယ်။ ဒီဟေမိုဂလိုဘင် အမျိုးအစားဟာ သန္ဓေသားနဲ့ မွေးကင်းစကလေးတွေမှာ ရှိပါတယ်။ သန္ဓေသားဆီက ဟေမိုဂလိုဘင်တွေ ပိုမိုထုတ်လုပ်နိုင်ရင် အသက်ကြီးချိန် ဟေမိုဂလိုဘင် ချို့တဲ့ခြင်းကို ဖြေရှင်းပေးနိုင်ပါလိမ့်မယ်။

    နောက်ဆက်တွဲပြသနာများ ကုသခြင်း

    ပိုမိုကောင်းမွန်တဲ့ ကုသမှုများဟာ အတော်အတန် ပြင်းထန်တဲ့ သလဆီးမီးယားနဲ့ ဆိုးရွားတဲ့ သလဆီးမီးယား ရောဂါ ရှိနေသူများကို ပိုမို အသက်ရှည်နိုင်စေပါတယ်။ အချိန်ကြာလာတာနဲ့အမျှ နောက်ဆက်တွဲ ပြသနာတွေလည်း ကြုံလာနိုင်ပါတယ်။ သလဆီးမီးယား ကုသရာမှာ အရေးကြီးတာကတော့ နောက်ဆက်တွဲပြသနာတွေကိုလည်း ကုသခြင်းပါပဲ။ နှလုံးနဲ့ အသည်းရောဂါများ၊ ရောဂါပိုးဝင်ခြင်းများ၊ အရိုးပွခြင်းနဲ့ တခြားပြသနာတွေကို ကုသဖို့ လိုအပ်ပါတယ်။

    Hello Health Group သည် ဆေးပညာ အကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    Written by

    Dr. Thant Zin

    အထွေထွေ ခွဲစိတ်ကုသမှု · Defence Service Medical Acadamy


    11/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement