backup og meta

သင့်ရင်သားတွေကပြောနေတဲ့ သင့်ကျန်းမာရေး

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar


Hello Sayarwon Panel မှ ရေးသားသည်။ · 05/05/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    သင့်ရင်သားတွေကပြောနေတဲ့ သင့်ကျန်းမာရေး

    သင့်ရင်သားတွေဟာ ပုရိသတွေကို ဆွဲဆောင်ဖို့ဆိုတာထက် ပိုတယ်လို့ ပြောရင် အံ့ဩသွားမလား။ သင့်အနေနဲ့ အရင်တုန်းက သင့်ရင်သားတွေကို ဂရုတစိုက် မရှိခဲ့ဖူးဆိုရင် အခု အချိန်ကစပြီး ဂရုစိုက်ချိန်တန်ပါပြီ။ ဘာလို့လဲဆိုတော့ သင့်ရင်သားတွေဟာ သင့်ရဲ့ ကျန်းမာရေး အခြေအနေတွေနဲ့ ပတ်သက်ပြီး အများကြီး ပြောပြနေလို့ပါပဲ။ သင့်ရင်သားတွေကပြောနေတဲ့ သင့်ကျန်းမာရေး အကြောင်းလေး လေ့လာလိုက်ရအောင်နော်။

    သင့်ရင်သားတွေကပြောနေတဲ့ သင့်ကျန်းမာရေး

    သင့်ရင်သားတွေကပြောနေတဲ့ သင့်ကျန်းမာရေး ကတော့

    (၁) ရင်သားကြီးလာတာ

    သင့်ရင်သားတွေဟာ အဆီဆဲလ်တွေနဲ့ အဓိက ဖွဲ့စည်းထားတာမို့ ရင်သားတွေကြီးလာတယ်လို့ သတိထားမိရင် သင်ဝလာတာကြောင့် ဖြစ်နိုင်သလို သင့်အနေနဲ့ အကာအကွယ်မဲ့ လိင်ဆက်ဆံထားဖူးတယ်ဆိုရင် သင်ကိုယ်ဝန်ရှိနေတာလည်း ဖြစ်နိုင်ပါတယ်။ ဘာလို့လဲဆိုတော့ ရင်သွေးကို နို့ချိုတိုက်ကျွေးဖို့ ရင်သားမှာရှိတဲ့ နို့ပြွန်တွေက စတင်ပြင်ဆင်ရပြီဖြစ်လို့ပါ။ တားဆေးသုံးတာ နဲ့ ဓမ္မတာလာစဉ် ဟော်မုန်းအပြောင်းအလဲကြောင့်လည်း ရင်သားကြီးလာနိုင်ပါတယ်။

    (၂) ရင်သားရှုံ့သွား/သေးသွားတာ

    သင်ပိန်သွားတဲ့အချိန် ဒါမှမဟုတ် estrogen ဟော်မုန်းပမာဏနည်းသွားချိန်တွေမှာ ရင်သားက ရှုံ့သွား၊သေးသွား နိုင်ပါတယ်။ တကယ်လို့ သင်ဟာ ပိန်လည်းမပိန်သွားဖူး ဒါမှမဟုတ် သွေးဆုံးဖို့လည်း လိုသေးရက်နဲ့ ရင်သားတွေ သေးသွားတယ်လို့ သတိထားမိရင် polycystic ovarian syndrome (PCOS) ဖြစ်နေနိုင်လို့ စစ်ဆေးကြည့်သင့်ပါတယ်။ PCOS အပြင် ကော်ဖီတွေ အလွန်အကျွံသောက်ရင်လည်း ရင်သားသေးရှုံ့သွားနိုင်တယ်လို့ လေ့လာမှုတခုက ဆိုထားပါသေးတယ်။

    (၃) ပုံစံပြောင်းသွားတာ

    သင့်ရဲ့ ရင်သားပုံစံဟာ မျိုးရိုးဗီဇက ဆုံးဖြတ်ပြီးသား ဖြစ်ပေမယ့် အသက်အရွယ်ကြီးလာတာနဲ့ အမျှလည်း ပြောင်းလဲနိုင်ပါသေးတယ်။ ဒါတွေဟာ တစ်ရှူးအမျှင်တွေ ဆွဲဆန့်ခံရတာ၊ တွယ်ဆက် တစ်ရှူးတွေ ပျက်စီးကုန်တာ နဲ့ အရေပြား ရုန်းပြန် ဂုဏ်သတ္တိ ဆုံးရှုံးလာတာ စတာတွေကြောင့် ဖြစ်နိုင်ပါတယ်။ ဒီလို မဖြစ်ရလေအောင် သင်လုပ်နိုင်တဲ့အရာတွေကတော့ ကိုယ်အလေးချိန်ကို တက်လိုက်ကျလိုက်မဖြစ်အောင်နေတာ၊ ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းမှန်မှန်လုပ်တာ နဲ့ ရင်သားအောက်ကို တွဲမကျအောင် ထောက်မပေးနိုင်တဲ့ အတွင်းခံကောင်းကောင်း ဝတ်တာတို့ပဲ ဖြစ်ပါတယ်။

    (၄) အဖုအကျိတ်တွေ ထွက်လာတာ

    ဓမ္မတာလာနေစဉ်ကာလမှာ ဟော်မုန်းတွေ ပိုထွက်လာတဲ့အတွက် နဂိုရှိပြီးသား အရည်အိတ်တွေမှာ အရည်တွေ ပြည့်လာတဲ့အတွက် အဖုလေးတွေ၊ အကျိတ်လေးတွေကို စမ်းမိတတ်ပါလိမ့်မယ်။ ဒါဟာ လုံးဝပုံမှန်ပဲ ဖြစ်ပြီး ဓမ္မတာရက်ပြီးသွားတာနဲ့ ပြန်ပျောက်သွားပါလိမ့်မယ်။ ဒါပေမယ့် သင့်အနေနဲ့ စိတ်ထဲ မသိုးမသန့်ဖြစ်တယ်ဆိုရင်တော့ သင်္ကာရှင်းသွားအောင် ဆရာဝန်နဲ့ ပြသတိုင်ပင်နိုင်ပါတယ်။

    (၅) ရင်သားတွေ နာကျင်တာ

    ရင်သားတွေ နာကျင်တာဟာ ဟော်မုန်းပမာဏ မညီမမျှဖြစ်တာ၊ ဝတ်တဲ့ အတွင်းခံနဲ့ အဆင်မပြေတာ၊ ကဖင်းတွေ အရမ်းသောက်လွန်းတာကနေ ရင်ဘတ်ကို ဒဏ်ရာရ ထိခိုက်မိတာတွေကြောင့်အထိ အကြောင်းရင်း အမျိုးမျိုးကြောင့် ဖြစ်နိုင်ပါတယ်။ အိတ်လေးလေး လွယ်ရင်တောင် ရင်သားကို နာကျင်စေနိုင်ပါတယ်။ ဒီလို နာကျင်မှုမျိုးတွေဟာ ကာလကြာရှည်ဖြစ်တတ်ပါတယ်။ ကြာလွန်းတဲ့အတွက် ဘာကြောင့်ဖြစ်မှန်းတောင် မသိတော့ပါဘူး။

    ဒါ့အပြင် သံဓာတ်ချို့တဲ့တာ၊ သိုင်းရွိုက်ဂလင်း အလုပ်လုပ်ပုံ မူမမှန်တာတွေကြောင့်လည်း ရင်သားနာကျင်တတ်ပါသေးတယ်။

    (၆) နို့သီးခေါင်း အထဲဝင်တာ

    တကယ်လို့ သင်ဟာ မွေးကတည်းက ဒီလို အနေအထားအတိုင်း မွေးလာတယ်ဆိုရင် ဒါဟာ ပြဿနာမဟုတ်ပါဖူး။ ဒါပေမယ့် အခုတလောမှ ဒါမျိုးဖြစ်လာပါတယ်ဆိုရင်တော့ အန္တရာယ်ရှိပါတယ်။ ဘာလို့လဲဆိုတော့ နို့သီးခေါင်းအထဲဝင်တာဟာ ရင်သားကင်ဆာရဲ့ လက္ခဏာတခု ဖြစ်နေလို့ပါပဲ။ နို့သီးခေါင်း အထဲချိုင့်ဝင်သွားတယ်ဆိုရင် ဒါဟာ အတွင်းခံ bra ကြောင့် မဟုတ်မှန်း သေချာအောင် အရင်လုပ်ပါ။ ပြီးရင်တော့ ကျန်းမာရေး စောင့်ရှောက်မှုကို တတ်နိုင်သမျှ အမြန်ဆုံး ခံယူပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Kaung Thar


    Hello Sayarwon Panel မှ ရေးသားသည်။ · 05/05/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement