backup og meta

ဆံပင်သန်စေသော သဘာဝနည်းလမ်းများ


Dr. Khin Yin Kyay မှ ရေးသားသည်။ · 15/02/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ဆံပင်သန်စေသော သဘာဝနည်းလမ်းများ

    သင့်ရဲ့ သိပ်မကောင်းတဲ့ ဆံပင်တွေကို သန်စွမ်းလာစေဖို့အတွက် သဘာဝနည်းလမ်းတွေကို သင်ရှာဖွေကြည့်ဖူးပါသလား။ သင့်ရဲ့ ဆံပင်တွေ မြန်မြန်ရှည်လာစေဖို့ ကူညီပေးနိုင်တဲ့ နည်းလမ်း ၅ ခုကို ဖော်ပြပေးထားပါတယ်။

    အထူးသဖြင့် အမျိုးသမီးတွေမှာ ဆံပင်ဟာ သူမတို့ရဲ့ အလှအပကို သိသိသာသာ လွှမ်းမိုးနေပါတယ်။ ကျန်းမာလှပတဲ့ ဆံပင်ရှိခြင်းဟာ သင့်ကို ပိုပြီးယုံကြည်မှု ရှိစေမှာပါ။ သို့သော် ပြင်ပအကြောင်းအရာတွေက သင့်ရဲ့ ဆံပင်ကိုထိခိုက်စေနိုင်ပြီး ဆံပင်ကျွတ်ခြင်းနှင့် ဆံပင်သန်စွမ်းမှု မရှိခြင်းတွေကို ဖြစ်စေနိုင်ပါတယ်။ သင့်ရဲ့ ဆံပင်တွေ ပြန်ကောင်းလာစေဖို့နှင့် အရှည်မြန်လာစေဖို့ရာ ကူညီပေးနိုင်တဲ့ သဘာဝကုသမှု နည်းလမ်း အချို့ ရှိပါတယ်။ ဒီနည်းလမ်းတွေအားဖြင့် သင့်ကို ငွေနှင့် အချိန်အများကြီး မလိုအပ်ပဲ ကူညီပေးနိုင်မှာဖြစ်ပါတယ်။

    (၁) လုံလောက်သော အာဟာရဓါတ်များ ပါဝင်တဲ့ အစားအသောက်တွေ စားပေးပါ

    လုံလောက်သော အာဟာရဓါတ်များ ပါဝင်တဲ့ အစားအသောက်များ စားပေးခြင်းဟာ ဆံပင်သန် လာစေဖို့ရာ အကောင်းဆုံးနည်းလမ်း ဖြစ်ပါတယ်။ သင်ဟာ အသားဓါတ်၊ အဆီဓါတ်၊ သံဓါတ်၊ ဇင့်ဓါတ်၊ ဗီတာမင်ဓါတ် စတဲ့အာဟာရ တွေကြွယ်ဝတဲ့ အစားအသောက်တွေကို စားပေးခြင်းအားဖြင့် သင့်ရဲ့ ဆံသားကို အာဟာရ ဓါတ် ကောင်းကောင်း ပြည့်ဝနေစေပါတယ်။ ဆံပင်ဟာ ကျန်းမာရေး ကောင်းမှသာ သန်စွမ်းကာ ၊ အရှည်မြန်လာမှာ ဖြစ်ပါတယ်။

    အသားဓါတ် နှင့် အဆီဓါတ်များ။ ကြက်၊ ငါး၊ ဥများ၊ ပဲပိစပ် ထွက်ကုန်များ၊ မြေပဲ စတာတွေဟာ သင့်ရဲ့ ခန္ဓါကိုယ်မှာ အသားဓါတ်ကို တိုးစေပြီး ဆံပင်အတွက် လိုအပ်တဲ့ ကော်လဂျင်ဆိုတဲ့ ဓါတ်ကို ထုတ်လုပ်ရာမှာ ကူညီပေးပါတယ်။ ကော်လဂျင်ဆိုတဲ့ ဓါတ်ဟာ ဆံပင်၊ လက်သည်း စတာတွေမှာ ပါဝင်တဲ့ အရေးကြီးတဲ့ ပစ္စည်းတစ်ခုဖြစ်ပါတယ်။

    သံဓါတ် ။ အဆီမပါတဲ့ တိရိစ္ဆာန်တွေရဲ့ အသားတွေကို စားပေးခြင်းအားဖြင့် သံဓါတ်ရရှိနိုင်ပါတယ်။ ပဲပိစပ် ထွက်ကုန်များ၊ ပဲများနှင့် ပဲနီလေး စတာတွေကို စားပေးခြင်းအားဖြင့်လည်း ရနိုင်ပါတယ်။

    ဇင့်ဓါတ်။ ဇင့်ဓါတ်ဟာ ဆံပင်ရဲ့ ဖွဲ့စည်းပုံမှာ မရှိမဖြစ် အရေးကြီးတဲ့ အရာတစ်ခုလည်းဖြစ်ပါတယ်။ ရွှေဖရုံသီးချက်၊ ပြည်ကြီးငါး၊ အဆီနည်းသော အမဲသားချက် နှင့် cocoa အမှုန့် စတာကိုတွေ စားပေးခြင်းဟာ သင့် ဆံပင်လိုအပ်နေတဲ့ ဇင့်ဓါတ်ကို ဖြည့်စည်းပေးနိုင်ပါတယ်။

    ဗီတာမင်ဓါတ်များ။ ဗီတာမင်စီ ဓါတ်ဟာ အသားအရေ တင်းရင်းစေတဲ့ ကော်လဂျင် ထုတ်လုပ်မှုကို လှုံ့ဆော်ပေးပြီး သင့်ရဲ့ အသားအရေ နှင့် ဆံပင်ကို ကျန်းမာသန်စွမ်းလာအောင် လုပ်ပေးနိုင်ပါတယ်။ သင်ဟာ ဗီတာမင်စီဓါတ် ကြွယ်ဝတဲ့ အစားအသောက် များစွာကို အလွယ်တကူ ရရှိုနိုင်ပါတယ်။ ဥပမာအားဖြင့် အချဉ်ဓါတ်များသော အသီးအနှံများ ၊ပန်းဂေါ် ဖီစိမ်း၊ ဟင်းနုနွယ် စတာတွေပဲ ဖြစ်ပါတယ်။ ဥများ၊ မြေပဲ ၊ ဘယ်ရီသီး၊ငါး၊ အသီးအရွက် စတာတွေမှာပါတဲ့ ဘိုင်အိုတင်ဓါတ်ဟာ သင့်ရဲ့ဆံပင် ပိုပြီး သန်စွမ်းလာအောင်ပြုလုပ်ပေး နိုင်ပါတယ်။ ဒါ့အပြင် အရက်သောက်ခြင်းနှင့် ဆေးလိပ်သောက်ခြင်းကိုလည်း ရှောင်ကြဉ်သင့်ပါတယ်။ ဘာကြောင့်လဲ ဆိုတော့ သူတို့ဟာ သင့်ရဲ့ ကျန်းမာရေးကို ထိခိုက်စေတဲ့ အပြင် ဆံပင်သန်စွမ်းမှု ကိုလည်းပဲ ထိခိုက်စေနိုင်ပါတယ်။

    (၂) သင့်ရဲ့ ဦးရေပြားကို နှိပ်နှယ်ပေးပါ

    ဦးရေပြားကို နှိပ်နှယ်ပေးခြင်းဟာ သင့်ကို သက်သောင့်သက်သာဖြစ်စေတဲ့ နည်းလမ်းတစ်ခု ဖြစ်ပြီး ဆံပင်လည်း မြန်မြန်သန်စွမ်းလာအောင် ပြုလုပ်ပေးနိုင်ပါတယ်။ ၎င်းဟာ သင့်ရဲ့ ဆံပင်အမြစ်ကို သွေးလည်ပတ်မှု ကောင်းစေတဲ့အပြင် ဒီလိုနှိပ်နှယ်ပေးခြင်းဟာ စိတ်ဖိစီးမှုကို လည်း လျော့ကျစေကာ သင့်ကို သက်သောင့်သက်သာ ဖြစ်စေပါတယ်။ သင်ဟာ အောက်ပါနည်းလမ်းအချို့ကို လိုက်နာပေးခြင်း သို့မဟုတ် ကျွမ်းကျင်သူ တစ်ယောက်ကို အောက်ပါ နည်းလမ်းအားဖြင့် ဦးရေပြားကို နှိပ်နှယ်ပေးရန် အကူအညီတောင်းခြင်းအားဖြင့် ပြုလုပ်နိုင်ပါတယ်။

    အဆင့် (၁) ။ သင်နှစ်သက်ရာ ခေါင်းလျှော်ရည်နှင့် ပျော့ဆေးကိုသုံးပြီး ဆံပင်ကို ညင်သာစွာ လျှော်ပါ။ သင့်ရဲ့ ဆံပင်စို နေစဉ်မှာ သင်ဟာ ဂရုစိုက်ဖို့လိုပါတယ်။ ဘာကြောင့်လဲ ဆိုတော့ ဆံပင်ဟာ အားနည်းနေတဲ့ အတွက်ဖြစ်ပါတယ်။

    အဆင့် (၂) ။ သင့်ရဲ့လက်ချောင်းတွေကို ဦးရေပြားထဲကို ထည့်ပါ။ ပြီးရင် လက်ထိပ်တွေနှင့် ဦးရေပြားကို ညင်သာစွာ ထိပါ။ သင့်ရဲ့ လက်ချောင်းတွေကို ဦးရေပြားပေါ်မှာ ကျုံ့လိုက်ဆန့်လိုက် အကြိမ်များစွာ ပြုလုပ်ပါ။

    အဆင့်(၃)။ ဦးရေပြားရဲ့ အစိတ်အပိုင်းအားလုံးကို ဆုပ်ကိုင်လိုက်ပြီး လက်ချောင်း နှစ်ချောင်းသာ ဦးရေပြားပေါ်မှာ လှုပ်ရှားပြီး နှိပ်ပေးပါ။ ၃ မိနစ်ကနေ ၅မိနစ်ကြား ဆက်တိုက်နှိပ်ပေးပြီး တစ်နေ့လျှင် အနည်းဆုံး တစ်ကြိမ် ပြုလုပ်ပေးနိုင်ပါတယ်။

    (၃) ဆံပင်သန်စွမ်းဖို့ရာအတွက် သဘာဝကရတဲ့ထုတ်ကုန်တွေကို အသုံးပြုပါ

    နှိပ်နေစဉ်မှာ သင့်ရဲ့ ဆံပင်သန်စွမ်းစေဖို့အတွက် သဘာဝအဆီအနှစ် အချို့ကနေပြုလုပ်ထားတဲ့ ထွက်ကုန်တွေကို သင့်ရဲ့ ဦးရေပြားမှာ သုတ်လိမ်းပေး နိုင်ပါတယ်။ အုန်းဆီ၊ သံလွင်ဆီ၊ ရှားစောင်းလက်ပပ် အနှစ် သို့မဟုတ် ပျားရည် စတာတွေဟာ ဆံပင် သန်စွမ်းဖို့ရာ လှုံ့ဆော်ပေးနိုင်တဲ့ အတွေ့ရများတဲ့ ပစ္စည်းတွေဖြစ်ပါတယ်။ ဒီပစ္စည်းတွေဟာ သင့်ရဲ့ဆံပင်မှာ အစိုဓါတ်ကို ထိန်းပေးထားနိုင်ပြီး ဆံပင်ကို ပိုပြီးနူးညံ့သန်စွမ်းအောင် ပြုလုပ်ပေးနိုင်ပါတယ်။

    (၄) ဟော်မုန်း ပမာဏကို ထိန်းထားပါ

    ဟော်မုန်းပမာဏ ပြောင်းလဲခြင်းဟာ ဆံပင်ကျွတ်ခြင်း သို့မဟုတ် ဆံပင် မသန်စွမ်းခြင်း စတာတွေကို ဖြစ်စေပါတယ်။ ဟော်မုန်း ပမာဏ မညီမျှခြင်းဟာဆိုလျှင်လည်း စိတ်ဖိစီးခြင်း ဖြစ်စေပြီး အိပ်ရေးပျက်ခြင်းတွေပါ ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် သင်ဟာ စိတ်ဖိစီးမှု အလွန်အမင်း ဖြစ်ခြင်းကို ရှောင်ကြဉ်သင့်ပြီး လုံလုံလောက်လောက် အိပ်စက်ကာ သင့်ကျန်းမာရေးကောင်းအောင် ပြုလုပ်ပေးနိုင်ပါတယ်။

    (၅) ဆံပင်ကို ကာကွယ်ပါ

    ဆံပင်ကောက်ခြင်း၊ ဆံပင်ဖြောင့်ခြင်း၊ ဆံပင်ဆေးဆိုးခြင်း စတာတွေအားလုံးဟာ သင့်ရဲ့ဆံပင်ကို ထိခိုက်စေပါတယ်။ ဒါကြောင့် သင့်ရဲ့ဆံပင်ကို အလွန်အမင်း အကြိမ်ကြိမ် အခါခါ ပုံသွင်းခြင်း စတာတွေ ပြုလုပ်ခြင်းကို ရှောင်ကြဉ်သင့်ပါတယ်။ ဒီလိုအရာတွေ ပြုလုပ်ပြီးတဲ့အခါမှာလည်း ပျက်ဆီးသွားတဲ့ ဆံပင်တွေကို ပြန်ပြီးသန်စွမ်းလာအောင် ဆံပင် ထိန်းသိမ်းမှုတွေ များစွာပြုလုပ်ပေးသင့်ပါတယ်။ ဒါ့အပြင် သင့်ရဲ့ဆံပင်တွေကို ဖုန်မှုန့်တွေနှင့် အလွန်အမင်းထိတွေ့ခြင်း၊ နေရောင်နှင့်ထိတွေ့မှုများခြင်း၊၊ နေပူ လေပူစတာတွေနဲ့လည်း ထိတွေ့ခြင်းကိုလည်း လျှော့ချပေးသင့်ပါတယ်။

    ဆံပင်သန်စွမ်း ဖို့ရာအတွက် အဓိကအရေးကြီးဆုံးကတော့ သင့်ဆံပင်ကျန်းမာအောင် အရင် ပြုလုပ်ပေးရပါမယ်။ သင့်ရဲ့ဆံပင်အတွက် မရှိမဖြစ် အရေးကြီးတဲ့ အာဟာရဓါတ်တွေကို ပေးစွမ်းခြင်းနှင့် ပျက်စီးခြင်းမှ ကာကွယ်ခြင်းထက် ပိုကောင်းတဲ့ နည်းလမ်း မရှိပါဘူး။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Dr. Khin Yin Kyay မှ ရေးသားသည်။ · 15/02/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement