backup og meta

ဆေးတွေရဲ့ တချို့သော ဘေးထွက်ဆိုးကျိုးတွေက ဘာလို့ အမျိုးသမီးတွေကိုပဲ ထိခိုက်ရတာလဲ

မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။ Dr. K Zin Thwe


Dr. Thiha Phyo Myint မှ ရေးသားသည်။ · 28/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ဆေးတွေရဲ့ တချို့သော ဘေးထွက်ဆိုးကျိုးတွေက ဘာလို့ အမျိုးသမီးတွေကိုပဲ ထိခိုက်ရတာလဲ

    သင့်အနေနဲ့ နှာစေးချောင်းဆိုးလို့ပဲဖြစ်ဖြစ်၊ခြေထောက်တံခါးညပ်လို့ပဲဖြစ်ဖြစ် ဆေးခန်းပဲသွားပြပြ၊ဆေးဆိုင်မှာပဲ သွားဝယ်ဝယ် ဆရာဝန် ဒါမှမဟုတ် ဆေးရောင်းတဲ့သူက ဆေးပေးတဲ့အခါ၊ဆေးရောင်းတဲ့အခါ သောက်မယ့်လူနာက ယောက်ျားလား၊မိန်းမလား စဉ်းစားမနေပါဖူး။ ဒီအတိုင်း ပေးလိုက်တာပါပဲ။ ဘာလို့ ဒီလိုအလွယ်တကူပေးရတာလဲ။ ဘာလို့လဲဆိုတော့ ဆေးတွေကို ခန္ဓါကိုယ်က တုန့်ပြန်တဲ့နေရာမှာ ယောက်ျားမိန်းမကွာခြားမှုရှိတယ်လို့ ဘယ်ဆေးကျောင်း၊ဘယ်သင်တန်းကမှ သင်မပေးလိုက်လို့ပါပဲ။

    လေ့လာမှုတခုအရ သိရတာက ဈေးကွက်ထဲကနေ ရုတ်သိမ်းလိုက်ရတဲ့ ဆေးတွေရဲ့ ရှစ်ဆယ်ရာခိုင်နှုန်းလောက်က အမျိုးသမီးတွေမှာ ဖြစ်တဲ့ ဘေးထွက်ဆိုးကျိုးတွေကြောင့် ရုတ်သိမ်းလိုက်ရတာပါ။ ဒီနေရာမှာ မေးစရာရှိလာတာက အမျိုးသမီးတွေမှာပဲ ဖြစ်ပေါ်နိုင်တဲ့ ဘေးထွက်ဆိုးကျိုးတွေအကြောင်းကို ဈေးကွက်ထဲ ဆေးဖြန့်ပြီးတဲ့အချိန်ကျမှသာ ဘာလို့သိရတာလဲ။ ဆေးဝါးအသစ်တမျိုး ဆရာဝန်တွေလက်ထဲရောက်ပြီး လူနာတွေကို ကုသမှုပေးနိုင်ဖို့အတွက် ပထမဆုံး ဓါတ်ခွဲခန်းထဲမှာ ဆဲလ်လေးတွေနဲ့ စမ်းသပ်တာ၊တိရ စ္ဆာန်လေးတွေနဲ့ စမ်းသပ်တာ၊ပြီးရင် လူတွေမှာ ဆက်လက်စမ်းသပ်သုတေသနပြု သုံးစွဲတာ၊နောက်ဆုံး ဆေးဝါးကွပ်ကဲရေးက အတည်ပြု ခွင့်ပြုချက်ရဖို့ တင်ပြစောင့်ဆိုင်းရတာ အစရှိတဲ့ အဆင့်ပေါင်းများစွာကို ကျော်ဖြတ်ရတာကြောင့် အချိန်အများကြီး ကြာမြင့်ပါတယ်။ ဒီလို အသေအချာ စမ်းသပ်ပြီးမှ ထုတ်လုပ်တယ်လို့ ပြောပေမယ့် လက်မခံနိုင်လောက်အောင်ဆိုးရွားတဲ့ ဘေးထွက်ဆိုးကျိုးတွေ အမျိုးသမီးတွေမှာဖြစ်နိုင်တာကို စောစောစီးစီး မသိဘဲ ဘာလို့ ဈေးကွက်ထဲ ဖြန့်ပြီးတဲ့ အချိန်မှ သိရတာလဲ။ နားမလည်နိုင်တော့ဖူးလား။

    ဆေးပညာရှင်တွေရဲ့ အဆိုအရ ကျွန်တော်တို့ ခန္ဓါကိုယ်ထဲက ဆဲလ်တိုင်းဆဲလ်တိုင်းမှာလည်း အထီးအမ သဘာဝ ရှိပါသတဲ့။ ဟုတ်ပြီ ဆက်ကြည့်ရအောင်။ ဖြစ်ပုံက ဓါတ်ခွဲခန်းထဲမှာ ဆေးကို ဦးစွာစမ်းသပ်တဲ့အခါ အသုံးပြုတဲ့ ဆဲလ်တွေ နဲ့ နောက်တဆင့် စမ်းသပ်တဲ့ တိရ စ္ဆာန်တွေအားလုံးဟာ အထီးတွေချည်းဖြစ်ပြီး နောက်ဆုံးအဆင့်အဖြစ် လူမှာစမ်းသပ်တဲ့အခါမှာလည်း ယောက်ျားတွေမှာပဲ စမ်းသပ်တာဖြစ်ပါသတဲ့။ မြတ်စွာဘုရား။ ဘာလို့များပါလဲ။ ဘာလို့များ အမျိုးသားတွေကိုပဲ အခြေခံပြီး ဆေးဝါးစမ်းသပ်မှုတွေပြုလုပ်ရတာလဲ။ အိပ်ဆေးတမျိုးဖြစ်တဲ့ Ambien ဆိုတဲ့ ဆေးအကြောင်း လေ့လာကြည့်ရအောင်။ ဒီဆေးကို လွန်ခဲ့တဲ့ နှစ်ပေါင်း နှစ်ဆယ်ကျော်လောက်က ဈေးကွက်ထဲ စတင်ရောင်းချခဲ့ပြီး သန်းရာနဲ့ချီအသုံးပြုခဲ့ကြပါတယ်။ အဓိက အသုံးပြုသူတွေကတော့ အမျိုးသမီးတွေဖြစ်ပါတယ်။

    ဘာလို့လဲဆိုတော့ အမျိုးသမီးတွေဟာ အမျိုးသားတွေထက် အိပ်မပျော်တဲ့ ဝေဒနာကို ခံစားရနိုင်ချေ များလို့ပါ။ ဒါပေမယ့် အမျိုးသမီးတွေမှာ ဆေးပမာဏကို ထက်ဝက်လျှော့ပြီး သုံးစွဲဖို့ FDA အနေနဲ့ ပြီးခဲ့တဲ့ နှစ်က အကြံပြုခဲ့ပါတယ်။ အကြောင်းပြချက်ကဘာလဲဆိုတော့ အမျိုးသမီးတွေမှာ ဆေးကို ဖြိုခွဲတဲ့၊ခန္ဓါကိုယ်အပြင်ကို စွန့်ပစ်တဲ့ နှုန်းဟာ အမျိုးသားတွေထက် နှေးလို့ပါတဲ့။ အကျိုးဆက်အနေနဲ့ Ambien သောက်ထားတဲ့ အမျိုးသမီးတွေဟာ မနက်အိပ်ယာနိုးလာသည့်တိုင် သူတို့သွေးထဲမှာ ဆေးတွေရှိနေဆဲဖြစ်ပြီး အာနိသင်ပြနေတုန်းဖြစ်တာကြောင့် တနေ့လုံး ထိုင်းထိုင်းမှိုင်းမှိုင်းဖြစ်နေပြီး ကားမောင်းတာလို စိတ်အာရုံစူးစိုက်ဖို့လိုတဲ့ အလုပ်တွေလုပ်ဖို့ မသင့်တော်ပါဖူး။ အန္တရာယ် များပါတယ်လို့ ဆိုပါတယ်။ မေးစရာတွေ ဆက်ရှိလာတာက တခြားဘယ်လိုအရာတွေကိုရော ကျားမလိင်ကွဲပြားမှုအပေါ်မူတည်ပြီး စမ်းသပ်လေ့လာဖို့ လိုသလဲ။ ကျွန်တော်တို့ မသိလိုက်တာ ဘာတွေများ ရှိနေဦးမလဲ ဆိုတာပါပဲ။ ဒုတိယ ကမ္ဘာစစ်က အရာတော်တော်များများကို ပြောင်းလဲလာစေပါတယ်။ လူတယောက်ကို သူ့ဆီက ခွင့်ပြုချက်မရဘဲနဲ့ ဆေးဝါးစမ်းသပ်မှု မပြုလုပ်ရဖူးဆိုတဲ့ အချက် ဖြစ်ပေါ်လာဖို့လည်း အပါအဝင်ပေါ့။

    ဒါကြောင့် သူတို့ဟာ စည်းမျဉ်းစည်းကမ်းတွေကို ချမှတ်လိုက်ပါတယ်။ ကလေးမွေးဖွားနိုင်တဲ့အရွယ် အမျိုးသမီးတွေကို ဆေးဝါးစမ်းသပ်ခြင်းတွေမှာ အသုံးမပြုဖို့ ကာကွယ်ချင်တဲ့ အချက်ဟာ ဒီစည်းမျဉ်းစည်းကမ်းတွေရဲ့ တစိတ်တဒေသဖြစ်ပါတယ်။”စမ်းသပ်လေ့လာနေရင်း သန္ဓေသားမှာ တခုခုဖြစ်ရင် ဘယ်လိုလုပ်မလဲ။ ဘယ်သူတာဝန်ယူမှာလဲ” အစရှိတဲ့ မေးခွန်းတွေ မေးစရာဖြစ်လာတာကြောင့်ပါ။ ဒီတော့ သိပ္ပံပညာရှိတွေ စဉ်းစားခဲ့တာက အမျိုးသားတွေရဲ့ ခန္ဓါကိုယ်ဖြစ်စဉ်တွေဟာ ပိုပြီးတော့ တည်ငြိမ်တယ်။ သူတို့မှာ ဟော်မုန်းအပြောင်းအလဲတွေလည်း လစဉ်ဖြစ်ပေါ်လေ့မရှိဖူး။ ဒါကြောင့် စမ်းသပ်မှုတွေ ပြုလုပ်တဲ့အခါမှာ အချက်အလက်တွေလည်း ပိုပြီးတော့ မှန်မှန်ကန်ကန် ရနိုင်မှာ ဖြစ်လို့ ဒီနည်းလမ်းက ပိုရိုးရှင်းပြီး ပိုအဆင်ပြေပါတယ်။ ဒါ့အပြင် အမျိုးသားနဲ့ အမျိုးသမီးဆိုတာဟာ မျိုးပွားအင်္ဂါတွေနဲ့ ကျားမဟော်မုန်းတွေကလွဲပြီး ကျန်တာအားလုံး အတူတူပဲ ဖြစ်တယ်လို့လည်း ယေဘုယျအနေနဲ့ ယူဆလို့ရနေတဲ့အတွက် ဆေးဝါးစမ်းသပ်မှုတွေကို အမျိုးသားတွေမှာပဲ ပြုလုပ်ပြီး ရရှိလာတဲ့ အကျိုးဆက်နဲ့ ဆေးတွေကိုတော့ အမျိုးသမီးတွေအတွက်ပါ အသုံးပြုမယ်လို့ ဆုံးဖြတ်လိုက်ကြပါတယ်။

    ဒီလိုလုပ်လိုက်တော့ အမျိုးသမီးတွေရဲ့ ကျန်းမာရေးအတွက် ဘာပိုထူးသွားသလဲ။ ဟိုးအရင်တုန်းက အမျိုးသမီးတွေရဲ့ ကျန်းမာရေးပြဿနာတွေကို “ဘီကီနီ ပြဿနာတွေ” လို့ခေါ်လေ့ရှိကြပါတယ်။ ဘာလို့လဲ ဆိုတော့ အမျိုးသမီးတွေရဲ့ ကျန်းမာရေးပြဿနာလို့ ဆိုလိုက်တာနဲ့ မျိုးပွားခြင်းနဲ့ ဆိုင်နဲ့ ကိစ္စတွေ(ကိုယ်ဝန်ဆောင်တာ၊သားအိမ်၊ရင်သား၊သားဥအိမ် စတာတွေ)အနေနဲ့ပဲ စဉ်းစားခဲ့ကြလို့ပါ။ ဒီလိုယူဆခဲ့ကြတာဟာ ၁၉၈၀ပြည့်နှစ်တွေအထိပါပဲ။ ဒါပေမယ့် ဒီလိုယူဆလိုက်ခြင်းအားဖြင့် အမျိုးသမီးတွေရဲ့ ကျန်းမာရေးစောင့်ရှောက်မှုနဲ့ ဆိုင်တဲ့ ကိစ္စတွေမှာ အပေါ်မှာပြောခဲ့တဲ့မျိုးပွားအင်္ဂါဆိုင်ရာ ပြဿနာတွေကလွဲပြီး တခြားဘာကိုမှ ထူးထူးခြားခြား မသိတော့သလို အမျိုးသမီးလူနာတွေရဲ့ လိုအပ်ချက်တွေကိုလည်း

    မသိတော့သလောက် ဖြစ်သွားစေပါတယ်။ ဒါကြောင့် ဆေးပညာစမ်းသပ်မှုတွေမှာ အမျိုးသမီးတွေကို ဘေးဖယ်ထားတာဟာ သူတို့ကို မျက်နှာသာပေးတာ မဟုတ်ဘဲ ကောင်းကျိုးထက် ဆိုးကျိုးတွေကိုသာ ဖြစ်စေတယ်၊ထိခိုက်စေတယ်လို့ ဆေးပညာအသိုင်းအဝန်းနဲ့ လူထုကျန်းမာရေးဆိုင်ရာ မူဝါဒချမှတ်သူတွေက တဖြည်းဖြည်း သိလာပါတယ်။

    ဆိုတော့ ကျားမ လိင်ကွာခြားတဲ့အတွက် ဘေးထွက်ဆိုးကျိုးတွေ ကွာခြားကြောင်းကို ဘယ်လိုသက်သေသာဓကတွေအရ သိနိုင်မလဲ။

    လူ့ခန္ဓါကိုယ်ဖွဲ့စည်းပုံကို လေ့လာကြည့်မယ်ဆိုရင် နှလုံးနားတဝိုက်မှာ ရှိတဲ့သွေးကြောတွေဟာ အမျိုးသားတွေမှာ ပိုပြီးကြီးပါတယ်။ နှလုံးရောဂါ ဖြစ်စေတဲ့ အကြောင်းခြင်းရာတွေကျပြန်တော့ အမျိုးသမီးတွေမှာ ပိုလို့ ရှုပ်ထွေးပြန်ပါတယ်။ ဒီလို မတူညီမှုလေးတွေ ရှိပါတယ်။ လူတယောက်နှလုံးရောဂါ ဖြစ်နိုင်ချေရှိမရှိ ဆုံးဖြတ်ခန့်မှန်းတဲ့ စစ်ဆေးစမ်းသပ်မှုမျိုးကို ပြုလုပ်တဲ့အခါ ကျွန်တော်တို့ဟာ အမျိုးသားတွေမှာ အရင်စမ်းသပ်စစ်ဆေးပါတယ်။ ဒီနေရာမှာ နားလည်ထားရမှာက အမျိုးသားတွေမှာ စမ်းသပ်လို့ အဆင်ပြေပြည့်စုံတဲ့ နည်းလမ်းကို သုံးပြီး အမျိုးသမီးတွေ နှလုံးရောဂါဖြစ်နိုင်ချေရှိမရှိ စမ်းသပ်စစ်ဆေးတဲ့အခါ သိပ်အဆင်မပြေတာ၊အကျိုးသက်ရောက်မှု သိပ်မရှိတာမျိုးကို တွေ့ရပါတယ်။

    ဆက်ပြီး ကျွန်တော်တို့ ပုံမှန်အသုံးပြုလေ့ရှိတဲ့ ဆေးဝါးတွေအကြောင်း စဉ်းစားကြည့်ရအောင်။ဥပမာ အက်စ်ပရင် ဆိုပါတော့။ ကျန်းမာနေတဲ့ အမျိုးသားတဦးကို အက်စ်ပရင်ပေးမယ်ဆိုရင် ရုတ်တရပ် နှလုံးရပ်တာမျိုးကနေ ကာကွယ်ပေးနိုင်ပေမယ့် ကျန်းမာနေတဲ့ အမျိုးသမီးတဦးကို ပေးမယ်ဆိုရင်တော့ ကောင်းကျိုးထက် ဆိုးကျိုးတွေကိုသာ ဖြစ်စေမယ်ဆိုတာ သင်သိပါသလား။

    Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။

    Dr. K Zin Thwe


    Dr. Thiha Phyo Myint မှ ရေးသားသည်။ · 28/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement