backup og meta

အမျိုးသမီးများနှင့် အဖြူဆင်းခြင်း

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Phyo Wai Lynn


Hello Sayarwon Panel မှ ရေးသားသည်။ · 07/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အမျိုးသမီးများနှင့် အဖြူဆင်းခြင်း

    အဖြူဆင်း တယ်ဆိုတာ အမျိုးသမီးတိုင်းလိုလို မကြာခဏ ဖြစ်တတ်ကြတဲ့ အရာပါ။ အဖြူ ဘာကြောင့်ဆင်းရတာလဲ၊ အဖြူဆင်းတာဟာ ကျန်းမာရေးအတွက် မကောင်းဘူးလား။ ရောဂါတစ်ခုခုများ ဖြစ်နေလို့လား။ အရင်ကတော့ မသိသာဘူး၊ ဒီရက်ပိုင်းမှ အဖြူတွေ တအားဆင်းနေတယ်၊ ပြဿနာ တစ်ခုခုများရှိနေလား မသိဘူးဆိုတဲ့ စိုးရိမ်ပူပန်မှုတွေနဲ့အတူ ဆရာဝန် သွားပြသင့်၊ မပြသင့်ကို ဒီဆောင်းပါးလေးမှာ အဖြေရှာကြည့်ရအောင်။

    အမျိုးသမီးများနှင့် အဖြူဆင်းခြင်း

    အမျိုးသမီးများနှင့် အဖြူဆင်းခြင်း အကြောင်းလေး လေ့လာကြည့်လိုက်ရအောင်နော်။ အဖြူဆင်းတဲ့အခါ ဆင်းလာတဲ့ အရည်ရဲ့ အပျစ်၊ အကျဲ နဲ့ အရောင်တွေပေါ် မူတည်ပြီး ဘာကြောင့်ဖြစ်တယ်ဆိုတာကို အကြမ်းဖျင်း ခွဲခြားလို့ ရပါတယ်။

    အဖြူရောင်

    အဖြူရောင်ပါတဲ့ အဖြူဆင်းခြင်းဟာ ရာသီစက်ဝန်း အစ နဲ့ ရာသီစက်ဝန်းပြီးဆုံးချိန် တစ်နည်းအားဖြင့် ရာသီ မလာခင် နဲ့ လာပြီးစ အချိန်တွေမှာ ဖြစ်တတ်ပြီး ဒါဟာ လုံးဝ ရာနှုန်းပြည့် ပုံမှန်ပါပဲ။

    ကြည်လင်ပြီး ရေလို ကျဲကျဲ ဆင်းခြင်း

    ဒါလည်း ပုံမှန်ပါပဲ။ ဘယ်အချိန်မှာမဆို ဖြစ်တတ်ပေမဲ့ တစ်ခါတလေ လေ့ကျင့်ခန်းတွေ လုပ်ပြီးတဲ့အခါမှာတော့ ရာသီသွေးဆင်းသလို ဝေါခနဲ ဆင်းတတ်တာမျိုးတွေလည်း ရှိပါတယ်။

    ကြည်လင်ပြီး ခပ်ပျစ်ပျစ် ဆင်းခြင်း

    အကျိအချွဲတွေ ပါတဲ့ အရည်အကြည်တွေဆင်းတယ်၊ ရေထက်နည်းနည်း ပျစ်တယ်ဆိုရင်တော့ သားဥကြွေချိန် (ovulating) ရောက်နေတာကြောင့် ဖြစ်တတ်ပါတယ်။

    အဖြူရောင် ခပ်ပျစ်ပျစ် ဆင်းခြင်း

    မျိုးဥထွက်ချိန်မှာ ဒါမှမဟုတ် မျိုးဥကြွေချိန် အစမှာ ခပ်ကြည်ကြည်ဆင်းတတ်ပြီး မျိုးဥကြွေနေဆဲ အချိန်တွေမှာတော့ အကျိအချွဲတွေပါလာပြီး ခပ်ပျစ်ပျစ် ဆင်းလာတတ်ပါတယ်။ ဒီလိုဆင်းလာခြင်းဟာ မျိုးအောင်နိုင်ခြေကို ညွှန်ပြနေတာမို့ ကလေးရယူဖို့ ရည်ရွယ်ထားတယ်ဆိုရင် ဒီအချိန်ဟာ ကြိုးစားကြည့်သင့်တဲ့ အချိန်ပါပဲ။

    နို့နှစ်ရောင် အဖြူဆင်းခြင်း

    ရာသီလာတဲ့ ပထမဆုံးနေ့မှာ ကြက်ဥအကာလို ချွဲကျိနေပြီး နို့နှစ်ရောင် အဖြူဆင်းခြင်းမျိုး ကြုံရတတ်ပါတယ်။ ဒါဟာလည်း ပုံမှန်ပါပဲ။ အရည်ကျဲကျဲဆိုရင် မျိုးဥကြွေချိန်အတွက် ပြင်ဆင်နေတာဖြစ်ပြီး ရာသီရက်ကို နီးလာတာနဲ့ ပိုပျစ်လာတတ်တာ ပုံမှန်ပါပဲ။ တစ်ခါတလေမှာ ဒီလို နို့နှစ်ရောင်တွေ ဆင်းခြင်းက ကိုယ်ဝန်ရှိနေကြောင်း ပြတဲ့ လက္ခဏာတွေလည်း ဖြစ်နေတတ်ပါတယ်။

    အဖြူရောင် အပျစ်အခဲများဆင်းခြင်း

    ဒါကတော့ မှိုကြောင့် (yeast infection) ဖြစ်တတ်ပါတယ်။ မိန်းမကိုယ်ထဲမှာ ပြင်ပက ဝင်လာတဲ့ ပိုးတွေကို ကာကွယ်နိုင်ဖို့ ကောင်းတဲ့ ဘက်တီးရီးယားနဲ့ မှိုတွေ ရှိနေတတ်ပြီး မိန်းမကိုယ်တွင်း pH ပမာဏကို ထိန်းညှိပေးထားပါတယ်။ တစ်ခါတလေ ဒီ pH ပမာဏ မျှခြေ မညီတဲ့အခါမှာ မကောင်းတဲ့ ဘက်တီးရီးယားနဲ့ မှိုတွေ ဝင်လာပြီး ဒီလို လက္ခဏာတွေ ပြတော့တာပါပဲ။

    • ဒိန်ချဥ်နဲ့တူတဲ့ အဖြူ ပျစ်ပျစ်များ ဆင်းခြင်း
    • အဝါရောင် (သို့) အစိမ်းရောင် ဆင်းခြင်း
    • မိန်းမကိုယ် အနံ့ဆိုးထွက်ခြင်း
    • မိန်းမကိုယ် နှုတ်ခမ်း (သို့) မိန်းမကိုယ် ယားယံခြင်း
    • မိန်းမကိုယ် နှုတ်ခမ်းများ ရောင်ရမ်းခြင်း၊ နီမြန်းခြင်း
    • ဆီးသွားချိန် ပူလောင်ခြင်း (သို့) နာကျင်ခြင်း
    • လိင်ဆက်ဆံချိန် နာကျင်ခြင်း

    အညိုရောင် ဒါမှမဟုတ် သွေးရောင်ဆင်းခြင်း

    များသောအားဖြင့်တော့ ပုံမှန်ပါပဲ။ အထူးသဖြင့် ရာသီလာပြီးစ အချိန်တွေမှာပေါ့။ ရာသီလာပြီးစ အချိန်မှာ ဆင်းလာတဲ့အရာတွေက ခါတိုင်းလို အနီရောင်ထက် အညိုရောင်ပေါက်နေတာမျိုးတွေ ဖြစ်တတ်ပါတယ်။ တချို့သော ရှားပါးဖြစ်ရပ်တွေမှာတော့ အညိုရောင် ဒါမှမဟုတ် သွေးရောင် ဆင်းခြင်းက သားအိမ်ခေါင်း ကင်ဆာရဲ့ လက္ခဏာတွေ ဖြစ်နေတတ်တာမို့ တစ်နှစ်တစ်ခါ သားအိမ်ခေါင်း ကင်ဆာ စစ်ဆေးခြင်းတွေ ပုံမှန် ပြုလုပ်ပေးသင့်ပါတယ်နော်။

    ဘယ်အချိန်မှာ ဆရာဝန် ပြသင့်တာလဲ။

    ပုံမှန်အားဖြင့်တော့ အဖြူဆင်းခြင်းဟာ စိတ်ပူစရာမရှိတဲ့ ပုံမှန် သဘာဝဖြစ်စဉ်ပါ။ ဒါပေမဲ့ အဖြူဆင်းတာတွေက

    • နာကျင်ခြင်း
    • ယားယံခြင်း
    • နေမထိ ထိုင်မသာဖြစ်ခြင်း
    • သွေးဆင်းခြင်း
    • ရာသီမမှန်ခြင်း
    • မိန်းမကိုယ်တစ်ဝိုက် ဖုများ (သို့) အနာများ ဖြစ်ခြင်း
    • လိင်ဆက်ဆံစဉ် (သို့) ဆီးသွားစဉ် ပူလောင်ခြင်း
    • မိန်းမကိုယ်မှ မခံမရပ်နိုင်သော အနံ့ဆိုးများထွက်ခြင်း စတဲ့ လက္ခဏာတွေနဲ့ ယှဉ်ပြီး ဖြစ်လာမယ်ဆိုရင်တော့ ဆရာဝန်နဲ့ ပြဖို့ အချိန်တန်ပါပြီ။

    ရေးသားသူ- Wathun Myet Chal

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Phyo Wai Lynn


    Hello Sayarwon Panel မှ ရေးသားသည်။ · 07/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement