backup og meta

ရာသီသွေးမှာ သွေးတုံးသွေးခဲတွေ ပါနေတာ စိုးရိမ်စရာလား။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Phyo Wai Lynn


Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 05/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ရာသီသွေးမှာ သွေးတုံးသွေးခဲတွေ ပါနေတာ စိုးရိမ်စရာလား။

    လစဉ်ရာသီလာရင်းနဲ့ ရုတ်တရက် ကိုယ့် padမှာ သွေးတုံးသွေးခဲတွေ တွေ့လိုက်ရတဲ့အခါ သိပ်လည်း လန့်မသွားပါနဲ့။ ဒါက ဖြစ်ရိုး ဖြစ်စဉ်ထဲက တစ်ခုပါ။ များသောအားဖြင့်တော့ ရာသီစလာလာချင်း ၁ရက် ၂ရက်မှာ သွေးဆင်းလည်း များတတ်သလို သွေးတုံးသွေးခဲလည်း ပါတတ်ပါတယ်။ အများစုအတွက်တော့ ဒါဟာ ပုံမှန် အခြေအနေပါ။

    ဒါပေမယ့် တချို့သော ရောဂါကြီးကြီးမားမားတွေမှာလည်း ရာသီသွေးထဲမှာ သွေးတုံးသွေးခဲတွေ ပါလာတတ်ပါသေးတယ်။ ဒါကြောင့် ဘယ်လို အခြေအနေမျိုးဆိုရင် စိတ်ပူစရာ မလိုဘူးလဲ။ ဘယ်လိုမျိုးဆိုရင် ဆရာဝန်နဲ့ ပြသင့်သလဲဆိုတာ ပြောပြပေးသွားပါမယ်။

    သွေးတုံးသွေးခဲတွေ ဘယ်က ဖြစ်လာတာလဲ။

    ရာသီလာတဲ့အချိန်မှာ သားအိမ်နံရံက ဆဲလ်တွေ သေ၊ သွေးကြောတွေ ပုပ်ပြီး အချွဲတွေနဲ့ အတူ ကွာကျလာပါတယ်။ အလွယ်မြင်အောင် ပြောရရင် သားအိမ်နံရံ ကွာကျလာတာပါ။

    ခန္ဓာကိုယ်ရဲ့ သဘာဝဖြစ်စဉ်အရ တစ်နေရာရာက သွေးထွက်လာရင် သွေးတိတ်အောင်ဆိုပြီး ပရိုတိန်းလေးတွေ ထုတ်ပေးတတ်ပါတယ်။ ဒီပရိုတိန်းလေးက သွေးခဲစေတာပေါ့။ ခုလည်း ဒီလိုမျိုးပဲ သွေးခဲစေလို့ သွေးတုံးလေးတွေ ဖြစ်လာတာပါ။

    နောက်တစ်ခုက သွေးတွေက ဆင်းလာတဲ့အခါ သားအိမ်အောက်ခြေမှာ အနည်းငယ် ဝပ်နေတတ်ပါတယ်။ ဒီသွေးတွေက ကြာလာတဲ့အခါ ခဲသွားပါတယ်။ နောက်မှ တဖြည်းဖြည်း အပြင်ကို ထွက်လာတာပါ။ ကြာနေပြီဖြစ်လို့ အရောင်က အညိုပုပ်ရောင် ပြောင်းသွားပါတယ်။

    ဒါကြောင့် ရာသီစလာလာချင်းမှာ သွေးခဲတွေက ရဲနေတတ်ပြီး ရက်နည်းနည်းကြာလာရင် အညိုရောင် ဖြစ်သွားတာပါ။ ဒါက စိုးရိမ်စရာ မရှိပါဘူး။ တချို့တွေမှာကျတော့ စလာလာချင်းမှာ အညိုရောင်တွေ ဆင်းတယ်ဆိုတာက အရင်လက သွေးဟောင်းတွေ ဆင်းလာလို့ပါ။ ဒါကြောင့် ခန္ဓာကိုယ်က သူ့အလုပ်သူ လုပ်နေတာဖြစ်လို့ သွေးကုန်အောင် ဆင်းဖို့ ဆေးသောက်စရာ မလိုပါဘူး။

    ဘယ်လို သွေးခဲတွေက မစိုးရိမ်ရဘူးလဲ။

    • သွေးခဲအရွယ်အစားသေးရင်
    • ရာသီစလာလာချင်း တစ်ရက် နှစ်ရက်မှာပဲ ဆင်းရင်
    • အနီရောင် ဒါမှမဟုတ် အနီရင့်ရောင် ဆိုရင် စိုးရိမ်စရာ မရှိပါဘူး။

    ဘယ်လို သွေးတုံးသွေးခဲတွေ ဆို သတိထားသင့်လဲ။

    • သွေးခဲအရွယ်အစားကြီးရင်
    • သွေးခဲက ကြီးမယ်၊ ရာသီရက် တောက်လျှောက်လုံးမှာ ဆင်းနေရင်
    • သွေးဆင်းတာလည်း များရင်
    • ရာသီချိန်ကိုက်ခဲတာလည်း ပြင်းထန်ရင် သတိထားသင့်ပါတယ်။

    ဘာတွေ ဖြစ်နိုင်လို့လဲ။

    ခုနကလို သတိထားသင့်တဲ့ သွေးခဲတွေ ဆင်းနေပြီဆိုရင်တော့ အောက်ကရောဂါတွေလားဆိုပြီး စဉ်းစားရမှာပါ၊

    အသားလုံးပဲဖြစ်ဖြစ်၊ ဘာပဲဖြစ်ဖြစ် အလုံးတစ်ခုခုရှိနေတဲ့အခါ သားအိမ်အဝကို ပိတ်ထားတဲ့အတွက် သွေးက ကောင်းကောင်း မဆင်းတော့ပါဘူး။ ဒါကြောင့် သွေးခဲဖို့အချိန်ပိုရတာကြောင့် ရာသီသွေးမှာ သွေးခဲတွေ ပါလာတာပါ။

    သွေးခဲတာအပြင် ရာသီချိန်မှာ မခံနိုင်လောက်အောင် ကိုက်ခဲတာ၊ ကလေးမရတာ၊ အတူနေရင် မိန်းမကိုယ်ကနာတာ၊ လေပွသလို ခံစားရတာ၊ ရာသီကြားဖောက်လာတာ စတာတွေပါ ဖြစ်တတ်ပါတယ်။

    နေရာမှားတာ နှစ်မျိုး ရှိပါတယ်။ သားအိမ်ပြင်ပမှာ တစ်ရှူးတွေ နေရာမှားရောက်သွားတဲ့ endometriosisနဲ့ သားအိမ်ကြွက်သားထဲရောက်သွားတဲ့ adenomyosisပါ။ နှစ်ခုလုံးမှာ သွေးခဲတွေ ဆင်းတတ်ပါတယ်။

    Endometriosis – သွေးခဲတွေဆင်းတာအပြင် ရာသီချိန်မှာ ကိုက်ခဲတာတွေကို ပြင်းပြင်းထန်ထန်ခံစားရတာ၊ သွေးဆင်းများတာ၊ အတူနေရင် နာတာ၊ ကလေးမရတာ စတာတွေလည်း ဖြစ်တတ်ပါတယ်။

    Adenomyosis – သားအိမ်တစ်ရှူးတွေက သားအိမ်ကြွက်သားထဲထိ ရှိနေတာကြောင့် နံရံပိုထူလာပြီး သွေးဆင်းတာလည်း ပိုများပါတယ်။ သွေးဆင်းများတော့ သွေးတုံးသွေးခဲတွေ လည်း ပိုများပါတယ်။

    • ဟော်မုန်း မညီမျှတာ

    အထူးသဖြင့် အမျိုးသမီး ဟော်မုန်းတွေ မညီမျှရင်လည်း သွေးဆင်းများပြီး သွေးခဲတွေ ပါလာတတ်ပါတယ်။

    • ကိုယ်ဝန်ပျက်ကျတာ

    ကိုယ်ဝန်ပျက်ကျရင် ကိုယ်ဝန်အပတ်ပေါ်မူတည်ပြီး သွေးခဲအကြီးအသေး၊ အနည်းအများ ကွာတတ်ပါတယ်။ တချို့အမျိုးသမီးတွေက ကိုယ်ဝန်ရှိတာကို မသိခင်မှာပဲ ပျက်ကျသွားတာဆိုတော့ သာမန်ရာသီလာတာနဲ့ မှားတတ်ပါတယ်။ ဒါကြောင့် ကိုယ်က အိမ်ထောင်ရှိနေပြီး တားဆေးလည်း မသုံးထားဘူးဆိုရင် ဒီကိစ္စလေးကို ဂရုစိုက်ပေးပါ။

    • သွေးရောဂါ

    သွေးရောဂါရှိနေရင်လည်း သွေးဆင်းများပြီး သွေးခဲတွေ ပါတတ်ပါတယ်။ မကြာခဏ နှာခေါင်းသွေးလျှံ၊ သွားဖုံးသွေးယိုသူတွေ၊ ထိခိုက်မိတာနဲ့ မလိုက်အောင် အညိုအမည်းတွေ စွဲတတ်တဲ့ လက္ခဏာတွေလည်း ရှိနေရင် သတိထားပေးပါ။

    • ကင်ဆာ

    ဒါက ရှားတော့ ရှားပါတယ်။ သားအိမ်ခေါင်းကင်ဆာလိုမျိုးမှာ အကျိတ်ကပါ သွေးထွက်တာကြောင့် သွေးဆင်းများပြီး သွေးခဲဖို့ ပိုဖြစ်နိုင်ပါတယ်။ ဒါကြောင့် သွေးခဲတွေ ပါလာတာပါ။

    ရာသီသွေးမှာ သွေးတုံးသွေးခဲတွေ ပါတိုင်း ကြောက်စရာ မဟုတ်ပါဘူး။ အများစုက ပုံမှန်ပါပဲ။ သွေးခဲပါတာအပြင် တခြားလက္ခဏာတွေပါ တွဲပြီး ခံစားနေရတယ်ဆိုရင်တော့ သားဖွားမီးယပ်ဆရာဝန်နဲ့ပြသဖို့ အကြံပေးလိုပါတယ်။

     

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Phyo Wai Lynn


    Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 05/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement