backup og meta

ကျွန်ုပ်တို့အားလုံးအတွက်စိုးရိမ်ဖွယ် ဆိုးရွားလာသောလေထုအရည်အသွေး

ကျွန်ုပ်တို့အားလုံးအတွက်စိုးရိမ်ဖွယ် ဆိုးရွားလာသောလေထုအရည်အသွေး

ကျွန်ုပ်တို့အားလုံးအတွက်စိုးရိမ်ဖွယ် ဆိုးရွားလာသောလေထုအရည်အသွေး

၂၀၁၆ ခုနှစ် စက်တင်ဘာ ၂၇ ရက်နေ့တွင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO) က ကမ္ဘာပေါ်တွင်လေထုညစ်ညမ်းမှု ဖြစ်ပေါ်နေမှုကိုတိုင်းတာတွက်ချက်ရန် လေထုအရည်အသွေးပုံစံတစ်ခု ထုတ်ဝေခဲ့သည်။ ထိုပုံစံသည် ကျေးလက်နှင့် မြို့ပြနေရာပေါင်း ၃၀၀ ကျော်တွင် မြေပြင်လေထု တိုင်းတာစက်များ၊ဂြိုလ်တုမှတစ်ဆင့်တိုင်းတာချက်များနှင့် လေ၏သွားရာလမ်းကြောင်းပုံစံများမှ ရရှိသော အချက်အလက်များပေါ်တွင် အခြေခံထားသည်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့နှင့် အင်္ဂလန်နိုင်ငံ Bath တက္ကသိုလ်တု့ိ ပူးပေါင်းဆောင်ရွက်ခဲ့ကြပါသည်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ လက်ထောက်ညွှန်ကြားရေးမှုး ဒေါက်တာ Flavia Bustreo ကထိုလေထုပုံစံတွင် လေထုညစ်ညမ်းသောနိုင်ငံများ၏ နေရာများနှင့်တကွ လေထုညစ်ညမ်းမှုကို တိုက်ဖျက်ရန်အရည်အသွေး တိုးတက်မှုလေ့လာချက်တို့ကိုဖော်ပြထားကြောင်း ပြောပါသည်။ ထိုပုံစံမှရရှိသောအဖြေတွင် လူသား တို့နေထိုင်သော ကမ္ဘာပေါ်ရှိနေရာများ၏ ၉၂ ရာခိုင်နှုန်းတွင် လေထုအရည်အသွေးသည် ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ခွင့်ပြုသောပမာဏထက် ဆိုးရွားနေကြောင်း ဖော်ပြထားရာ စိုးရိမ်ဖွယ်ဖြစ်ပါသည်။

လေထုညစ်ညမ်းမှုကြောင့်လူသားတို့၏ကျန်းမာရေးထိခိုက်မှု

လေထုညစ်ညမ်းမှုသည် ကမ္ဘာပေါ်တွင် လူအသေအပျောက်အများဆုံး အကြောင်းအရင်းတစ်ခုဖြစ်သည်။ တိုးတက်လာသော လူမှုအဖွဲ့အစည်းတွင်စွမ်းအင်ပိုမိုလိုအပ်လာသဖြင့် လောင်စာဆီများမှ ထွက်ရှိသော မီးခိုးငွေ့များနှင့်ဓါတ်ငွေ့များသည်လည်း ပိုမိုများပြားလာရသည်။ ထိုအန္တရာယ်ရှိသော ဓါတုပစ္စည်းများသည် ပတ်ဝန်းကျင်တွင်များပြားလာပါက လေထုအရည်အသွေးကို ထိခိုက်စေသည်။ လေထုကိုညစ်ညမ်းသော ပစ္စည်းများဥပမာ-ကာဗွန်မိုနောက်ဆိုဒ်ဓါတ်ငွေ့၊ ဆာလဖာဒိုင်အောက်ဆိုဒ်ဓါတ်ငွေ့ နှင့် အငွေ့ပျံနိုင်သော ဒြပ်ပေါင်းများသည် တစ်ခုနှင့်တစ်ခုဖွဲ့စည်းပုံ ၊ဓါတ်ပြုနိုင်စွမ်း ၊ ထုတ်လွှတ်နိုင်စွမ်း ၊ ပြိုကွဲနိုင်စွမ်းနှင့် ပျံ့နှံ့စီးဝင်နိုင်စွမ်း ကွဲပြားကြသည်။

မကြာသေးမီကပြုလုပ်သောလေ့လာချက်တစ်ခုတွင် လေထုညစ်ညမ်းစေမှု အဖြစ်ဆုံး အဆိုးဆုံးဓါတ်ငွေ့များမှာ အောက်ပါတို့ဖြစ်သည်။

(၁) နိုက်ထရိုဂျင်အောက်ဆိုဒ် ( NO )

အက်ဆစ်မိုးများရွာခြင်း၊ အသက်ရှူရခက်စေသော မီးခိုးမြူများဖြစ်စေခြင်း စသည်တို့ကို ဖြစ်စေနိုင်သော ဓါတ်ငွေ့ ဖြစ်သည်။ အိမ်သုံးကားများ ၊ ကုန်တင်ကားများ ၊ စက်တပ်လှေများနှင့် စက်မှုလုပ်ငန်းများ ၊ ဘိလပ်မြေ ထုတ်လုပ်ခြင်းတို့မှထိုဓါတ်ငွေ့ ကိုထုတ်လွှတ်သည်။ ထိုဓါတ်ငွေ့သည် အသက်ရှူလမ်းကြောင်း ဆိုင်ရာ ရောဂါများ၊ခေါင်းကိုက်ခြင်း ၊ အဆုတ်ရောဂါများ ၊ မျက်စိနာမျက်စိကျိန်းစပ်ခြင်း ၊ ခံတွင်းပျက်ခြင်း တု့ိကို ဖြစ်စေတတ်ပါသည်။

(၂)အိုဇုန်း (O3)

လေထုထဲတွင် စထရာတိုစဖီးယား ဟုခေါ်သော အလွှာတစ်ခုရှိပြီးထိုအလွှာထဲတွင် အောက်ဆီဂျင်မော်လီကျူး ၃လုံးဖြင့်ဖွဲ့စည်းထားသော အိုဇုန်းဓါတ်ငွေ့ကိုသဘာဝအတိုင်းတွေ့ရသည်။ ထိုအလွှာသည် ခရမ်းလွန်ရောင်ခြည်အန္တရာယ်မှ ကျွန်ုပ်တို့ကိုကာကွယ်ပေးသည်။ သို့သော် မြေပြင်ရှိလေထုထဲတွင် ထိုအိုဇုန်းဓါတ်ငွေ့မှာ နေရောင်ခြည်နှင့် စက်ပစ္စည်းများမောင်းနှင်ရာမှ ထွက်သောဓါတ်ငွေ့တု့ိဓါတ်ပြုရာမှ ထွက်ပေါ်လာခြင်းဖြစ်သည်။ အိုဇုန်းပါဝင်သောမီးခိုးငွေ့များကို ရှူမိပါက အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ၊ပန်းနာရင်ကျပ်ရောဂါများနှင့် အဆုတ်ရောဂါများကို ပိုမိုဆိုးရွားပြင်းထန်စေတတ်သည်။

(၃) လေထုထဲရှိအမှုန်အမွှားများ

ဓါတုပစ္စည်းများလောင်ကျွမ်းခြင်း၊ စက်မှုလုပ်ငန်းများနှင့် ယာဉ်ယန္တရားများမောင်းနှင်ခြင်း တို့မှ သေးငယ်၍ ရှူရှိုက်မိတတ်သောအမှုန်များထွက်ပေါ်လာသည်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ အမှုန်များပေါ်တွင်ပြုလုပ်သော လေ့လာမှုတွင် လွန်စွာသေးငယ်သောအမှုန် ( အချင်း ၂.၅ မိုက်ခရွန်) တစ်မျိုးဖြစ်သည့် PM 2.5 ကိုပါထည့်သွင်းလေ့လာခဲ့သည်။ လေထုညစ်ညမ်းမှုသည် အဆုတ်နှင့် အသက်ရှူ လမ်းကြောင်းဆိုင်ရာ ရောဂါများ ဖြစ်စေခြင်းသာမက နာတာရှည်ဝေဒနာများခံစားရစေခြင်း ၊ အခြားသော ကိုယ်အင်္ဂါအစိတ်အပိုင်းများကိုပါ ရောဂါရေစေခြင်း ၊ နှလုံးရောဂါ ၊ ပန်းနာရင်ကျပ်ရောဂါ အပြင် အဆုတ်ကင်ဆာရောဂါဖြစ်ပွားစေသည်အထိဖြစ်စေနိုင်ပါသည်။ ထိုအမှုန်အမွှားများနှင့် ထိတွေ့ရှူရှိုက်ရဖန် များပါက အရွယ်မတိုင်မီသေဆုံးခြင်းကိုပါဖြစ်စေနိုင်သည်။

လေထုညစ်ညမ်းမှုကြောင့် သေဆုံးမှုများ

ဒေါက်တာBustreo ၏ပြောပြချက်အရလေထုညစ်ညမ်းခြင်းကြောင့် ထိခိုက်ခံစားရသူများမှာအမျိုးသမီးများ ၊ ကလေးသူငယ်များနှင့် သက်ကြီးရွယ်အိုများဖြစ်သည်။ လူတစ်ဦးအနေဖြင့် ကျန်းမာစေရန် မွေးဖွားသည့်အချိန်မှ သေဆုံးသည်အထိ သန့်ရှင်းသောလေကိုသာ ရှူရှိုက်သင့်သည်ဟုဆိုပါသည်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှစာရင်းပြုစုရာတွင် လေထုညစ်ညမ်းမှုကြောင့်ရောဂါဖြစ်၍ သေဆုံးမှုသည် ကြောက်မက်ဖွယ်ဖြစ်နေသည်ကိုတွေ့ရသည်။

-တစ်နှစ်လျှင်လူပေါင်း ၃ သန်းခန့်သည်လေထုညစ်ညမ်းမှုကြောင့်သေဆုံးကြသည်။

-၂၀၁၂ ခုနှစ်တွင်လေထုညစ်ညမ်းမှုကြောင့်သေဆုံးမှုသည် ၆.၅ သန်းအထိမြင့်တက်ခဲ့သည်။

(ကမ္ဘာတစ်ဝန်းသေဆုံးမှု၏ ၁၁.၆ ရာခိုင်နှုန်း ထိရှိသည်။)

မကူးစက်သောရောဂါများ( နှလုံးရောဂါ ၊ လေဖြတ်ရောဂါ ၊ နာတာရှည်အဆုတ်ရောဂါနှင့် အဆုတ်ကင်ဆာရောဂါ) တို့ဖြစ်ပွား၍သေဆုံးမှုသည် ၉၄ ရာခိုင်နှုန်း ရှိသည်။ လေထုညစ်ညမ်းခြင်းသည် အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများကိုလည်း ဖြစ်စေပါသည်။

လထုညစ်ညမ်းမှု၏အဓိကအကြောင်းအရင်းများမှာခရီးသွားမှုများပြားလာခြင်း၊ အိမ်သုံးပစ္စည်းများနှင့် စွန့်ပစ်ပစ္စည်းများလောင်ကျွမ်းခြင်း ၊ ကျောက်မီးသွေးဓါတ်အားပေးလုပ်ငန်းများမှ မီးခိုးမှုန်များထွက်ရှိခြင်းနှင့် စက်မှုလုပ်ငန်းများကြောင့်ဖြစ်သည်။ ဥပမာအားဖြင့် ကန္တာရနှင့် နီးသောဒေသများတွင် မီးခိုးမုန်တိုင်းများကြောင့် လေထုအရည်အသွေးကျဆင်းခြင်းမျိုးလည်းတွေ့ရပါသည်။

အာရှနိုင်ငံများနှင့် လေထုညစ်ညမ်းမှု

လေထုညစ်ညမ်းမှုကြောင့်သေဆုံးရခြင်းများ၏ ၉၀%နီးပါးမှာ ဖွံ့ဖြိုးဆဲနိုင်ငံများတွင် တွေ့ရတတ်ပြီး အများစုမှာ အရှေ့တောင်အာရှနှင့် အနောက်ပစိဖိတ်ဒေသနိုင်ငံများဖြစ်သည်။ မြို့ပြတွင်လေထုညစ်ညမ်းမှု ပို၍များပြားနိုင်သည်ဟု တွေးထင်ဖွယ်ရှိသော်လည်း ကျေးလက်ဒေသတွင် လေထုညစ်ညမ်းမှု ပိုမိုဆိုးရွားနေခြင်းမျိုးလည်းရှိတတ်သည်။

အာရှနိုင်ငံများ ပတ်ဝန်းကျင်လေ့လာစောင့်ကြည့်မှုဌာန၏ ထုတ်ပြန်ချက်အရလေထုညစ်ညမ်းကိန်း(API) မှာပျမ်းမျှ ၃၈ တွင်ရှိသဖြင့်အခြေအနေမဆိုးဟုဆိုနိုင်ပါသည်။

လေထုညစ်ညမ်းကိန်း(API)ဆိုသည်မှာ နေရာတစ်ခုတွင်ရှိသော လေထုအရည်အသွေးကိုဖော်ပြသော အညွှန်းကိန်းဖြစ်သည်။ လေထုညစ်ညမ်းစေသောဓါတ်ငွေ့များ – ဆာလဖာဒိုင်အောက်ဆိုဒ် ၊ နိုက်ထရိုဂျင်အောက်ဆိုဒ် ၊ ကာဗွန်မိုနောက်ဆိုဒ် ၊ အိုဇုန်းနှင့် PM10 စသည်တို့၏ပျမ်းမျှပါဝင်မှုကို တိုင်းတာတွက်ချက်ရသည်။ လေထုတွင်း အဓိကအများဆုံးပါဝင်ေသော ပစ္စည်း၏ပမာဏကိုလိုက်၍ လေထုညစ်ညမ်းကိန်းကိုသတ်မှတ်ကြသည်။ ယေဘူယျအားဖြင့် PM10 ဟုခေါ်သောအမှုန်တစ်မျိုးသည် အများဆုံးဖြစ်နေတတ်သည်။ ထိုအမှုန်ပါဝင်မှုကိုလိုက်၍ လေထုညစ်ညမ်းကိန်းကိုသတ်မှတ်ကြပါသည်။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

WHO releases country estimates on air pollution exposure and health impact.
http://www.who.int/mediacentre/news/releases/2016/air-pollution-estimates/en/. Accessed
September 30, 2016.

Human health effects of air pollution.
http://www.sciencedirect.com/science/article/pii/S0269749107002849. Accessed September 30,
2016.

Air Pollutant Index of Malaysia. http://apims.doe.gov.my/v2/information.html. Accessed September
30, 2016.

Our air quality is worse than we thought, and we’re getting sick.
http://www.star2.com/health/wellness/2016/09/29/our-air-quality-is-worse-than-we-thought-and-its-making-us-sick/. Accessed September 30, 2016.

Air Pollutant Index of Malaysia. http://apims.doe.gov.my/v2/hour4_2016-09-29.html. Accessed
September 30, 2016.
Air Pollution Index. https://en.wikipedia.org/wiki/Air_Pollution_Index. Accessed September 30, 2016.

ယခုပုံစံ

16/02/2022

Dr. Ye Pyae Hein မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

အစာအိမ်ပိုး ကြောင့် အစာအိမ်ကင်ဆာ ဖြစ်တတ်တာ သိပါရဲ့လား

ကင်ဆာဖြစ်နိုင်ခြေကို ဘယ်လိုနည်းလမ်းတွေနဲ့ လျှော့ချလို့ ရမလဲ!


မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Thurein Hlaing Win


Dr. Ye Pyae Hein မှ ရေးသားသည်။ · 16/02/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement