backup og meta

နှာခေါင်း တွေပိတ်နေလို့ အိပ်ရတာ အခက်အခဲဖြစ်နေပြီလား

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Htet Htet Zaw Win


Ye Myo Myat မှ ရေးသားသည်။ · 14/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    နှာခေါင်း တွေပိတ်နေလို့ အိပ်ရတာ အခက်အခဲဖြစ်နေပြီလား

    ချမ်းစိမ့်စိမ့် ဆောင်းရာသီတောင် ဘာလိုလိုနဲ့ ရောက်လာပြန်ပြီနော်။ မြန်မာနိုင်ငံရဲ့ ဆောင်းတွင်းအချမ်းဓာတ်က တခြားနိုင်ငံတွေလောက် မပြင်းတာတောင် ညဘက်ဆို စိတ်အညစ်ရဆုံးက နှာစေး၊ နှာပိတ်ပြီး ဘယ်လိုမှ အိပ်မရတော့တာပါပဲ။ နှာစေးတာကမှ ဖြေသာနိုင်သေးတယ်။ နှာခေါင်း ပိတ်တဲ့ ပြဿနာက လေရှူသွင်း၊ ရှူထုတ်တဲ့နေရာမှာ အခက်အခဲဖြစ်စေတော့ အိပ်ခါနီးလူတစ်ယောက်က ဒီပြဿနာကိုပဲ စိတ်ထဲစွဲပြီး ဘယ်လိုမှ အိပ်ရနိုင်တော့မှာမဟုတ်ပါဘူး။

    အိပ်ခါနီးအချိန်မှာ နှာခေါင်း ပိတ်ရင် ဘာလုပ်ကြမလဲ။

    ၁။ ခေါင်းအုံးအနေအထားကို ပြင်ပေးပါ။

    များသောအားဖြင့် ခေါင်းအုံးတစ်လုံးတည်း အိပ်တဲ့အခါ၊ ကိုယ်အိပ်တဲ့ ခေါင်းအုံးကလည်း မှို့တွေနည်းပြီး ပြားနေတဲ့အခါ ဦးခေါင်းရဲ့အနောက်မှာ ထောက်ပံ့မှုများများစားစားမရှိတော့ဘဲ နှာခေါင်းပိတ်တာမျိုး ဖြစ်တတ်ပါတယ်။ ဒီအခါမျိုးမှာ ခေါင်းအုံးအသေးလေးတစ်လုံးကို အောက်မှာခံပေးတာ၊ ခေါင်းအုံးကို ထပ်ခြမ်းခေါက်ပြီး အိပ်တာ၊ စောင်ကို လုံးချေပြီး ခေါင်းအုံးမှာခုထားတာမျိုး လုပ်ပေးလို့ရပါတယ်။ လည်ပင်းက အမြင့်နေရာကို ရောက်နေတဲ့အခါ အသက်ရှူရတာ ပိုလွယ်ကူသွားပြီး နှာခေါင်း ပြန်ပွင့်သွားနိုင်ပါတယ်။

    ၂။ အသက်ပုံမှန်ရှူသွင်းရှူထုတ် လုပ်ပေးပါ။

    နှာခေါင်းကြီးပိတ်ပြီး အသက်ရှူကျပ်လို့ အိပ်မရမဲ့အတူတူ ခဏလောက် ထထိုင်ပြီး ကိုယ့်စိတ်ကို ငြိမ်အောင် ပြန်ထားပါ။ ပြီးသွားရင် နှာခေါင်း တစ်ဖက်ပိတ်ပြီး ဖြည်းဖြည်းချင်း ရှူသွင်းရှူထုတ်လုပ်ကြည့်ပါ။ အထဲမှာ နှပ်တွေရှိနေရင် တစ်ရှူးနဲ့ညှစ်ထုတ်ပါ။ ၅မိနစ်လောက်နေလို့ နှာခေါင်းနည်းနည်းပွင့်ပြီး လေရှူလို့ရပြီဆိုမှ ပြန်အိပ်ဖို့ ကြိုးစားကြည့်ပါ။

    နှာခေါင်း တွေပိတ်နေလို့ အိပ်ရတာ အခက်အခဲဖြစ်နေပြီလား

    ၃။ ရေသောက်ပေးပါ။

    အိပ်ကာနီးအချိန်ကို ရေသောက်ဖို့ အကြံမပေးချင်ပေမဲ့ ရေဓာတ်က အသက်ရှူလမ်းကြောင်းကို ပြေလျော့သွားစေပြီး ပိတ်နေတဲ့ နှာခေါင်းကို ပွင့်သွားအောင် ကူညီပေးနိုင်ပါတယ်။ ညသန်းခေါင်ကြီး ဆီးထသွားရတာမျိုး မဖြစ်စေဖို့ ရေကို တစ်ငုံလောက် သို့မဟုတ် အာစွတ်ရုံလောက်သာ သောက်ပေးသင့်ပါတယ်။ တစ်နေ့တာလုံး ရေကိုများများသောက်ပေးနိုင်ရင်တော့ အိပ်ချိန်မှ နှာခေါင်းပိတ်တဲ့ ပြဿနာဖြစ်နိုင်ခြေ နည်းသွားပါလိမ့်မယ်။

    ၄။ အပူငွေ့တစ်ခုခုကို ရှူရှိုက်ပါ။

    အပူငွေ့ဟာ နှာခေါင်း ထဲက ပိတ်နေတဲ့ နှပ်တွေကို အရည်ပျော်စိုစွတ်ပြီး အသက်ရှူလမ်းကြောင်းကို ပွင့်သွားအောင် ကူညီပေးနိုင်ပါတယ်။ ရှူဆေးဘူးရှူတာ၊ ရင်ဘတ်ကို ပရုတ်ဆီလိမ်းတာမျိုး လုပ်ပေးလို့ရသလို နှာခေါင်းအပြင်ထိပ်နားကို ပရုတ်ဆီနည်းနည်း လိမ်းပေးတာမျိုး လုပ်လို့ရပါတယ်။ အကယ်လို့ အိပ်ရာထဲမရောက်သေးရင် ရေနွေးအိုးတည်ပြီး ထွက်လာတဲ့အငွေ့ကို အပေါ်ဝေးဝေးကနေ ရှူရှိုက်ပေးတာ၊ ရေနွေးသောက်တာမျိုး၊ ရေနွေးစိမ်ချိုးတာမျိုး လုပ်ပေးလို့ရပါတယ်။

    ၅။ လေထုအစိုဓာတ်ထိန်းစက် (Humidifier) ဖွင့်ထားပါ။

    မြန်မာနိုင်ငံမှာတော့ လေထုအစိုဓာတ်ထိန်းစက် အသုံးပြုတဲ့အိမ်တွေ တော်တော်ရှားပါတယ်။ ဆောင်းရာသီဟာ အေးပြီးစိုတယ်လို့ ထင်ရနိုင်ပေမယ့် လေထုက တော်တော်လေးခြောက်သွေ့တဲ့အတွက် ဓာတ်မတည့်ဖြစ်တာမျိုး၊ နှာခေါင်းယားတာ၊ နှာစေးနှာပိတ်တာတွေ အလွန်အဖြစ်များပါတယ်။ လေထုအစိုဓာတ်ထိန်းစက်ရဲ့ ကောင်းကျိုးက ခြောက်နေတဲ့လေထုထဲကို ရေငွေ့ဖျန်းပေးလိုက်တာဖြစ်တဲ့အတွက် လေကစိုစွတ်သွားပြီး ပုံမှန်တွေ့နေကျ အသက်ရှူလမ်းကြောင်း ပြဿနာများ ဖြစ်နိုင်ခြေ နည်းသွားပါတယ်။ ဒီအတွက် ညဘက်တွေမှာ မကြာခဏ နှာခေါင်းပိတ်တတ်သူတွေဆိုရင် လေထုအစိုဓာတ်ထိန်းစက် တပ်ပေးသင့်ပါတယ်။

    ဒါတွေအပြင် နှာခေါင်းပိတ်တာ သက်သာစေဖို့ နေထိုင်စားသောက်သင့်တာတွေက

    တစ်နေ့တာလုံးမှာ ကိုယ့်ရဲ့ နှာစေးနှာပိတ်ဖြစ်နိုင်ခြေကို လျှော့ချပေးဖို့အတွက် နေထိုင်စားသောက်မှုပုံစံကို ပြင်ပေးလို့လည်း ရပါတယ်။ တစ်ရက်ကို နာရီဝက်ခန့် လေ့ကျင့်ခန်း လုပ်ပေးတာ၊ အချဉ်ဓာတ်များတဲ့ အစားအစာတွေ များများစားပေးတာ၊ အရည်ရွှမ်းတဲ့ အသီးအနှံများ စားပေးတာ၊ ရေကို ၃လီတာထက်မနည်းအောင် သောက်တာ၊ ဟင်းရည်ပူပူ သောက်ပေးတာမျိုး လုပ်ပေးလို့ရပါတယ်။

    တစ်ခါတလေမဟုတ်ဘဲ ညတိုင်းလိုလို နှာစေးနှာပိတ်နေတယ်ဆိုရင် လေထုနဲ့ ဓာတ်မတည့်တာကြောင့်လည်း ဖြစ်နိုင်တဲ့အတွက် သေချာအောင်  ဆရာဝန်နဲ့ ပြသသင့်ပါတယ်။

    Hello ဆရာဝန် ပရိတ်သတ်ကြီးလည်း ကျန်းမာပျော်ရွှင်ပြီး စိတ်ချမ်းသာစရာကောင်းတဲ့ ဘဝနေ့ရက်များကို ပိုင်ဆိုင်ရပါစေလို့ ဆုတောင်းပေးရင်း ဒီမှာပဲ နိဂုံးချုပ်လိုက်ပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Htet Htet Zaw Win


    Ye Myo Myat မှ ရေးသားသည်။ · 14/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement