backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

Trichotillomania (hair-pulling disorder) (အမွှေးနုတ်တဲ့ရောဂါ)


Dr.Nyan Linn မှ ရေးသားသည်။ · 26/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

အဓိပ္ပါယ်ဖွင့်ဆိုချက်

Trichotillomania (hair-pulling disorder) (အမွှေးနုတ်တဲ့ရောဂါ) ကဘာလဲ။

Trichotillomania လို့အမည်တွင်တဲ့ အမွှေးနုတ်တဲ့ရောဂါဆိုတာ ဦးရေပြား၊ မျက်ခုံးနဲ့ တခြားခန္ဓါကိုယ်အစိတ်အပိုင်းတွေမှာ ပေါက်နေတဲ့ အမွှေးအမှင်တွေကို ထပ်တလဲလဲ ဆွဲနုတ်ချင်နေတဲ့ စိတ်ရောဂါတစ်မျိုး ဖြစ်ပါတယ်။ ကာယကံရှင်အနေနဲ့ ဒီလိုဆွဲမနုတ်မိအောင် ဘယ်လောက်ပဲကြိုးစားသည်ဖြစ်စေ စိတ်မထိန်းနိုင်ဘဲ ဆွဲနုတ်မိနေတဲ့ ရောဂါဖြစ်ပါတယ်။

ဦးရေပြားက ဆံပင်တွေကို ဆွဲနုတ်ဖန်များတဲ့အခါ ခေါင်းပေါ်မှာ ဟိုနေရာတကွက် ဒီနေရာတကွက် ထိပ်ပြောင်လာပြီး လူမှုဆက်ဆံရေးနဲ့ လုပ်ငန်းခွင်မှာ သိသိသာသာ အနှောင့်အယှက်ဖြစ်ရသလို ဒီလို အမွှေးကွက်တိကွက်ကြား ဖြစ်တာကို ဖုံးကွယ်နိုင်ဖို့ အသည်းအသန် ကြိုးစားအားထုတ်ကြရတာလည်း ဖြစ်ပါတယ်။

Trichotillomania (hair-pulling disorder) (အမွှေးနုတ်တဲ့ရောဂါ) က ဘယ်လောက်အဖြစ်များသလဲ

လူဦးရေရဲ့ တစ်ရာခိုင်နှုန်းကနေ သုံးရာခိုင်နှုန်းလောက်မှာ ဒီရောဂါရှိပြီး များသောအားဖြင့် ဆံပင်၊ မျက်ခုံးမွှေးနဲ့ မျက်တောင်မွှေးတွေကို ဆွဲနုတ်ကြတာပဲ ဖြစ်ပါတယ်။ တစ်နှစ်ထက်တစ်နှစ် ဒီရောဂါဖြစ်တဲ့လူဦးရေ ပိုမိုတိုးပွားလာတာကို တွေ့ရမှာဖြစ်ပြီး ကျန်းမာရေးပညာရှင်တွေအနေနဲ့ ဒီရောဂါအကြောင်း မေးလေ့မေးထ သိပ်မရှိတဲ့အတွက် အာရုံစိုက်သင့်သလောက် အစိုက်မခံရတဲ့ ရောဂါလည်းဖြစ်ပါတယ်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။

လက္ခဏာများ

Trichotillomania (hair-pulling disorder) (အမွှေးနုတ်တဲ့ရောဂါ) ရဲ့လက္ခဏာတွေကဘာတွေလဲ

အမွှေးနုတ်တဲ့ရောဂါရဲ့ အဖြစ်အများဆုံးရောဂါလက္ခဏာတွေကတော့

ဆံပင်၊ မျက်ခုံးမွှေး၊ မျက်တောင်မွှေးတို့အပြင် ခန္ဓါကိုယ်တခြားနေရာမှာပေါက်တဲ့ အမွှေးအမှင်တွေကို ထပ်ကာထပ်ကာ ဆွဲနုတ်ခြင်း

အမွှေးမနုတ်မိခင် ဒါမှမဟုတ် မနုတ်ဖြစ်အောင်ကြိုးစားနေစဉ်မှာ တင်းတင်းကျပ်ကျပ် ခံစားရခြင်း

အမွှေးဆွဲနုတ်လိုက်မှ အာသာပြေခြင်း၊ စိတ်ကျေနပ်ခြင်း

လုပ်ငန်းခွင်နဲ့ လူမှုဆက်ဆံရေးမှာ အခက်အခဲပြဿနာများ ကြုံတွေ့ရခြင်း

အမွှေးကွက်တိကွက်ကြားဖြစ်နေခြင်း

ဆံပင်အမြစ်ကို စမ်းသပ်ခြင်း၊ ဆံပင်လိမ်ခြင်း၊ နုတ်လိုက်တဲ့အမွှေးကို သွားကြားထဲထည့်ကိုက်ခြင်း၊ ဝါးခြင်း၊ စားပစ်ခြင်း

အမွှေးနုတ်တဲ့ရောဂါရှိသူအများစုဟာ သူတို့မှာရောဂါရှိနေတာကို ငြင်းဆိုတတ်ကြပြီး အမွှေးကွက်တိကွက်ကြားဖြစ်တာကို ဖုံးကွယ်ဖို့အတွက် ဦးထုတ်ဆောင်းတာ၊ လည်စီးပဝါစီးတာ၊ မျက်တောင်တု၊ မျက်ခုံးတုတပ်တာ စသည်ဖြင့် နည်းပေါင်းစုံနဲ့ ကြိုးစားလေ့ရှိကြပါတယ်။

အထက်မှာဖော်ပြထားတဲ့အထဲမှာမပါဝင်တဲ့ အခြားသောလက္ခဏာတွေလည်းရှိနိုင်ပါသေးတယ်။ တကယ်လို့ကိုယ့်ဆီမှာ ရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီး စိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ

တကယ်လို့သင်ဟာ သင့်ခန္ဓါကိုယ်က အမွှေးအမှင်တွေကို မနေနိုင်မထိုင်နိုင် နုတ်မိနေမယ်၊ ဒီလိုနုတ်မိလို့ ဖြစ်လာတဲ့ ရုပ်သွင်ပြင်ကိုကြည့်ပြီး စိတ်ကသိကအောင့်ဖြစ်မယ်၊ အရှက်ရမယ်ဆိုရင်တော့ သင့်ဆရာဝန်နဲ့တိုင်ပင်သင့်ပါတယ်။ အမွှေးနုတ်တဲ့ရောဂါဟာ သာမန်အကျင့်ဆိုးတစ်ခုထက်ပိုပါတယ်။ ဒါဟာ စိတ်ရောဂါတစ်ခုဖြစ်ပြီး ကုသမှုမခံယူဘဲ သက်သာပျောက်ကင်းနိုင်မှာ မဟုတ်ပါဘူး။

သင့်ဆီမှာ အထက်ဖော်ပြပါ ရောဂါလက္ခဏာတွေထဲက တစ်ခုခုများရှိနေမယ်ဆိုရင် ဒါမှမဟုတ် မေးခွန်းတစ်ခုခုရှိနေမယ်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။ လူတိုင်းရဲ့ခန္ဓါကိုယ်တုံ့ပြန်မှုဟာ မတူညီနိုင်ပါဘူး။ သင့်အခြေအနေအတွက် ဘာအကောင်းဆုံးလဲဆိုတာကို သင့်ဆရာဝန်နဲ့ တိုင်ပင်တာက အကောင်းဆုံးပါပဲ။

အကြောင်းရင်းများ

Trichotillomania (hair-pulling disorder) (အမွှေးနုတ်တဲ့ရောဂါ) ကိုဘာတွေကဖြစ်စေသလဲ

ဒီရောဂါဖြစ်ရခြင်းရဲ့ အကြောင်းအရင်းအတိအကျကိုတော့ မသိရသေးပါဘူး။ စိတ်ခံစားမှု ထိန်းညှိခြင်း၊ လှုပ်ရှားမှု၊ အကျင့်တည်ဆောက်ခြင်း၊ စိတ်မြန်လက်မြန် မပြုမှုမိအောင် ထိန်းချုပ်ခြင်း စတဲ့ လုပ်ငန်းစဉ်တွေနဲ့ သက်ဆိုင်တဲ့ ဦးနှောက်အစိတ်အပိုင်းတွေ ချိတ်ဆက်မှု ပုံမှန်မဟုတ်တာနဲ့ ဆက်စပ်လိမ့်မယ်လို့တော့ ယူဆထားပါတယ်။

ဒီရောဂါခံစားနေရသူတချို့ဟာ စိတ်ဓါတ်ကျခြင်း သို့မဟုတ် စိုးရိမ်ပူပန်ခြင်းကိုပါ ခံစားရတတ်ပြီး အနည်းငယ်မျိုးရိုးလိုက်တတ်ပါတယ်။

ဖြစ်နိုင်ခြေများ

ငါ့ဆီမှာ Trichotillomania (hair-pulling disorder) (အမွှေးနုတ်တဲ့ရောဂါ) ဖြစ်နိုင်ခြေကိုဘာ်တွေက မြင့်တက်စေသလဲ

အမွှေးနုတ်တဲ့ရောဂါ ဖြစ်ပွားနိုင်ချေကိုမြင့်စေတဲ့အကြောင်းရင်းတွေ အများကြီးရှိပါတယ်။ ဥပမာအားဖြင့်

မိသားစုရောဂါရာဇဝင်ရှိခြင်း

ဒီရောဂါဟာ မျိုးရိုးဗီဇကြောင့် ဖြစ်ပွားနိုင်ချေရှိပြီး ဆွေမျိုးနီးစပ်တွေမှာ ဒီရောဂါရှိရင် ဖြစ်နိုင်ချေပိုများတတ်ပါတယ်။

အသက်အရွယ်

အမွှေးနုတ်တဲ့ရောဂါဟာ ဆယ်ကျော်သက်အရွယ်မတိုင်မီနဲ့ ဆယ်ကျော်သက်ဖြစ်ပြီးခါစ၊ အများအားဖြင့် အသက် ၁၀နှစ်မှ ၁၃နှစ်အတွင်း အများဆုံးဖြစ်လေ့ရှိပြီး တသက်လုံး စွဲပါသွားတတ်ပါတယ်။ တစ်နှစ်အောက် ကလေးငယ်လေးတွေမှာလည်း ဆံပင်မွှေးဆွဲတဲ့အကျင့် ရှိတတ်ပေမယ့် အပျော့စားလက္ခဏာလောက်သာဖြစ်ပြီး ကုသမှုခံယူစရာမလိုဘဲ အလိုလိုပျောက်သွားတတ်ပါတယ်။

အခြားရောဂါများ

အမွှေးနုတ်တဲ့ရောဂါရှိသူတွေမှာ စိတ်ဓါတ်ကျခြင်း၊ စိုးရိမ်ပူပင်ခြင်း၊ စိတ်စွဲအကျင့်စွဲရောဂါ စတဲ့ အခြားရောဂါတွေကို ပူးတွဲတွေ့ရတတ်ပါတယ်။

စိတ်ဖိစီးမှု

စိတ်ဖိစီးမှု ပြင်းပြင်းထန်ထန်ဖြစ်ပေါ်စေတဲ့ အခြေအနေ၊ အဖြစ်အပျက်တွေကလည်း အမွှေးနုတ်တဲ့ရောဂါဖြစ်အောင် လှုံ့ဆော်တတ်ပါတယ်။

အထက်ပါဖြစ်ပွားနိုင်ချေများ မရှိခြင်းကြောင့် သင့်မှာ့health condition မဖြစ်ဘူးလို့ ပြောလို့မရနိုင်ပါဘူး။ ဒီအချက်လက်များဟာ မှီငြမ်းကြည့်ရှုဖို့အတွက်ပဲဖြစ်ပါတယ်။ အသေးစိတ်သိရှိလိုပါက ဆရာဝန်နှင့် တိုင်ပင် ဆွေးနွေးဖို့ လိုအပ်ပါတယ်။

ရောဂါအဖြေရှာခြင်းနှင့် ကုသမှု

ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.

Trichotillomania (hair-pulling disorder) (အမွှေးနုတ်တဲ့ရောဂါ) ကို ဘယ်လိုအတည်ပြုပါသလဲ

သင့်မှာ အမွှေးနုတ်တဲ့ရောဂါရှိမရှိ ဆန်းစစ်အဖြေရှာနိုင်မယ့် နည်းလမ်းတွေကတော့

အမွှေးဘယ်လောက်အထိ ဆွဲနုတ်မိပြီလဲဆိုတာ စစ်ဆေးခြင်း

ဒီဖြစ်ရပ်အကြောင်း မေးခွန်းမေးခြင်း၊ ဆွေးနွေးခြင်း

ဒီအပြုအမူမျိုး ဖြစ်စေနိုင်တဲ့ အခြားအခြေအနေတွေကို ဖယ်ထုတ်နိုင်အောင် စမ်းသပ်စစ်ဆေးခြင်း

အမွှေးနုတ်တဲ့အပြုအမူနဲ့ ဆက်စပ်နေတဲ့ ရုပ်ပိုင်း၊ စိတ်ပိုင်းဆိုင်ရာ ပြဿနာတစုံတရာရှိမရှိ စစ်ဆေးခြင်း

အမေရိကန်စိတ်ကျန်းမာရေးအထူးကုဆရာဝန်များအသင်းက ထုတ်ဝေတဲ့ Diagnostic and Statistical Manual of Mental Disorders (DSM-5) စာအုပ်မှာ ဖော်ပြထားတဲ့ သတ်မှတ်ချက်တွေနဲ့ ကိုက်ညီမှုရှိမရှိ စစ်ဆေးခြင်း

Trichotillomania (hair-pulling disorder) (အမွှေးနုတ်တဲ့ရောဂါ) ကို ဘယ်လိုကုသပါသလဲ

ဒီရောဂါအတွက် အဓိက ကုသမှုနည်းလမ်းကတော့ အကျင့်ပြောင်းကုထုံး (habit reversal training) လို့ခေါ်တဲ့ အပြုအမူဆိုင်ရာ ကုထုံးပဲ ဖြစ်ပါတယ်။ အကျင့်ပြောင်းကုထုံးဆိုတာ အခြေခံအားဖြင့် မကောင်းတဲ့အကျင့်တစ်ခုကို အန္တရာယ်မဖြစ်စေတဲ့ အခြားအကျင့်တစ်ခုနဲ့ အစားထိုးတာကို ဆိုလိုပါတယ်။

ဒီကုထုံးအရ အမွှေးနုတ်ရောဂါရှိသူတွေဟာ သူတို့ ဘယ်အချိန်၊ ဘယ်နေရာတွေမှာ အမွှေးနုတ်ချင်တဲ့ အာသီသပေါ်လေ့ရှိတယ်ဆိုတာ သတိပြုမိအောင် အရင်ဆုံး ကြိုးစားရမှာဖြစ်ပြီး ဒီလိုအာသီသပေါ်လာတဲ့အခါ စိတ်ကိုဖြေလျော့ပြီး အမွှေးနုတ်မယ့်အစား အန္တရာယ်မဖြစ်စေနိုင်တဲ့ အရာတစ်ခုခု လုပ်လိုက်ခြင်းအားဖြင့် မနေနိုင်မထိုင်နိုင် အမွှေးနုတ်ချင်စိတ်ကို သက်သာစေမှာ ဖြစ်ပါတယ်။

အမွှေးနုတ်ချင်စိတ်ပေါ်လာတဲ့အခါ အမွှေးနုတ်နေကျ လက်ကို လက်သီးဆုပ်ပစ်လိုက်တာမျိုး ရိုးရိုးရှင်းရှင်း အပြုအမူတွေ လုပ်ဆောင်ရုံနဲ့ အဆင်ပြေသွားတတ်ပါတယ်။ ဒီကုထုံးဟာ အမွှေးနုတ်တဲ့အပြုအမူ လုပ်မိအောင် လှုံ့ဆော်တဲ့အတွေးတွေကိုပါ ဖြေရှင်းနိုင်အောင် အကူညီပေးပါတယ်။

ဆေးသောက်ခြင်းဟာလည်း ဒီရောဂါကုသရာမှာ အကျိုးရှိနိုင်ပါတယ်။ စိတ်ကျရောဂါသက်သာဆေးတစ်မျိုးဖြစ်တဲ့ SSRI အမျိုးအစား ဆေးဝါးတွေဟာ ထိန်းသိမ်းဖို့ခက်ခဲတဲ့ စိတ်မြန်လက်မြန်အပြုအမူတွေကို ထိန်းချုပ်နိုင်အောင် ကူညီပေးပါတယ်။ သင့်ဆရာဝန်အနေနဲ့ စိတ်ကျန်းမာရေး ဆေးဝါးတွေဖြစ်တဲ့ olanzapine၊ aripiprazole တို့ကို တစ်မျိုးတည်းဖြစ်စေ၊ SSRI နဲ့ တွဲပြီးဖြစ်စေ ဆေးသောက်ဖို့ညွှန်ကြားနိုင်ပါတယ်။

လူနေမှုပုံစံပြောင်းလဲခြင်းနှင့် အိမ်သုံးကုထုံးများ။

လူနေမှုပုံစံပြောင်းလဲခြင်းနဲ့ အိမ်သုံးကုထုံးတွေအသုံးပြုခြင်းက အမွှေးနုတ်တဲ့ရောဂါကို ကုသရာမှာ ဘယ်လိုအထောက်အကူပြုနိုင်မလဲ။

အောက်ဖော်ပြပါ လူနေမှုပုံစံများနဲ့ အိမ်သုံးကုထုံးများက သင့်အနေဖြင့် အမွှေးနုတ်တဲ့ရောဂါ ကိုကုသတဲ့နေရာမှာနဲ့ လိုက်လျောညီထွေဖြစ်အောင်နေတဲ့နေရာတွေမှာ အကူအညီပေးနိုင်ပါတယ်။

အမွှေးနုတ်ရောဂါရှိသူအများစုဟာ သူတို့မှာပဲ ဒီရောဂါရှိတယ်လို့ ထင်နေတတ်ကြပါတယ်။ ဒီရောဂါရှိသူအချင်းချင်း တွေ့ဆုံပြီး အပြန်အလှန်အားပေးနိုင်မယ့် နှစ်သိမ့်ဆွေးနွေးပညာပေးအုပ်စုတွေမှာ ပါဝင်ခြင်းအားဖြင့် ကိုယ့် သက်သာစေနိုင်ပါတယ်။

ဒီလိုပါဝင်ဖို့ သင့်ဆရာဝန် ဒါမှမဟုတ် စိတ်ကျန်းမာရေးပညာရှင်ထံ အကြံဉာဏ်တောင်းခံနိုင်သလို online ကနေတဆင့် ရှာဖွေပြီးတော့လည်း ဆက်သွယ်ပါဝင်နိုင်ပါတယ်။

အကယ်၍သင့်မှာ မေးခွန်းတွေရှိမယ်ဆိုရင် သင့်အတွက်သင့တော်တဲ့ အဖြေရှာဖွေနိုင်ဖို့ ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


Dr.Nyan Linn မှ ရေးသားသည်။ · 26/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

advertisement iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

advertisement iconadvertisement
advertisement iconadvertisement