ဆေးခန်းသွားပြလို့ ဆရာဝန်က “ဘာဆေးစွဲသောက်နေလဲ “ ဟုအမေးခံရလျှင် အတော်များများက ယောင်ချာချာဖြစ်ကြသည်။ “သောက်တော့သောက်နေတာပဲ …ဘာဆေးမှန်း မသိဘူး မမှတ်မိဘူး”ဟုဖြေကြသည်။ တချို့ကျပြန်တော့လည်း ထင်ကြေးနှင့်ရမ်းပြောတတ်သည်။ တချို့ကျ မှတ်ထားပါရဲ့… သို့သော် မတိကျ။
( သွေးကျဆေးစွဲသောက်နေတယ် …. အဖြူလုံးလေးတွေ တဲ့။ သွေးကျဆေးအမျိုးအစား အများကြီးရှိတာမို့ အဖြူလုံးလို့ပြောတိုင်း သိနိုင်မတဲ့လား) ဆေးစွဲသောက်နေရသည် ဆိုကတည်းက မိမိမှာ အတော်အတန်အရေးပါတဲ့ရောဂါ ဒါမှမဟုတ် အားနည်းချက်တစ်ခု ရှိနေသည် မဟုတ်ပါလား။ သည်အချက်က ဆေးကုသရာတွင် အလွန်အရေးပါသည်။ လူတစ်ယောက်တွင် တစ်ချိန်တည်း၌ ရောဂါအမျိုးအစား တစ်မျိုးထပ်ပို၍ ဖြစ်နေနိုင်သည်။ ရှေ့တွင်ရောဂါတစ်မျိုးဖြစ်နေရာက နောက်ထပ်ရောဂါတစ်မျိုးလည်း ထပ်ဝင်နိုင်သည်။ ထိုသို့ ရောဂါနှစ်မျိုးသုံးမျိုးကို တစ်ပြိုင်တည်း ကုသရာတွင် ရောဂါတစ်မျိုးချင်းစီအတွက်ပေးသော ဆေးအချင်းချင်းက သဟဇာတဖြစ်နေဖို့လိုသည်။ သဟဇာတဖြစ်ခြင်းဆိုသည့် အဓိပ္ပာယ်က “တည့် မတည့်” တစ်ခုတည်းမဟုတ်….သည့်ထက်ပိုသည်။
တချို့ဆေးတွေက အတူတူသောက်မိသည့်အခါ ဥပဒ်တော့မပေး။ သို့ပေမဲ့ တစ်မျိုး၏ အာနိသင်ကို တစ်မျိုးကတားသည်။ အတူသောက်သည့်ဆေး၏ သွေးတွင်းပမာဏကို အတက်အကျ ဖြစ်စေတတ်သည်။ ကျသွားလျှင် အာနိသင်အပြည့်မရသောကြောင့် ရောဂါအတွက် မထိရောက်ဘဲ ပျောက်ကင်းမှုကြန့်ကြာခြင်း၊ ဆေးယဉ်ပါးခြင်း အစရှိသည့် ပြဿနာတွေ ဖြစ်လာနိုင်သည်။ တက်လာလျှင်တော့ ခန္ဓာကိုယ်အတွက် အဆိပ်အတောက်ဖြစ်စေနိုင်သည့်အထိ ဥပဒ်ပေးနိုင်သည်။ ထို့ကြောင့် ရောဂါ အကြီးအသေး ဉီးစားပေးအချက်ကို လိုက်၍ ဆေးပမာဏ အလျေှာ့အတင်းကို ဆရာဝန်ကချိန်ဆပေးရန်လိုသည်။ သို့မဟုတ် သင့်တော်ရာဆေးအမျိုးအစားကို ပြောင်းပေးရန်လိုသည်။ ဥပမာဆိုကြပါစို့။ တီဘီရောဂါ ဖြစ်နေသည့် အိမ်ထောင်သည်အမျိုးသမီးတစ်ဉီးက ကလေးမလိုချင်သေးသည့်အတွက် OC pill ခေါ် သန္ဓေတားဆေးကို သောက်မည်ဆိုပါတော့။ သူသောက်နေကျ Rifampicin ခေါ် တီဘီဆေးတစ်မျိုးမှာ သန္ဓေတားဆေး၏ သွေးတွင်းအာနိသင်ကို လျော့ကျပျက်ပြယ်စေနိုင်သည့် သဘောရှိသည့်အတွက် ဆေးစွမ်းမပြတော့ဘဲ ကိုယ်ဝန်ရသွားနိုင်ပါသည်။ ထိုအခါ တီဘီရောဂါလည်း ဆက်ကု၍ရစေရန် ကိုယ်ဝန်လည်းမရစေရန် တခြားသားဆက်ခြားနည်းကိုသုံးဖို့ ဆရာဝန်က စဉ်းစားပေးရသည်။
တချို့ကျပြန်တော့ ခန္ဓာကိုယ်တွင်းဇီဝကမ္မပြောင်းလဲမှုများအနက် တစ်ခုခုကို အတူတူဝင်ရောက်စွက်ဖက်အကျိုးသက်ရောက်စေပြီး ကိုယ်တွင်းဓာတ်တချို့ကို အလွန်အမင်းများစေခြင်း (သို့) နည်းစေခြင်းကို ဖြစ်စေပြန်သည်။ ဥပမာ spironolactone ခေါ် ဆီးရွှင်ဆေးတစ်မျိုးမှာ ကိုယ်တွင်း၌ သဘာဝသက်စောင့်ဓာတ်တစ်မျိုးဖြစ်သည့် ပိုတက်ဆီယမ် ( potassium ) ဓာတ်ကို များလာစေတတ်သည်။ ထိုနည်းတူ bisoprolol ခေါ် သွေးကျဆေးတစ်မျိုးကလည်း ပိုတက်ဆီယမ် ( potassium ) ဓာတ်ကို များလာစေတတ်သည်။ ပိုတက်ဆီယမ် ( potassium ) ဓာတ်သည် ခန္ဓာကိုယ်ထဲ၌ လိုသည်ထက်ပိုနေလျှင် (သို့) လျော့နေလျှင် သေသည်ထိ အန္တရာယ်ရှိသည်။ သည်ဆေးနှစ်မျိုးကို မသိဘဲ အတူတူသောက်နေမိလျှင် လူနာအတွက် အန္တရာယ်ရှိသည်။ ထိုနည်းတူ ခန္ဓာကိုယ်အတွက်လိုသည့် ဓာတ်တစ်မျိုးကို လျော့ကျစေရာတွင် လှုံ့ဆော်ပေးသည့် ဆေး ၂ မျိုးကို အတူသောက်မိပြန်လျှင်လည်း အလားတူ အန္တရာယ်ရှိသည်ပင်။ ခုနကပြောခဲ့သည့် ပိုတက်ဆီယမ် ( potassium ) ဓာတ်ကို တိုးစေသည့် ဆေးများဖြစ်သော terbutyline ခေါ် ပန်းနာရင်ကြပ်သက်သာဆေး နှင့် lasix (furosemide) ခေါ် ဆီးရွှင်ဆေးတစ်မျိုး ကို မသိဘဲ ရေရှည် အတူတွဲသောက်မိနေခြင်းမျိုးကို ဆိုလိုသည်။
တချို့ဆေးတွေကျပြန်တော့ ဘေးထွက်ဆိုးကျိုးတူနေသည့်အတွက် လူနာကို ဝန်ပိစေသည်။ ဥပမာ ခြေထောက်ဖောစေတတ်သောဆိုးကျိုးရှိသည့်ဆေးများဖြစ်သော Amlodipine သွေးကျဆေးအမျိုးအစား နှင့် Gabapentin အာရုံကြောဆေး ကို ရေရှည် အတူတွဲသောက်မိနေလျှင်လည်း ဘေးထွက်ဆိုးကျိုး က နှစ်ဆတိုးသွားမည်။
ရောဂါနှင့်သင့်သောဆေး ဖြစ်ရုံမျှနှင့် အားလုံးအဆင်ပြေနေလိမ့်မည်ဟု ယူဆထား၍မရပါ။ ဆရာဝန်တစ်ဉီးနှင့်ပြစဉ်က ဆေးများကို နောက်ထပ်ဆရာဝန်တစ်ဉီးနှင့် ပြချိန်တွင် ဆက်သောက်နေပါက (သို့) ဖြတ်လိုက်သည်မှာ မကြာသေးပါက မည်သည့်ဆေးတွေ သောက်နေသည်ဆိုသည်ကို ပြောပြရန် မဖြစ်မနေလိုပါသည်။ ပြောပြရာတွင်လည်း နာမည်အတိအကျ လိုသည့်အတွက် ကိုယ်မမှတ်နိုင်လျှင် ဆေးမှတ်တမ်းကိုသာ အကုန်ယူသွားပြပါ။
ဒီလောက်ဆိုလျှင် “ဘာဆေးစွဲ သောက်နေလဲ” မေးခွန်းဟာ လူနာ၏ ကောင်းကျိုးဆိုးကျိုးအတွက် အသက်တမျှအရေးပါကြောင်း သိသွားကြလိမ့်မည်ထင်ပါသည်။
ဘေးအန္တရာယ်ကို သဘောပေါက်လွယ်ကြပြီး မိမိကိုယ်ကို စောင့်ရှောက်နိုင်ကြစေရန် ရည်ရွယ်လျက်။
ရေးသားသူ – ဒေါက်တာနှင်းနုအေး
Hello Health Groupသည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။
[embed-health-tool-bmi]