backup og meta

ကျန်းမာရေး ဗိုက်စည်းတွေနဲ့ ပတ်သက်သမျှ


Dr. Seinn Moe Satt မှ ရေးသားသည်။ · 11/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကျန်းမာရေး ဗိုက်စည်းတွေနဲ့ ပတ်သက်သမျှ

    ကျန်းမာရေး ဗိုက်စည်းဆိုတာဟာ ၀မ်းဗိုက်မှာပတ်ရတဲ့ ခါးပတ်တစ်ခုပါပဲ။ ဗိုက်စည်းတွေဟာ အရွယ်အစားအမျိုးမျိုး လာပါတယ်။ များသောအားဖြင့် အလတ်စတစ်သားနဲ့ လုပ်ထားကြပြီး ပတ်ဖို့အတွက် ချိတ်၊ ဒါမှမဟုတ် ပတ်တဲ့ ကွင်းတွေပါပါတယ်။ တချို့ ဗိုက်စည်းတွေမှာတော့ ခါးကိုထောက်ပံ့ပေးတဲ့ အထိန်းပါပါတယ်။ တချို့ ဗိုက်စည်းတွေမှာတော့ ဗိုက်ခွဲထားတဲ့လူနာတွေမှာ  အရည်တွေစီးဆင်းဖို့ ပိုက်တွေပါ တွဲရက်ပါပါတယ်။ ဗိုက်စည်းတွေဟာ ဗိုက်ခွဲပြီးတဲ့နောက် နလန်ထတာကို မြန်စေပါတယ်။ ယေဘုယျအားဖြင့် ဗိုက်စည်းတွေကို ဒီလိုအခြေအနေမျိုးတွေမှာ တပ်ဆင်ဖို့ အကြံပေးလေ့ရှိကြပါတယ်။

    (၁) ဗိုက်ခွဲကလေးမွေးပြီးတဲ့အခါ

    (၂) ၀မ်းဗိုက်ဖွင့် ဗိုက်ခွဲပြီးတဲ့အခါ

    (၃) သားအိမ်ထုတ်ပြီးတဲ့အခါ

    (၄) ခါးဆစ်ရိုးခွဲစိတ်ပြီးတဲ့အခါ တွေပဲဖြစ်ပါတယ်။

    ခါးဆစ်အာရုံကြောမကြီးကို ထိခိုက်ဒဏ်ရာရထားတဲ့ လူနာတွေမှာ ၀မ်းဗိုက်ကို ထောက်ပံ့ပေးဖို့၊ ၀မ်းဗိုက်အတွင်းဖိအားကို ထိန်းညှိပေးဖို့၊ အသက်ရှူခြင်းဆိုင်ရာလုပ်ငန်းဆောင်တာတွေကို အားပေးကူညီဖို့ အတွက် စနစ်တကျ နေရာတိတိကျကျသတ်မှတ်ထားတဲ့ ဗိုက်စည်းတွေကို စည်းရပါတယ်။

    ဗိုက်စည်းစည်းခြင်းရဲ့ ကောင်းကျိုးတွေ

    (၁) ခွဲစိတ်ပြီးနောက်ရတဲ့ နာကျင်မှုကိုသက်သာစေတယ်။

    (၂) ခွဲစိတ်ပြီးတဲ့နောက်ရတဲ့ စိတ်မသက်မသာဖြစ်မှုတွေကိုလဲ လျော့နည်းစေတယ်။ အသက်ပြင်းပြင်းရှူနိုင်ဖို့ အားပေးကူညီတယ်။

    ခွဲပြီးလူနာတွေအတွက်ဆိုရင်

    (၁) ခွဲစိတ်ထားတဲ့ အနာကိုကူညီထောက်ပံ့ပေးတယ်။

    (၂) နာကျင်မှုကိုသက်သာစေတယ်။

    (၃) ပိုပြီးလှုပ်ရှားနိုင်စေတယ်။

    (၄) ရောင်ရမ်းမှုကိုကျစေတယ်။

    ဗိုက်စည်းတွေနဲ့ ပတ်သက်လို့ သိပ္ပံနည်းကျ လေ့လာထားမှုတွေ သိပ်တော့မရှိသေးပါဘူး။ ၂၀၁၄ ခုနှစ်မှာ လေ့လာထားတဲ့ လေ့လာမှုတစ်ခုအရဆိုရင်တော့ ဗိုက်စည်းတွေဟာ ခွဲစိတ်ပြီးနောက်ရတဲ့ နာကျင်မှုကို သက်သာစေပြီး စိတ်ဖိစီးမှုကိုလဲ လျော့ကျစေပါသတဲ့။ ခွဲပြီးလူနာတွေ ချောင်းဆိုးချင်တဲ့ အခါ ဗိုက်စည်းစည်းထားပေးတဲ့ အခါ ပိုပြီး လွတ်လွတ်လပ်လပ်ဆိုးနိုင်ဖို့ ကူညီပေးပါတယ်။ ပိုပြီးတော့လဲ ခန္ဓာကိုယ်လှုပ်ရှားရ လွယ်စေတာကို တွေ့ရပါသတဲ့။ ဒါပေမယ့်လဲ ခွဲစိတ်ပြီးတဲ့ နောက် ခွဲကြောင်းဒဏ်ရာတွေမှာ အရည်စုတဲ့ ပြသနာဖြစ်တာမျိုးကိုကျ ဗိုက်စည်းတွေက တကယ်ပဲ လျော့နည်းစေသလားဆိုတာ အတွက်တော့ ခိုင်မာတဲ့ သုတေသနတွေထပ်လုပ်ဖို့ လိုနေပါသေးတယ်။ သားအိမ်ထုတ်ပြီးတဲ့ လူနာတွေမှာ ဗိုက်စည်းစည်းပေးခြင်းအားဖြင့် ဝမ်းဗိုက်ကကြွက်သားတွေကို တစုတစည်းတည်း ထိန်းပေးထားတဲ့ အတွက် နာကျင်မှုကိုသက်သာစေပါတယ်။

    ၂၀၁၀ မှာလုပ်ခဲ့တဲ့ သုတေသနတစ်ခုအရဆိုရင်တော့ မတ်တတ်ရပ်တဲ့အခါ သွေးပေါင်ထိုးကျသွားတဲ့ဝေဒနာရှိသူတွေအတွက် ဗိုက်စည်းတွေဟာ အင်မတန်အသုံး၀င်ပြီး သွေးပေါင်ရုတ်တရက်ထိုးကျတဲ့ attack ကိုကာကွယ်ဖို့အတွက် ပထမဆုံး အသုံးပြုတဲ့ ပစ္စည်းဖြစ်သင့်တယ်ဆိုပါတယ်။ ဗိုက်စည်းစည်းပေးခြင်းအားဖြင့် အပေါ်သွေးပေါင်ကို 11mmHg လောက်နဲ့ အောက်သွေးပေါင်ကို 6mmHg လောက်တက်စေတယ်ဆိုပါတယ်။

    ဒါကြောင့် ဒီလိုဝေဒနာရှင်မျိုးတွေအတွက် ဘေးထွက်ဆိုးကျိူးတွေရှိတဲ့ ဆေးဝါးတွေအစားဗိုက်စည်းစည်းတာက ပိုအကျိုးများစေတယ်ဆိုပါတယ်။ တချို့သော အမျိုးသမီးတွေကတော့ ကလေးမွေးပြီးတဲ့ အခါ သားအိမ်၀ပ်ဖို့နဲ့ ကိုယ်အလေးချိန်ကျဆင်းစေဖို့၊ ခါးဆိုဒ်ပြန်သေးဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ဗိုက်စည်းစည်း တတ်ကြပါတယ်။

    ဒါပေမယ့်လည်း ဒီလို ကိုယ်အလေးချိန်တကယ်ကျ၊မကျ ဗိုက်တကယ်ချပ်မချပ်ကတော့ တိကျတဲ့ သိပ္ပံနည်းကျသက်သေရှာမတွေ့ထားပါဘူး။ ဗိုက်စည်းဘယ်လိုစည်းကြမလဲ ခွဲစိတ်မှုအမျိုးအစားပေါ်မူတည်ပြီး ဗိုက်စည်းကိုခြောက်ပတ် ဒါမှမဟုတ် အနာလုံးလုံးကျက်တဲ့အထိ ထိလေ့ရှိပါတယ်။ ဗိုက်စည်းတွေကို သာမာန်ဆေးဆိုင် တွေမှာ အလွယ်တကူ၀ယ်လို့ရပါတယ်။

    ဗိုက်စည်းတစ်ခုကိုရွေးချယ်တဲ့အခါ မှန်ကန်တဲ့အရွယ်အစားရဖို့ အရေးကြီးပါတယ်။ ကိုယ်နဲ့ သင့်တော်တဲ့အရွယ်အစားကိုရဖို့ဆိုရင် ၀မ်းဗိုက်နေရာမှာ ဗိုက်စည်းကို ပတ်လိုက်ပါ။ ဗိုက်စည်းကို အရမ်းလဲ မချောင်သလို အရမ်းလဲ မကျပ်နေပါစေနဲ့။ဗိုက်စည်းစည်းထားပေမယ့်လဲ သင်ဟာ အသက်၀၀ရှူလို့ရနေရပါမယ်။ ဗိုက်စည်းကို သန့်ရှင်းနေစေဖို့ နဲ့ ခြောက်သွေ့နေဖို့ ဂရုစိုက်ပါ။ နောက်မို့ အရေပြားယားယံတာမျိုးဖြစ်တတ်ပါတယ်။ ဗိုက်စည်းစည်းပြီးတဲ့နောက် နီရဲတာ၊ ရောင်ရမ်းတာ၊ အရေပြားမှာ အဖုအပိမ့်တွေဖြစ်တာ၊ ပူလာတာမျိုးခံစားရတယ်ဆိုရင် ဆရာ၀န်နဲ့ ချက်ချင်းတိုင်ပင်ပြသသင့်ပါတယ်။

    Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့်ကုသမှုများ မပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Dr. Seinn Moe Satt မှ ရေးသားသည်။ · 11/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement