backup og meta

ထိခိုက်ဒဏ်ရာရရင် အိမ်မှာပဲဘယ်လိုပြုစုကုသမလဲ

ထိခိုက်ဒဏ်ရာရရင် အိမ်မှာပဲဘယ်လိုပြုစုကုသမလဲ

အရေပြားမှာဖြစ်တဲ့ ဒဏ်ရာအနာမှန်သမျှ အချိန်တန်ရင် အနာကျက်ရ၊သက်သာရမှာပါပဲ။ အနာကျက်နှေးတာမြန်တာကတော့ အနာကိုဘယ်လိုကုသစောင့်ရှောက်သလဲဆိုတာပေါ် မူတည်ပါတယ်။ အနာရင်းပြီးပိုးဝင်မှာ စိုးရိမ်ရတာလည်းရှိတာကိုး။နောက်တစ်ချက်က ဆီးချိုသွေးချိုလိုရောဂါအကြောင်းရင်းခံတွေကြောင့် အနာဖြစ်တာ၊ အနာကျက်နှေးတာ၊ အနာမကျက်တာတွေရှိတတ်ပါတယ်။

အနာအမျိုးအစား အမျိုးမျိုးရှိတာရော သိပါသလား။ အနာဖြစ်ရတဲ့အကြောင်းရင်းကိုမူတည်ပြီး အဓိကအမျိုးအစားလေးမျိုးကိုဖော်ပြလိုက်ပါတယ်။

ပွန်းပဲ့ဒဏ်ရာ

ပွန်းပဲ့ဒဏ်ရာဆိုတာ အရေပြားမှာ မာကျောတဲ့မျက်နှာပြင်တစ်ခုခုနဲ့ ပွတ်တိုက်မိလို့ပွန်းပဲ့တာ၊ခြစ်ရာအစင်းရာတွေဖြစ်တာပါ။ ဥပမာချော်လဲလို့ဖြစ်တဲ့ပွန်းပဲ့နာ၊ စက်ဘီးမှောက်တာ စတဲ့လမ်းပေါ်မှာဖြစ်တဲ့အသေးစားအနာတရတွေပါဝင်ပါတယ်။သွေးစို့ရုံလောက်သာထွက်တတ်တဲ့ဒဏ်ရာလေးတွေဖြစ်ပေမယ့် ပိုးမဝင်အောင်သေချာသန့်စင်ကုသသင့်ပါတယ်။

အရေပြားပေါက်ပြဲခြင်း

အရေပြားပေါ်မှာ ဒဏ်ရာနက်တဲ့ပြတ်ရှရာ သို့မဟုတ် စုတ်ပြဲဒဏ်ရာဖြစ်တာပါ။ ဓါး၊ ကိရိယာတန်ဆာပလာတွေ၊ စက်ပစ္စည်းတွေနဲ့ မတော်တဆထိခိုက်မိတဲ့ ဒဏ်ရာမျိုးတွေဖြစ်ပါတယ်။ ပေါက်ပြဲတဲ့ ဒဏ်ရာနက်ရင်တော့သွေးထွက်မြန်ပြီးသွေးထွက်များနိုင်ပါတယ်။

အနာပေါက်ဖြစ်စေတဲ့ထိခိုက်ဒဏ်ရာ

ဒီအမျိုးအစားက သံ၊အပ် တို့လို ချွန်ထက်တဲ့အရာတွေနဲ့ စူးမိ၊ထိုးမိတဲ့အခါဖြစ်လာတဲ့ဒဏ်ရာမျိုးပါ။ တခါတရံ ကျည်ဆန်မှန်ခြင်းကလည်း ဒီအမျိုးအစားဖြစ်နိုင်ပါတယ်။ ဒီဒဏ်ရာတွေကသွေးအများကြီးမထွက်နိုင်ပေမယ့် ကိုယ်တွင်းအင်္ဂါတွေကို ထိခိုက်စေနိုင်လောက်အောင် ဒဏ်ရာနက်နိုင်ပါတယ်။ ဒီအမျိုးအစားဆိုရင် ဒဏ်ရာကသေးတယ်ဆိုရင်တောင်မှ ရောဂါပိုးမဝင်စေဖို့ ဆရာဝန်ပြပြီး မေးခိုင်ကာကွယ်ဆေးထိုးသင့်ရင်ထိုးရပါမယ်။

ပြင်းထန်တဲ့ထိခိုက်ဒဏ်ရာ

ဒီအမျိုးအစားက အရေပြားတင်မကဘဲ တစ်ရှူးတွေပါစုတ်ပြဲပြီး အရိုးပေါ်တဲ့အထိ ထိခိုက်ရတဲ့ဒဏ်ရာတွေဖြစ်ပါတယ်။ ကားတိုက်ခံရတာ၊ပေါက်ကွဲမှုနဲ့သေနတ်ပစ်ခံရတာတွေလိုပြင်းထန်တဲ့ထိခိုက်မှုတွေကြောင့် ခံစားရလေ့ရှိပါတယ်။သွေးထွက်များပြီးသွေးလွန်တတ်ပါတယ်။

ထိခိုက်ဒဏ်ရာကို ကိုယ့်ဘာသာ ဘယ်လိုဂရုစိုက်ကုသမလဲ

တော်တန်ရုံထိခိုက်ဒဏ်ရာတွေကိုတော့ဆေးခန်းပြစရာမလိုဘဲ ကိုယ့်ဘာသာ ကုသလိုက်လို့ရပါတယ်။ စနစ်တကျစီမံတတ်ရင် အနာကျက်မြန်စေပြီးရောဂါပိုးလည်းမဝင်နိုင်ပါဘူး။သေချာဂရုမစိုက်ရင်တော့နောက်ဆက်တွဲက ပိုဆိုးဖို့သာရှိပါတယ်။ အရင်ဆုံး –

  • အနာကိုသွေးတိတ်အောင် အသာဖိထားပေးရပါမယ်။ လက်ကိုသေချာဆေးပြီးမှ သန့်ရှင်းတဲ့ပတ်တီး သို့မဟုတ် အဝတ်စတစ်ခုနဲ့ အနာကိုဖိထားရမှာပါ။ လက်ကသန့်စင်နေပါမှ အနာကိုဘက်တီးရီးယားတွေမဝင်ရောက်နိုင်မှာဖြစ်ပါတယ်။ ဖိထားပေးမှသွေးထွက်တာကိုနှေးစေနိုင်ပါတယ်။ ဒဏ်ရာက လက် သို့မဟုတ်ခြေထောက်မှာဖြစ်ခဲ့ရင် နှလုံးထက်မြင့်တဲ့နေရာအထိမြှင့်ထားပေးပါ။
  • အနာကို သန့်စင်ပေးပါ။ အနာကို ပိုးမဝင်အောင် ရေသန့်သန့်နဲ့ဆေးကြောပါ။ အနာတဝိုက်ကအရေပြားကို ဆပ်ပြာနဲ့ဆေးကြောပြီးခြောက်အောင်ထားပါ။ ပွတ်သုတ်တာမျိုးမဟုတ်ဘဲ အသာအယာ တို့ပြီးသုတ်ပါ။
  • အနာထဲမှာ ဆူးစူးတာလိုမျိုး တစ်စုံတစ်ခုစိုက်နေမယ်ဆိုရင် ကိုယ့်ဘာသာမဖယ်ပစ်ပါနဲ့။ ဆရာဝန်ပြပြီး ဖယ်ရှားမှ ထိခိုက်မှုကင်းစေမှာပါ။ ဂွမ်းနဲ့ ဒီအတိုင်းမပွတ်သုတ်လိုက်ပါနဲ့။ အနာထဲမှာ ဂွမ်းစတွေကပ်ကျန်နေပါလိမ့်မယ်။ ဒါဆို ပိုးဝင်နိုင်ခြေပိုများပြီး အနာကျက်နှေးစေပါလိမ့်မယ်။
  • အနာပိုးသတ်ဆေးထည့်ပါ။ အနာကသွေးတိတ်ပြီး သန့်စင်ပြီးတာနဲ့ရောဂါပိုးမဝင်အောင်လို့ ဘီတာဒိုင်းလို ပိုးသတ်ဆေးထည့်ပါ။
  • alcohol သို့မဟုတ် hydrogen peroxide တို့လိုဆေးတွေကို မသုံးပါနဲ့။ အရေပြားတစ်ရှူးတွေကို ထိခိုက်စေပြီးအနာကျက်နှေးစေနိုင်ပါတယ်။
  • အနာကို ပတ်တီး သို့မဟုတ် ပလာစတာနဲ့ဖုံးအုပ်ပါ။ ဒါမှဘက်တီးရီးယားနဲ့အမှုန်အမွှားတွေ မဝင်ရောက်နိုင်မှာဖြစ်ပါတယ်။ ဘယ်နေရာမှာ အနာရှိသလဲဆိုတာကို မူတည်ပြီး ကျုံ့ဆန့်လို့ရတဲ့ပလာစတာကပ်တာကပိုထိရောက်ပါတယ်။ အနာကကြီးတယ်ဆိုရင် ဒါမှမဟုတ် အရိုးအဆစ်နေရာနားမှာဖြစ်တယ်ဆိုရင် အကွေးအဆန့်မှာ မကွာသွားစေဖို့ ပတ်တီးပဲစည်းတာကောင်းပါတယ်။ သွေးလည်ပတ်မှုကောင်းဖို့လည်း လိုတာကြောင့် သိပ်တော့ မကျပ်စည်းပါနဲ့။
  • ပတ်တီး သို့မဟုတ် ပလာစတာကိုနေ့တိုင်းလဲပေးပါ။ရေစိုသွားတာ၊ ညစ်ပေသွားတာဆိုရင် ချက်ချင်းလဲပစ်ပါ။
  • အနာပိုးဝင်သလားဆိုတာ အမြဲစောင့်ကြည့်စစ်ဆေးပါ။ အနာပိုးဝင်တဲ့လက္ခဏာပြလာပြီဆိုရင်တော့ဆေးခန်းအမြန်ပြရပါမယ်။ ပိုးဝင်တဲ့လက္ခဏာတွေကတော့ – ပိုနာကျင်လာတာ၊ ပူတဲ့ခံစားမှုဖြစ်လာတာ၊ရောင်ရမ်းလာတာ၊နီရဲလာတာ၊ပြည်တည်လာတာ၊ အဖျားရှိလာတာ တို့ပါဝင်ပါတယ်။

ဒဏ်ရာပြင်းတယ်ဆိုရင်ဆေးခန်း၊ဆေးရုံအမြန်ပြပါ။ ဒဏ်ရာအတိမ်အနက်ကိုမူတည်ပြီး ဆရာဝန်တွေရဲ့ကုသမှုက ကွဲပြားပါလိမ့်မယ်။ ပိုးမဝင်ဘူးဆိုရင် အနာကိုသန့်စင်ပြီး အနာပေါက်ပိတ်ပေးဖို့လုပ်ရပါမယ်။ ဒဏ်ရာကြီးရင် အနာပေါက်ပိတ်ဖို့ ဆရာဝန်တွေက ချုပ်ပေးမှာပါ။ ချုပ်ရိုးကို ကိုယ့်သဘောနဲ့ကိုယ်မဖြည်ပါနဲ့။ ချုပ်ရိုးမကျက်ခင် အချိန်အတွင်း ပိုးမဝင်အောင် ဂရုစိုက်ရပါမယ်။

Hello Health Groupသည် ဆေးပညာ အကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Ref:

https://www.betterhealth.vic.gov.au/health/conditionsandtreatments/wounds-how-to-care-for-them

https://www.wikihow.com/Treat-a-Wound

https://www.healthline.com/health/open-wound#treatment

 

ယခုပုံစံ

12/05/2020

Yun Sandi Nan Mon မှ ရေးသားသည်။

Poe Ei Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ဘယ်လိုထိခိုက်ဒဏ်ရာမျိုးဆိုရင် ဆေးရုံသွားဖို့လိုမလဲ

အနာကျက်နှေးစေနိုင်မယ့် အလေ့အထများ



Yun Sandi Nan Mon မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement