brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

အသည်းရောဂါ အကြောင်း အခြေခံ

သင် (သို့) သင့်မိသားစုဝင်တစ်ယောက်ယောက်က အသည်းရောဂါနဲ့ ပတ်သက်တဲ့ ပြဿနာတစ်ခုခု ကြုံဖူးတယ်ဆိုရင် ခုပြောမဲ့အချက်တွေကို သိထားတာက အသုံးဝင်ပါလိမ့်မယ်။ တကယ်လို့ အဲလိုပြဿနာတွေ မကြုံဖူးဘူးဆိုရင်တောင် သင့်အနေနဲ့ ဘယ်လိုအသည်းရောဂါတွေရှိလဲ ဘယ်လိုကာကွယ်ရမလဲဆိုတဲ့ အခြေခံအချက်တွေကို သိထားတာ အကျိုးရှိပါတယ်။ ကဲ …… အသည်းရောဂါ အကြောင်း အခြေခံ အကြောင်းအရာလေးတွေကို လေ့လာလိုက်ရအောင်နော်။

အသည်းရောဂါ အကြောင်း အခြေခံ

အသည်းရောဂါ အကြောင်း အခြေခံ

အသည်းရောဂါ အကြောင်း အခြေခံ အချက်တွေကတော့

အသည်းရောဂါ ဆိုတာ

အသည်းက သင့်ရဲ့ ခန္ဓာကိုယ်ထဲမှာ အကြီးဆုံး ကိုယ်တွင်းအင်္ဂါပါ။ သင့်ရဲ့ ညာဘက်ဝမ်းဗိုက် နံရံရိုးအိမ်ရဲ့ အောက်မှာတည်ရှိတဲ့ ဘောလုံးတစ်လုံးနဲ့ တူပါတယ်။ အသည်းက သင့်အစာခြေဖျက်မှုနဲ့ သင့်ရဲ့ ခန္ဓာကိုယ်ထဲက အဆိပ်အတောက်ကိုဖယ်ရှားပေးဖို့အတွက် အရေးပါပါတယ်။

အသည်းရောဂါဟာ မျိုးရိုးလိုက်ရောဂါ၊ virus ပိုး၊ အရက်သောက်တာတွေနဲ့ ပက်သက်နေပါတယ်။ အဝလွန်ခြင်းကြောင့်လည်း ဖြစ်နိုင်ပါသေးတယ်။ အသည်းရောဂါဟာ အချိန်ကြာလာရင် နောက်ဆက်တွဲအနေနဲ့ အသည်းခြောက်ခြင်း၊ အသည်းပျက်စီးခြင်းတို့ကနေ အသက်ဆုံးရှုံးသည်အထိ ဖြစ်နိုင်ပါတယ်။

အသည်းရောဂါဖြစ်စေတဲ့ အကြောင်းရင်းတွေက ဘာတွေလဲ။

အောက်ပါအချက်တွေက အသည်းရောဂါဖြစ်စေတဲ့ အဓိက အကြောင်းရင်းတွေပဲ ဖြစ်ပါတယ်။

  • ရောဂါပိုးဝင်ခြင်း

ကပ်ပါးပိုးတွေ၊ ဗိုင်းရပ်စ်ပိုးတွေဟာ အသည်းကို ရောင်ရမ်းစေပြီး အသည်းလုပ်ငန်းဆောင်တာ ကျဆင်းခြင်းတွေ ဖြစ်စေနိုင်ပါတယ်။ အသည်းပျက်စီးခြင်းကို ဖြစ်စေတဲ့ ဗိုင်းရပ်စ်ပိုးတွေဟာ သွေး၊ သုက်ပိုး၊ ညစ်ညမ်းတဲ့ ရေ၊ အစားအစာတွေနဲ့ ရောဂါပိုးရှိသူမှတစ်ဆင့် ကူးစက်နိုင်ပါတယ်။ အဖြစ်များတဲ့ အသည်းရောင်ပိုးအမျိုးအစားတွေကတော့

-အသည်းရောင်ပိုး အေ

-အသည်းရောင်ပိုး ဘီ

-အသည်းရောင်ပိုး စီ

-အသည်းရောင်ပိုး အီး တို့ပဲ ဖြစ်ပါတယ်။

  • ကိုယ်ခံအားစနစ် ပုံမှန်မဟုတ်ခြင်း

ကိုယ်ခံအားစနစ်ပုံမှန်မဟုတ်တဲ့အခါ သင့်ကိုယ်ခန္ဓာအစိတ်အပိုင်းတွေကို မှားယွင်းတိုက်ခိုက်ပြီး အသည်းကို ပျက်စီးစေနိုင်ပါတယ်။ ကိုယ်ခံအားကြောင့် အသည်းပျက်စီးတဲ့ ရောဂါတွေကတော့

-Autoimmune hepatitis

-Primary biliary cirrhosis

-Primary sclerosing cholangitis တို့ပဲ ဖြစ်ပါတယ်။

  • မျိုးရိုးလိုက်ရောဂါများ

သင့်မိဘ တစ်ယောက် (သို့) နှစ်ယောက်လုံး ထံမှ ဆင်းသက်လာတဲ့ ပုံမှန်မဟုတ်တဲ့ genes တွေဟာ သင့်အသည်းအတွင်းမှာ အရာဝတ္ထု အမျိုးမျိုးကို စုပြုံစေပြီး အသည်းကို ပျက်စီးစေနိုင်ပါတယ်။ မျိုးရိုးလိုက်တဲ့ အသည်းရောဂါတွေကတော့

-Hemochromatosis (အသည်းမှာ သံဓာတ်စုပုံတာ)

-Hyperoxaluria and oxalosis (အသည်းမှာ အောက်ဆဲလ်လိတ် စုပုံတာ)

-Wilson’s disease (အသည်းမှာ ကော့ပါးစုပုံတာ) စတွေပဲ ဖြစ်ပါတယ်။

  • အခြားအကြောင်းရင်းများ

အသည်းရောဂါဖြစ်ပွားစေတဲ့ အခြားအကြောင်းရင်းတွေကတော့

-အရက်သောက်ခြင်း

-အဝလွန်ခြင်း

-ဆေးဝါးများနဲ့ အဆိပ်အတောက်များကြောင့် ဖြစ်ပါတယ်။

ဘယ်သူတွေမှာ အသည်းရောဂါ ပိုဖြစ်နိုင်သလဲ။

အောက်ပါအချက်တွေ ရှိသူတွေဟာ အသည်းရောဂါ ပိုဖြစ်နိုင်ပါတယ်။

  • အရက်အလွန်အကျွံသောက်ခြင်း
  • ဆေးထိုးအပ်များ မျှဝေသုံးစွဲခြင်း
  • မသန့်သော အပ်များနဲ့ ဆေးမင်ကြောင် ထိုးခြင်း
  • အခြားသူတွေရဲ့ သွေးတွေ၊ ကိုယ်ခန္ဓာအရည်တွေနဲ့ ထိတွေ့မိခြင်း
  • အကာအကွယ်မဲ့ လိင်ဆက်ဆံခြင်း
  • ဆီးချို
  • အဝလွန်ခြင်း
  • သွေးအတွင်း Triglycerides များခြင်း

အသည်းရောဂါ လက္ခဏာတွေက ဘာတွေလဲ။

အသည်းရောဂါ လက္ခဏာတွေ ကတော့

  • အသားဝါခြင်း၊ မျက်လုံးဝါခြင်း
  • ဗိုက်နာခြင်း၊ အောင့်ခြင်း
  • ခြေချင်းဝတ်၊ ခြေထောက် ရောင်ခြင်း
  • ဗိုက်ဖောခြင်း
  •  အသားယားခြင်း
  • ဆီးအရောင်ရင့်ခြင်း
  • ဝမ်း အရောင် ဖျော့သွားခြင်း
  • ပျို့အန်ခြင်း
  • အစားအသောက်ပျက်ခြင်း
  • အညိုအမည်း စွဲလွယ်ခြင်း တွေပဲ ဖြစ်ပါတယ်။

ဘယ်အချိန်မှာ ဆရာဝန် ပြသင့်သလဲ။

အထက်ပါ ရောဂါလက္ခဏာတွေဟာ ပျောက်မသွားဘဲ ရေရှည် ကြာမြင့်နေမယ်ဆိုရင် သင့်ဆရာဝန်နဲ့ ဆွေးနွေးနိုင်ပါတယ်။ ဒါ့ပြင် တခြားလက္ခဏာတွေ ခံစားနေရမယ်၊ အသည်းရောဂါရှိတယ်လို့ ကိုယ့်ကိုယ်ကိုယ် သံသယရှိရင်လည်း ဆရာဝန်နဲ့ ပြသသင့်ပါတယ်။

အသည်းရောဂါရှိကြောင်း ဘယ်လိုသိရှိမလဲ။

အသည်းရောဂါဖြစ်ပွားရခြင်း အကြောင်းရင်းတွေနဲ့ အသည်းရောဂါပျက်စီးမှု ပမာဏကို သိထားခြင်းက ကုသမှုအတွက် အရေးကြီးပါတယ်။ ဒါတွေကို သိရှိဖို့ ရောဂါရာဇဝင် မေးမြန်းတာ၊ စစ်ဆေးတာ၊ ဆေးစစ်တာတွေ လုပ်ရနိုင်ပါတယ်။

ရောဂါသိရှိဖို့ အခြား ဘယ်လိုစစ်ဆေးမှုတွေကို ပြုလုပ်နိုင်ပါသလဲ။

အကြမ်းအားဖြင့် အောက်ပါ ဆေးစစ်နည်းတွေ လိုတတ်ပါတယ်။ တစ်ယောက်နဲ့ တစ်ယောက်မှာတော့ အနည်းငယ်ကွာခြားနိုင်ပါတယ်။

  • သွေးစစ်ဆေးမှု – liver function tests လို့ ခေါ်တဲ့ သွေးစစ်ဆေးမှုတွေကို အသည်းရောဂါကို သိရှိဖို့အတွက် အသုံးပြုနိုင်ပါတယ်။ အခြားသွေးစစ်ဆေးမှုတွေကိုလည်း အသည်းရောဂါ ပြဿနာ နဲ့ မွေးရာပါ အသည်းရောဂါတွေကို သိရှိဖို့ စစ်ဆေးနိုင်ပါတယ်။
  • Imaging tests တွေကို ပြုလုပ်သင့်ပါတယ်။ ဒီစစ်ဆေးမှုမှာတော့ CT scan, MRI, Ultrasound တွေဟာ အသည်းပျက်စီးမှုကိုပြသနိုင်ပါတယ်။
  • အသည်းအသားစ ယူပြီးလည်း စစ်ဆေးနိုင်ပါတယ်။

အသည်းရောဂါကို ဘယ်လိုကုသနိုင်သလဲ။

အသည်းရောဂါ ကုသမှုတွေဟာ အသည်းပျက်စီးမှု ပမာဏနဲ့ ဖြစ်ရတဲ့ အကြောင်းရင်း ပေါ် မူတည်ပါတယ်။ အချို့ အသည်းရောဂါတွေဟာ လူမှုဘဝနေထိုင်ပုံ ပြောင်းလဲခြင်း ဥပမာ အရက်ဖြတ်ခြင်း၊ ဝိတ်ချခြင်း အစရှိသည်တို့ကို ကုသမှုရဲ့ တစ်စိတ်တစ်ပိုင်း အနေနဲ့ ပြုလုပ်နိုင်ပါတယ်။ ဒါပေမယ့် အခြားအသည်းရောဂါတွေကိုတော့ ဆေးတွေ (သို့) ခွဲစိတ်ကုသမှုနဲ့ ကုသရမှာ ဖြစ်ပါတယ်။ ဒါ့ပြင် အသည်းပျက်စီးလာရင်တော့ အသည်းအစားထိုးခြင်းကို လိုအပ်နိုင်ပါတယ်။

ဘယ်လိုနောက်ဆက်တွဲ ဆိုးကျိုးတွေ ဖြစ်နိုင်သလဲ။

အသည်းရောဂါက မကုသဘူးဆိုရင် ဝမ်းဗိုက်တွင်း သွေးပေါင်ချိန် မြင့်တက်တာ၊ ကျောက်ကပ်ထိခိုက်တာ၊ ဦးနှောက်ထိခိုက်တာ၊ ဝမ်းခေါင်းအတွင်း ပိုးဝင်တာ၊ နောက်ဆုံး အသည်းကင်ဆာအထိ ဖြစ်သွားနိုင်ပါတယ်။

အသည်းရောဂါရှိနေရင် ဘယ်လိုဆင်ခြင် နေထိုင်မလဲ။

သင့်မှာ အသည်းရောဂါ ရှိတယ်ဆိုရင် တစ်ဖက်ကလည်း ဆေးကုဖို့ လိုသလို တစ်ဖက်ကလည်း အသည်းကို ပိုပြီး မပျက်စီးအောင်၊ ကုသမှုကို အထောက်အကူ ဖြစ်အောင် နေထိုင်စားသောက်မှုပုံစံကို ပြောင်းလဲဖို့ လိုပါတယ်။ လိုက်နာသင့်တဲ့ အချက်တွေကတော့

  • အာာဟာရပြည့်ဝ မျှတအောင် စားပါ။
  • ကိုယ့်ကျန်းမာရေးပေါ် မူတည်ပြီး ရေကို တွက်ချက်သောက်ပါ။
  • ဆားကို လျှော့စားပါ။
  • ဘယ်အာဟာရကို ဘယ်လောက်ပမာဏစားသင့်တယ်ဆိုတာကို အာဟာရဆရာဝန်နဲ့ တိုင်ပင်ပါ။
  • အရက်ကို လုံးဝဖြတ်ပါ။
  • ဆေးဝါးတွေကို ဆရာဝန်ညွှန်ကြားချက်နဲ့သာ သောက်ဖို့ အကြံပြုလိုပါတယ်။
Hello Sayarwon Panel
Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Dr . Phyu Mon Latt မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 17/08/2023 ဖြစ်ပါသည်။