backup og meta

အမျိုးသမီးများရင်သားပြောင်းလဲမှု


Dr. Thiha Phyo Myint မှ ရေးသားသည်။ · 28/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အမျိုးသမီးများရင်သားပြောင်းလဲမှု

    သင်အသက်ကြီးလာတာနဲ့အမျှ သင့်ရင်သားတွေ တွဲလာမယ်၊ပျော့လာမယ်၊ ပုံစံပြောင်းလာမယ်၊ သေးသွားမယ် ပြီးတော့ အလုံးအကျိတ်တွေ ပိုဖြစ်လွယ်လာမယ်။ ဒါတွေဟာ ပုံမှန်ဖြစ်တတ်တဲ့ သဘောတွေပါ။ အသက် လေးဆယ်လောက်ကစပြီး သင့်ရင်သားရဲ့ အရွယ်အစားနဲ့ ပုံစံတွေ ပြောင်းလဲလာမှာပါ။ အသက်ကြီးလာရင် အဆီတစ်ရှူးတွေပိုများလာတာမို့ သင့်ရင်သားက ငယ်ငယ်တုန်းကလို ပြည့်ပြည့်တင်းတင်း ဖြစ်မနေတော့ပါဖူး။

    ဒါ့အပြင် မူမမှန်တဲ့ အလုံးအကျိတ်တွေလည်း ဖြစ်လာမှာပါ။ အများအားဖြင့် အန္တရာယ်မရှိတဲ့ အလုံး၊အကျိတ်တွေ ဖြစ်လေ့ရှိပေမယ့်(ဥပမာ အရည်အိတ်တွေ) သူတို့ဟာ ရင်သားကင်ဆာလိုမျိုး ဆိုးရွားတဲ့အခြေအနေတွေရဲ့ အချက်ပေးခေါင်းလောင်းလည်း ဖြစ်နိုင်ပါတယ်။

    •ရင်သားပြောင်းလဲမှုများ

    သင့်ရင်သား ပုံမှန်နဲ့ မတူဘဲ ထူးထူးခြားခြား ပြောင်းလဲနေတာတခုခုရှိရင် ဆရာဝန်နဲ့ အမြန်ဆုံးပြသဆွေးနွေးပါ။ ပထမဆုံး သတိထားမိချိန်မှာပဲ ပြသတာ အကောင်းဆုံးပါ။ နောက်တခါ ပုံမှန် mammogram နဲ့စစ်ဆေးမယ့် အချိန်ထိ စောင့်မနေပါနဲ့။mammogram ဆိုတာဟာ ဆရာဝန်စမ်းသပ်လို့ မသိနိုင်လောက်အောင် သေးငယ်တဲ့ ရင်သားပြောင်းလဲမှုတွေကို စောစောစီးစီးသိဖို့အတွက် အသုံးဝင်လှတဲ့ စစ်ဆေးမှု တခုပါ။

    အောက်ဖော်ပြပါ အပြောင်းအလဲတွေ ရင်သားမှာဖြစ်ပေါ်လာရင် ဆရာဝန်နဲ့ အမြန်ဆုံးပြသပြီး စစ်ဆေးမှုခံယူပါ။

    အလုံးအကျိတ်စမ်းမိတာ ဒါမှမဟုတ် ခပ်တင်းတင်းဖြစ်နေတာ

    -ရင်သားမှာ ဒါမှမဟုတ် ရင်သား အနီးတဝိုက်မှာ အလုံးအကျိတ် ပေါ်လာတာ။

    -ဂျိုင်းကြားမှာ အလုံးစမ်းမိတာ။

    -ရင်သားမှာ၊ရင်သား အနီးတဝိုက်မှာ ဒါမှမဟုတ် ဂျိုင်းကြားမှာ ခပ်ထူထူ၊ခပ်တင်းတင်းဖြစ်နေတဲ့ နေရာကို စမ်းမိတာ။

    -ရင်သားရဲ့ ပုံစံနဲ့ အရွယ်အစား ပြောင်းလဲတာ။

    အလုံးအကျိတ်တွေဟာ ပုံစံအမျိုးမျိုး၊အရွယ်အစား အမျိုးမျိုး ဖြစ်ပေါ်နိုင်ပြီး အများစုဟာ ကင်ဆာမဟုတ်ပါဖူး။ တကယ်လို့ သင့်ရင်သားတဖက်မှာ အလုံးစမ်းမိတယ်ဆိုရင် နောက်တဖက်ကိုပါ စမ်းကြည့်ပါ။ ရင်သားနှစ်ဖက်လုံး အတူတူပဲဆိုရင် ဒါဟာ ပုံမှန်ပဲ ဖြစ်နိုင်ပါတယ်။ ဘာလို့လဲဆိုတော့ ပုံမှန်ရင်သားတစ်ရှူးဟာလည်း တခါတလေ အလုံးလေးလို စမ်းမိတတ်လို့ပါ။ တချို့အမျိုးသမီးတွေဟာ မိမိဖာသာ ရင်သားစမ်းသပ်မှု ပုံမှန်လုပ်ကြပါတယ်။ ဒီလို ပြုလုပ်လေ့ရှိခြင်းအားဖြင့် သင့်ရင်သားတွေဟာ ပုံမှန်အတိုင်းဆိုဘယ်လို အနေအထားမျိုးလဲ ဆိုတာ သိရှိနိုင်ပြီး တခုခု ပြောင်းလဲမှု တစုံတရာရှိရင် ချက်ချင်းသတိထားမိမှာ ဖြစ်ပါတယ်။ ဒါပေမယ့် သင်သိထားရမှာက ဒီလိုစမ်းသပ်တာဟာ mammograms ကိုတော့ သွားယှဉ်လို့မရတဲ့အတွက် mammogram နဲ့ စစ်ဆေးတာကိုလည်း ပုံမှန်လုပ်ဆောင်ရမှာ ဖြစ်ပါတယ်။

    •နို့သီးခေါင်းက အရည်တွေထွက်တာ ဒါမှမဟုတ် အပြောင်းအလဲတစ်ခုခု ရှိတာ

    -နို့သီးခေါင်းက (နို့မဟုတ်တဲ့)အရည်တွေ သူ့အလိုလိုထွက်တာ။

    -ထွက်လာတဲ့ အရည်က သွေးစတွေပါတာ ဒါမှမဟုတ် သွေးရည်တွေထွက်တာ။

    -နို့သီးခေါင်းမှာ အပြောင်းအလဲ တခုခုဖြစ်တာ (ဥပမာ နို့သီးခေါင်း အထဲဝင်သွားတာ)။

    ထွက်လာတဲ့ အရည်တွေဟာ အရောင်အမျိုးမျိုးဖြစ်နိုင်သလို အစေးအပျစ်လည်း ကွာနိုင်ပါတယ်။ သတိပြုဖို့က နို့သီးခေါင်းကနေ အရည်ထွက်တာဟာ ကင်ဆာရဲ့ လက္ခဏာမဟုတ်ဖို့ များပြီး သန္ဓေတားဆေးတွေ၊တခြားဆေးတွေ ဒါမှမဟုတ် ကူးစက်ပိုးဝင်တာတွေကြောင့်လည်း ဖြစ်နိုင်ပါတယ်။

    •အရေပြား အပြောင်းအလဲတွေ

    -ရင်သား အရေပြား ယားယံတာ၊နီရဲတာ၊အကြေးခွံလို အဖတ်တွေဖြစ်တာ ဒါမှမဟုတ် ချိုင့်ဝင်သွားတာမျိုး။

    •သင့်ဘဝတလျှောက်မှာ တွေ့ကြုံရမယ့် ပုံမှန်ရင်သား အပြောင်းအလဲတွေ

    အမျိုးသမီး အများစုဟာ သူတို့ဘဝတလျှောက်မှာ ရင်သားပြောင်းလဲမှုတွေကို ရင်ဆိုင်ရလေ့ရှိပါတယ်။ ဒီပြောင်းလဲမှုအများစုဟာ ဟော်မုန်းဒါမှမဟုတ် အသက်အရွယ်ကြီးလာတာကြောင့်ဖြစ်ပြီး ကင်ဆာမဟုတ်တာ များပါတယ်။ ဒါတွေကို ဆေးပညာဝေါဟာရနဲ့ benign ပြောင်းလဲမှုတွေလို့ ခေါ်ပါတယ်(ဆိုလိုတာက အန္တရာယ် မရှိဖူးလို့ ပြောချင်တာပါ)။ ဒါပေမယ့် ဘယ်လိုပဲ ဖြစ်ဖြစ် သင့်အနေနဲ့ ရင်သားမှာ မူမမှန် ပြောင်းလဲမှုတခုခုတွေ့ပြီဆိုရင် နောက်တကြိမ် ပုံမှန်အတိုင်း mammogram ရိုက်ချိန်ထိ စောင့်မနေဘဲ ဆရာဝန်နဲ့ အမြန်ဆုံးပြသ စစ်ဆေးသင့်ပါတယ်။

    -သွေးဆုံးချိန်မတိုင်သေးတဲ့ အမျိုးသမီးတွေရဲ့ ရင်သားမှာ ရှိတဲ့ တစ်ရှူးတွေဟာ ပိုမိုသိပ်သည်းသလို တွယ်ဆက်တစ်ရှူးတွေပိုများပြီး အဆီတစ်ရှူးနည်းပါးပါတယ်။mammogram ရိုက်တဲ့ အခါ ထွက်လာတဲ့ ဓါတ်မှန်ပုံရိပ်တွေမှာ ဒီလို တစ်ရှူးအမျိုးအစားတွေဟာ ကင်ဆာကျိတ်လိုပဲ အဖြူရောင်ပြတဲ့အတွက် ခွဲခြားရတော့ အနည်းငယ် ခက်နိုင်ပါတယ်။ အမျိုးသမီးတွေ အသက်ကြီးလာတာနဲ့အမျှ ရင်သားတစ်ရှူးတွေရဲ့ သိပ်သည်းမှုဟာ ပိုပိုနည်းလာပါတယ်။

    -ဓမ္မတာမလာခင် သို့မဟုတ် လာနေချိန်တွေမှာ သင့်ရင်သားဟာ ရောင်ရမ်းတာ၊တင်းတာ ဒါမှမဟုတ် နာကျင်တာမျိုးရှိနိုင်ပါတယ်။ ဒီလို အချိန်မျိုးရောက်ရင် သင့်ရင်သားထဲမှာ အရည်တွေပုံမှန်ထက် ပိုနေတတ်တာမို့ အလုံးလေးတွေလည်း စမ်းမိနိုင်ပါသေးတယ်။ ဓမ္မတာပြီးသွားတဲ့အခါ ဒီအပြောင်းအလဲလေးတွေလည်း ပျောက်သွားမှာ ဖြစ်ပါတယ်။ တချို့ ရင်သားအလုံးအကျိတ်တွေဟာ ပုံမှန် ဟော်မုန်းအပြောင်းအလဲကြောင့်လည်း ဖြစ်တတ်တာမို့ ဓမ္မတာလာချိန်မှာ နောက်တခါ ပြန်လာပြဖို့ သင့်ကို ဆရာဝန်က ချိန်းဆိုပါလိမ့်မယ်။

    -ကိုယ်ဝန်ဆောင်ချိန်မှာ နို့ရည်ပြုဂလင်းတွေဟာ အရွယ်အစားကြီးလာသလို အရေအတွက်လည်း များလာတဲ့အတွက် သင့်ရင်သားမှာ အလုံးအကျိတ်လေးတွေ စမ်းမိကောင်းစမ်းမိမှာပါ။

    -မိခင်နို့တိုက်ကျွေးနေချိန်မှာ နို့ရည်ပို့ပြွန်လေးတွေများ ပိတ်ဆို့သွားရင် mastitis လို့ခေါ်တဲ့ အခြေအနေတရပ်နဲ့ တွေ့ကြုံရနိုင်ပါတယ်။ ဒီလိုဖြစ်ခဲ့ရင် သင့်ရင်သားနီရဲလာမယ်၊အလုံးအကျိတ်တွေ စမ်းမိမယ်၊ပူနွေးနေမယ် ပြီးတော့တင်းပြီးနာနေမှာ ဖြစ်ပါတယ်။ ဒီအခြေအနေထာ ဘက်တီးရီးယားပိုးဝင်တာကြောင့်ဖြစ်တာမို့ ပဋိဇီဝ ပိုးသတ်ဆေးတွေနဲ့ ကုသပေးဖို့ လိုအပ်ပါတယ်။ တခါတလေမှာ ပြွန်ကို ဖောက်ထုတ်ဖို့လိုပါလိမ့်မယ်။ ဆေးသောက်ပေမယ့် နီရဲရောင်ရမ်းတာ ပျောက်မသွားဖူးဆိုရင်တော့ ဆရာဝန်နဲ့ ပြသရမှာ ဖြစ်ပါတယ်။

    -သွေးဆုံးချိန်နီးလာတဲ့အခါ ဟော်မုန်းပမာဏတွေ အပြောင်းအလဲ ဖြစ်တာမို့ ဓမ္မတာမမှန်တာမျိုးတွေ ဖြစ်လာနိုင်ပါတယ်။ ဒီလို အခြေအနေတွေမှာဆိုရင် ဓမ္မတာချိန်မဟုတ်တာတောင် ရင်သားက တင်းပြီးနာနေတတ်တဲ့အပြင် အလုံးအကျိတ်လေးတွေလည်း ပိုပြီးစမ်းမိလာနိုင်ပါတယ်။

    -တကယ်လို့ သင်ဟာ ဟော်မုန်းပါတဲ့ဆေးတွေ (သွေးဆုံးပြီးချိန်မှာ ဟော်မုန်းဆေးစားတာမျိုး၊တားဆေးသောက်တာမျိုး ဒါမှမဟုတ် ထိုးတာမျိုး)သုံးစွဲနေရရင် သင့်ရင်သားတစ်ရှူးတွေ ပိုပြီးသိပ်သည်းစေတဲ့အတွက် mammogram ရိုက်တဲ့အခါ အဖြေတိတိကျကျရဖို့ ပိုပြီးခက်ခဲစေပါလိမ့်မယ်။ ဒါကြောင့် သင်ဟော်မုန်းဆေးတွေသုံးစွဲနေရရင် ဆရာဝန်ကို ကြိုတင်အသိပေးပါ။

    -သွေးဆုံးချိန်မှာ ဟော်မုန်းပမာဏ ကျဆင်းသွားပြီး ရင်သားတစ်ရှူး သိပ်သည်းဆနည်းသွားကာ အဆီတစ်ရှူးတွေပိုများလာပါမယ်။ အရင်က သင်ဖြစ်နေကျ အပြောင်းအလဲတွေဖြစ်တဲ့ အလုံးအကျိတ်ဖြစ်တာတွေ၊နာကျင်တာ ဒါမှမဟုတ် နို့သီးခေါင်းက အရည်ထွက်တာတွေ ဆက်ဖြစ်တော့မှာ မဟုတ်တော့ပါဖူး။ ဒါ့အပြင် ရင်သားတစ်ရှူးသိပ်သည်းဆနည်းသွားခြင်းဟာ mammogram ကနေအဖြေထုတ်ဖို့ကိုလည်း ပိုပြီးလွယ်ကူသွားစေပါလိမ့်မယ်။

    •မိမိကိုယ်တိုင် ရင်သားစမ်းသပ်ဖို့ အဆင့်ငါးဆင့်

    အဆင့်တစ် : လက်ကိုပေါင်ပေါ်အသာတင်ထားပြီး ပုခုံးကို ခပ်မတ်မတ်ထားတဲ့ အနေအထားရှိချိန်မှာ မှန်ထဲကြည့်ပြီး ရင်သားကို စစ်ဆေးပါ။ ဒီလို ကြည့်တဲ့ နေရာမှာ အောက်ပါ အချက်တွေကို ကြည့်ပါ။

    -ရင်သားတွေရဲ့ အရွယ်အစား၊ပုံစံ နဲ့ အရောင် ပုံမှန်အတိုင်းရှိမရှိ။

    -ရောင်ရမ်းတာတွေ၊ချိုင့်ဝင်တာတွေ မရှိဘဲ ရင်သားတခုလုံး ညီညီညာညာ ရှိမရှိ။

    အောက်ပါ ပြောင်းလဲမှုတွေကို တွေ့ရင် ဆရာဝန်ဆီ အမြန်ပြပါ။

    -အရေပြား ချိုင့်တာ ဒါမှမဟုတ် ဖောင်းတာ။

    -နို့သီးခေါင်း နေရာပြောင်းတာ ဒါမှမဟုတ် အထဲဝင်တာ။

    -နီရဲ၊နာကျင်ရောင်ရမ်းတာ ဒါမှမဟုတ် အနီစက်တွေ ထွက်တာ။

    အဆင့် နှစ် : နောက်တဆင့်အနေနဲ့ လက်ကို မြှောက်ပြီး ခုနက ပြောင်းလဲမှုတွေကို ထပ်ကြည့်ပါ။

    အဆင့် သုံး : မှန်ထဲမှာ ကြည့်တဲ့အခါ နို့သီးခေါင်း တဖက် ဒါမှမဟုတ် နှစ်ဖက်လုံးက အရည်တွေထွက်လာတာ ရှိမရှိ သေချာကြည့်ပါ (အရည်ဆိုတဲ့နေရာမှာ ရေလိုကြည်ကြည်၊နို့လို နောက်နောက်၊ပြည်လို အဝါရောင် ဒါမှမဟုတ် သွေးတွေလည်း ဖြစ်နိုင်ပါတယ်)။

    အဆင့် လေး : ပြီးတဲ့အခါ ပက်လက်လှန်လိုက်ပါ။ ဘယ်ဖက်ရင်သားကို ညာလက်နဲ့ စမ်းပြီး ညာဖက်ရင်သားကို ဘယ်လက်နဲ့ စမ်းပါ။ ရင်သားတစ်ရှူးရဲ့ အပျော့အမာကို သိနိုင်ဖို့ လက်ချောင်းလေးတွေကို ပူးကပ်ထားပြီး ဂရုတစိုက်ဖိပြီးစမ်းပါ။ စက်ဝိုင်းပုံစံ လှည့်ပတ်ပြီး စမ်းပါ။ ရင်သားတခုလုံးကို ဘေးဘယ်ညာ၊အပေါ်အောက် စသည် နှံ့အောင်စမ်းပါ။ အပေါ်အောက်ဆိုရင် ပုခုံးညှပ်ရိုးကနေ ဗိုက်နားရောက်တဲ့အထိ တောက်လျှောက်စမ်းပါ။ ဘေးဘယ်ညာဆိုရင် ဂျိုင်းကြားကနေ ရင်သားနှစ်ခုကြား အဟနေရာထိစမ်းပေးပါ။

    အဆင့် ငါး : နောက်ဆုံးအနေနဲ့ သင်မတ်တပ်ရပ်တဲ့ ဒါမှမဟုတ် ထိုင်နေတဲ့ အနေအထားမှာ စမ်းပါ။ အရေပြားစိုပြီး ခပ်ချောချောဖြစ်နေချိန်မှာ ရင်သားကို စမ်းသပ်လို့ အကောင်းဆုံးလို့ အမျိုးသမီးအများစုက ယူဆတဲ့အတွက် ဒီအဆင့်ကို ရေချိုးချိန်မှာ စမ်းသပ်လေ့ရှိကြပါတယ်။ သင့်ရင်သားနေရာအားလုံးကို အဆင့် လေးမှာ ပြောခဲ့တဲ့အတိုင်း အသေအချာ စမ်းသပ်ပါ။

    Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Dr. Thiha Phyo Myint မှ ရေးသားသည်။ · 28/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement