home

What are your concerns?

close
Inaccurate
Hard to understand
Other

သို့မဟုတ် လင့်ခ်ကူးယူမည်

ကြုံရဆုံရ လိင်မှုကိစ္စ ပြဿနာတွေကို တိုင်ပင်ဖို့ဆိုရင်

ကြုံရဆုံရ လိင်မှုကိစ္စ ပြဿနာတွေကို တိုင်ပင်ဖို့ဆိုရင်

ယောက်ျားဖြစ်စေ၊ မိန်းမဖြစ်စေ၊ လူအများစုက သူတို့ရဲ့ ဘဝမှာ တစ်ကြိမ်တစ်ခါလောက်တော့ လိင်မှုကိစ္စနဲ့ ပတ်သက်လာရင် အခက်အခဲတွေ ကြုံလာရတတ်ပါတယ်။ ဒီအခက်အခဲတွေဟာ စိတ်ပိုင်းဆိုင်ရာကြောင့်လည်း ဖြစ်နိုင်သလို ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးပြဿနာတွေရဲ့ နောက်ဆက်တွဲကြောင့်လည်း ဖြစ်နိုင်ပါတယ်။ အိမ်ထောင်သည်တွေအတွက် သီးသန့်မဟုတ်ဘဲ ချစ်သူရည်းစား ရှိသူတွေ၊ လူပျို လူလွတ်တွေမှာလည်း လိင်မှုကိစ္စနဲ့ ပတ်သက်ပြီး အခက်အခဲတွေ ရှိနိုင်ပါတယ်။ ဒီပြဿနာတွေကို ဖြေရှင်းပေးဖို့ Sex Therapy ကုထုံးတွေ လိုအပ်လာပါတယ်။

Sex Therapy ဆိုတာ ဘာလဲ။

လူတစ်ဦး တစ်ယောက်ချင်းစီ သို့မဟုတ် စုံတွဲတွေမှာ ရှိနေတဲ့ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ၊ ကိုယ်ရေးကိုယ်တာ ပြဿနာတွေကို ရှာဖွေဖော်ထုတ်ပြီး ဒီပြဿနာတွေက သူတို့ရဲ့ လိင်မှုဘဝအပေါ် ဘယ်လို မကောင်းတဲ့ သက်ရောက်မှု ဖြစ်စေလဲ၊ ဒီပြဿနာတွေကို ပျောက်အောင် ဘယ်လို အဖြေရှာမလဲ၊ အခက်အခဲတွေကို ဘယ်လို ကျော်လွှားမလဲ အစရှိတဲ့ ပြဿနာတွေကို ဆွေးနွေးတိုင်ပင်ပြီး အဖြေရှာဖို့ရာ စိတ်ကုထုံးပဲ ဖြစ်ပါတယ်။

Sex Therapy မှာ အတွေ့အများဆုံး ပြဿနာတွေက ဘာတွေလဲ။

ယေဘုယျအားဖြင့် ကြည့်မယ်ဆိုရင်

လိင်တံ ကောင်းစွာ မထောင်မတ်နိုင်ခြင်း
လိင်စိတ်ဆန္ဒ လျော့နည်းလာခြင်း
• ကိုယ့်အိမ်ထောင်ဖက်၊ ချစ်သူအပေါ် စိတ်ဝင်စားမှု နည်းလာခြင်း
သုက်လွှတ်မြန်ခြင်း
• စွမ်းဆောင်ရည်နဲ့ ပတ်သက်ပြီး အားမလို အားမရဖြစ်ခြင်း
• ကာမသုခ အပြည့်အဝ မရခြင်း
• ဆန္ဒ အထွတ်အထိပ် ပြီးမြောက်မှု မဖြစ်ပေါ်ခြင်း
• လိင်စိတ်ဆန္ဒ လွန်ကဲခြင်း
• ကိုယ့်ရဲ့ လိင်စိတ်ဆန္ဒကို ဘယ်လိုမှ ထိန်းချုပ်လို့ မရခြင်း
• လိင်ပိုင်းဆိုင်ရာ အတွေးတွေကြောင့် တစ်နေ့တာ အလုပ်တာဝန်များ ထိခိုက်ခြင်း
• ပုံမှန်မဟုတ်တဲ့ လိင်စိတ်စွဲလမ်းမှုများ စတဲ့ ပြဿနာတွေကို အများဆုံး တွေ့ရပါတယ်။

ကိုယ့်မှာ ဖြစ်နေတဲ့ လိင်ပိုင်းဆိုင်ရာ အခက်အခဲတွေကို ပြောပြီးတဲ့အခါ ကျွမ်းကျင်သူအနေနဲ့ ဝေဒနာရှင်က စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေ သို့မဟုတ် ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေး ပြဿနာတွေ ရင်ဆိုင်နေရလားဆိုတာကို ဆွေးနွေးတိုင်ပင်မှာ ဖြစ်ပါတယ်။ အဓိက ကုထုံးကုသမှုရဲ့ ရည်ရွယ်ချက်ကတော့ အဟန့်အတားတွေကို ကျော်လွှားပြီး ပုံမှန်အတိုင်း ကောင်းမွန်တဲ့ လိင်မှုဘဝကို ပြန်လည် တည်ဆောက်နိုင်ဖို့ပဲ ဖြစ်ပါတယ်။

လုပ်ရိုးလုပ်စဉ် အဆင့်ဆင့်

ဒီပြဿနာတွေအတွက် တခြားသော နိုင်ငံတွေမှာ လိင်ပိုင်းဆိုင်ရာ ပြဿနာများအတွက် ကျွမ်းကျင်ပညာရှင် (Sex Therapist) ဆိုပြီး သီးသန့်မေးလို့ ရပါတယ်။ ကျွန်တော်တို့ မြန်မာနိုင်ငံ အနေအထားအရ ဒီနယ်ပယ်မှာပဲ သီးသန့် လုပ်ကိုင်သူတွေ အလွန်ရှားတာကြောင့် Psychotherapist လို့ခေါ်တဲ့ စိတ်ကျန်းမာရေး ပြဿနာ ဆွေးနွေးတိုင်ပင်လို့ရတဲ့ ပညာရှင်တွေဆီမှာ ဆွေးနွေးလို့ ရပါတယ်။

တခြားသော စိတ်ကျန်းမာရေး ပြဿနာတွေလိုပဲ၊ ကိုယ်ခံစားနေရတဲ့ အခက်အခဲတွေ၊ ကိုယ်ရေးကိုယ်တာ အချက်အလက်များကို ဖောင်မှာ အရင်ဆုံး ရေးဖြည့်ရပါမယ်။ ပြီးသွားလို့ Therapist နဲ့ သီးသန့် ဆုံတွေ့တဲ့အခါမှသာ ဖြစ်ကြောင်းကုန်စင်ကို ကိုယ့်ဘက်က ပွင့်ပွင့်လင်းလင်းနဲ့ လုံးဝမချွင်းခြံဘဲ ပြောပြဖို့ လိုပါတယ်။ အခြေအနေပေါ် မူတည်ပြီး ကိုယ့်ရဲ့ Therapist အနေနဲ့ တစ်ဦးချင်းစီ သို့မဟုတ် ကိုယ်နဲ့ ကိုယ့်အိမ်ထောင်ဖက် နှစ်ဦးလုံးကို တစ်ပြိုင်တည်းဖြစ်စေ တွေ့ဆုံမေးမြန်းသွားမှာ ဖြစ်ပါတယ်။

• ဆရာဝန် မဟုတ်တဲ့အတွက် အဝတ်အစားတွေကို ချွတ်ပြီး လိင်အင်္ဂါတွေကို ထိတွေ့ကိုင်တွယ် စစ်ဆေးမှာ မဟုတ်ပါဘူး။
• လိင်မှုကိစ္စကို အဟန့်အတားဖြစ်စေတဲ့ ပြဿနာတွေကို ဖော်ထုတ်ပြီး ဘယ်လို အဖြေရှာမလဲဆိုတာကိုပဲ ပြောပြပေးမှာ ဖြစ်ပါတယ်။
• မှားသည်၊ မှန်သည် ဝေဖန်အပြစ်တင်မှာ မဟုတ်ဘဲ ကိုယ်ပြောတဲ့ စကား ဆုံးသွားပြီးမှသာ Therapist အနေနဲ့ လိုအပ်တဲ့ အကြံဉာဏ်တွေကို ပြောပြပေးမှာ ဖြစ်ပါတယ်။
• ဝေဒနာရှင်အတွက် အသင့်လျော်ဆုံး ဖြစ်မယ့် စိတ်ပိုင်းဆိုင်ရာ ပံ့ပိုးမှုတွေ၊ လိင်ကျန်းမာရေးနဲ့ ပတ်သက်ပြီး သိထားသင့်တဲ့ ဗဟုသုတ အချက်အလက်တွေကို ပြောပြပေးသွားမှာပါ။

များသောအားဖြင့် တစ်နာရီ သို့မဟုတ် သတ်မှတ်ထားတဲ့ အချိန်အလိုက် ဆက်ရှင်ပြီးသွားတဲ့အခါ နောက်ထပ် ရက်ချိန်းပြဖို့ အချိန်ညှိနှိုင်းပါလိမ့်မယ်။ အဲ့ဒီအချိန်အတိုင်းပဲ မပျက်မကွက် လာပြဖို့ လိုပါတယ်။ တခြားသော စိတ်ကုထုံးတွေလိုပဲ ရေရှည် ကုသရမယ့် ကုထုံးမျိုး ဖြစ်တာကြောင့် ကိုယ့်ဘက်က ဒါကို စိတ်ရှည်နိုင်ဖို့တော့ လိုအပ်ပါတယ်။ နောက်ထပ် ရက်ချိန်းမတိုင်ခင် ကြားကာလမှာ ဝေဒနာရှင်အနေနဲ့ လုပ်ပေးဖို့ လိုအပ်တဲ့ စိတ်ပိုင်းဆိုင်ရာ လေ့ကျင့်ခန်းတွေ၊ ဘဝနေထိုင်မှုပုံစံ ပြောင်းလဲမှုတွေကို အိမ်စာအနေနဲ့ ပေးသွားမှာ ဖြစ်ပြီး နောက်ထပ် ရက်ချိန်းမှာ ဒီအိမ်စာတွေရဲ့ နောက်ဆက်တွဲ ရလဒ်ကို တွက်ချက်ပေးမှာ ဖြစ်ပါတယ်။

စိတ်ပိုင်းဆိုင်ရာကြောင့် မဟုတ်ဘဲ ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးကြောင့် ဖြစ်တဲ့ ပြဿနာလို့ သံသယရှိတယ်ဆိုရင် ရုပ်ခန္ဓာဗေဒပိုင်း ကုသတဲ့ ဆရာဝန်နဲ့ လွှဲပေးမှာ ဖြစ်ပါတယ်။ ပြီးမှသာ ရုပ်ခန္ဓာ နဲ့ စိတ် နှစ်မျိုးလုံးကို ကုသမှုပေးမှာ ဖြစ်ပါတယ်။ ဒီနေရာမှာ ဘာကြောင့် စိတ်ကုထုံး ကုသမှုခံယူဖို့ လိုသလဲဆိုတာကို ဥပမာ ပေးရမယ်ဆိုရင် ရောဂါကြောင့် လူနာက ဆေးသောက်ရတယ်၊ ဒီဆေးမှာက လူနာအတွက် လိင်စိတ်နည်းသွားစေမယ့် ဘေးထွက်ဆိုးကျိုးတွေ ပါမယ်ဆိုပါစို့၊ ဒီအခါ လူနာအနေနဲ့ ရုပ်ပိုင်းဆိုင်ရာအရ ရောဂါကို တိုက်ထုတ်ရသလို၊ ဆေးကိုလည်း အမြဲမှီဝဲနေရတယ်၊ စိတ်ပိုင်းဆိုင်ရာအရလည်း အိမ်ထောင်ရေး မတည်မြဲတော့ဘူးလား၊ လိင်မှုကိစ္စမှာ မစွမ်းနိုင်တော့ဘူးလား ဆိုပြီး အတွေးတွေ ဝင်လာကာ စိတ်ဖိစီးမှု ဖြစ်မယ်။ ဒါကြောင့် ရုပ်နဲ့ ခန္ဓာဟာ အမြဲတမ်း ဆက်စပ်မှုရှိတယ်လို့ ဆိုရခြင်း ဖြစ်ပါတယ်။

မဖြစ်မနေ ကုသမှုခံယူဖို့ လိုအပ်လား။

ဒါကတော့ ကိုယ်တိုင်ခံစားနေရတဲ့ ဝေဒနာရှင်ကိုယ်တိုင် ဆုံးဖြတ်ရမှာပါ။ ကိုယ့်ဘဝနေထိုင်မှုပုံစံကို ကိုယ့်ဘာသာ ပြောင်းလဲပစ်နိုင်တယ်၊ ဘာကြောင့်ဖြစ်လဲဆိုတာ သိပြီး ကိုယ့်ဘာသာ အဖြေရှာနိုင်တယ်၊ ဒါမှမဟုတ် ကိုယ့်အကြောင်းကို တခြားသူတစ်ယောက်ကို ဖွင့်ဟဝန်ခံရမှာ ရှက်တယ်ဆိုရင်တော့ မပြလည်း ရပါတယ်။ နှစ်ရှည်လများ လိင်မှုကိစ္စ အခက်အခဲတွေ ရင်ဆိုင်နေရတယ်၊ ဒီပြဿနာကြောင့်ပဲ ကိုယ့်ရဲ့ တစ်နေ့တာမှာ စိတ်ဆင်းရဲ ပင်ပန်းမှုတွေ ဖြစ်တယ်၊ အိမ်ထောင်ရေးပါ အဆင်မပြေဖြစ်လာတယ် ဆိုရင်တော့ စောစော သွားပြလိုက်တာ အကောင်းဆုံးဖြစ်မှာပါ။ အိမ်ထောင်ရှင်တွေအနေနဲ့ ကိုယ့်အိမ်ထောင်ဖက်နဲ့ တိုင်ပင်ပြီး အတူလာပြလည်း ရသလို ကိုယ့်တစ်ယောက်တည်း သီးသန့်လာပြလည်း အဆင်ပြေပါတယ်။ လိင်မှုကိစ္စဆိုတာ လူသားအားလုံးရဲ့ နေ့စဉ်ဘဝနဲ့ ကျန်းမာရေးအတွက် အရေးပါတဲ့ အခန်းကဏ္ဍက ပါဝင်နေတာကြောင့် တစ်ခုခုဆိုရင် အမှုမဲ့ အမှတ်မဲ့ မနေဘဲ ကျွမ်းကျင်ပညာရှင်နဲ့ တိုင်ပင်ဆွေးနွေးဖို့ နောက်ဆုံးအနေနဲ့ အကြံပြုပါရစေ။

Hello ဆရာဝန် ပရိတ်သတ်ကြီးလည်း ကျန်းမာပျော်ရွှင်ပြီး စိတ်ချမ်းသာစရာ ကောင်းတဲ့ ဘဝနေ့ရက်တွေကို ပိုင်ဆိုင်ရပါစေလို့ ဆုတောင်းပေးရင်း ဒီမှာပဲ နိဂုံးချုပ်လိုက်ပါတယ်။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ရင်းမြစ်များ
စာရေးသူ ဓာတ်ပုံbadge
Ye Myo Myat မှ ရေးသားသည်။ 28/07/2020 တွင် ပြန်လည်ပြင်ဆင်ခဲ့သည်။
Hello Sayarwon Panel မှ အချက်အလက် စစ်ဆေးထားပါသည်။