backup og meta

အလုပ်များတဲ့အမျိုးသမီးတွေအတွက် အသင့်တော်ဆုံးသန္ဓေတားနည်းများ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Aye Thi Mon မှ ရေးသားသည်။ · 26/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အလုပ်များတဲ့အမျိုးသမီးတွေအတွက် အသင့်တော်ဆုံးသန္ဓေတားနည်းများ

    လူရယ်လို့ဖြစ်လာရင် လုပ်စရာအလုပ်တွေက တော်တော်လေးတော့ များသား။ နေ့စဉ်လုပ်နေကျ အလုပ်တွေနဲ့ ရှုပ်နေတာနဲ့တင် သားဆက်ခြားမယ့်ကိစ္စကိုတွေးဖို့ဆိုတာ အချိန်မရှိနိုင်အောင်ပါ။ အိမ်မှုကိစ္စတွေကို လုပ်နေရတာနဲ့တောင် တော်တော်အလုပ်များနေရတဲ့အထဲ အိမ်ထောင်ဝင်ငွေအတွက်ပါ မိမိတတ်သိထားတဲ့ ပညာနဲ့ တစ်ဖက်တစ်လမ်းက ဝင်ငွေရှာဖွေနေတဲ့ လေဒီတွေအတွက်ကတော့ နေ့စဉ်အားတဲ့အချိန်ရယ်လို့ သိပ်တောင်မရှိဘူးဆိုတာ ကိုယ်ချင်းစာနိုင်ပါတယ်။ အခုတစ်ခေါက်တော့ ဒီလို အလုပ်များတဲ့အမျိုးသမီးတွေအတွက် အသင့်တော်ဆုံးသန္ဓေတားနည်းများ အကြောင်း ပြောပြချင်ပါတယ်။

    အမျိုးသမီးတော်တော်များများက သားဆက်ခြားနည်း ရွေးချယ်စရာများပေမယ့် အများသုံးတာကိုပဲ လိုက်သုံးလေ့ရှိကြပါတယ်။ အခုဆိုရင် သားဆက်ခြားနည်းတွေက အများသားပါ။ မိမိနဲ့ အသင့်တော်ဆုံးဖြစ်မယ့် သားဆက်ခြားနည်းကို တတ်သိနားလည်တဲ့သူတွေနဲ့ တိုင်ပင်ပြီး အလွယ်တကူအသုံးပြုလို့ရနေပါပြီ။ အလွယ်ဆုံးပြောပြရမယ်ဆိုရင် သားဆက်ခြားနည်းကို အဓိကအားဖြင့် ကာလတိုသားဆက်ခြားနည်းနဲ့ ကာလရှည်သားဆက်ခြားနည်းဆိုပြီး ခွဲခြားလို့ရပါတယ်။

    သားဆက်ခြားနည်း ရွေးချယ်မယ်

    သားဆက်ခြားနည်းရွေးတဲ့အခါ ကိုယ့်ရဲ့မိသားစုနေထိုင်မှုပုံစံပေါ်မှာ အခြေခံပြီးရွေးချယ်တာက အကောင်းဆုံးပါ။ အလုပ်များတဲ့ အမျိုးသမီးတွေအနေနဲ့ တစ်နေ့တစ်လုံးပုံမှန်သောက်ရတဲ့ သန္ဓေတားသောက်ဆေး (COC) လိုမျိုး သန္ဓေတားနည်းတွေကရေရှည်မှာ အဆင်မပြေလောက်ပါဘူး။ နောက်တစ်ချက်က လိင်ဆက်ဆံတဲ့အခါတိုင်းမှာ ကွန်ဒုံးသုံးတာ၊ အမျိုးသမီးကွန်ဒုံးနဲ့ သန္ဓေတားကပ်ခွာလိုမျိုးအရာတွေကို အမြဲအသုံးပြုမိနိုင်ဖို့ဆိုတာကလည်း မလွယ်ပြန်ပါဘူး။ ဒီတော့ ဘယ်လိုသန္ဓေတားနည်းကို သုံးမလဲလို့မေးစရာလေးတွေရှိလာနိုင်ပါတယ်။

    ဒီပြဿနာတွေနဲ့ ကင်းဝေးချင်တဲ့ အလုပ်များတဲ့လေဒီမေမေတွေအတွက် သတင်းကောင်းလေးပါးပါရစေ။ ဒါကတော့ အလုပ်ရှုပ်သက်သာပြီး တာရှည်ခံတဲ့ သန္ဓေတားနည်းတွေဖြစ်တဲ့ သားအိမ်တွင်းထည့်ပစ္စည်း (IUDs) နဲ့ လက်မောင်းထဲထည့်ပစ္စည်း (Implant) တို့ပါ။

    ထိုးဆေးတွေကလည်း ၃လလောက်ခံတယ်ဆိုပေမယ့် ဆေးထိုးရမှာကြောက်တဲ့ အမျိုးသမီးတွေ၊ ၃လပြည့်တာကို မေ့သွားနိုင်တဲ့ အမျိုးသမီးတွေလည်း ရှိတာကြောင့် ဒီဆောင်းပါးမှာတော့ နှစ်ရှည်ခံသန္ဓေတားနည်းတွေကိုပဲ အဓိက ပြောပြပေးပါမယ်။

    အလုပ်များတဲ့အမျိုးသမီးတွေအတွက် အသင့်တော်ဆုံးသန္ဓေတားနည်းများ

    အလုပ်များတဲ့အမျိုးသမီးတွေအတွက် အသင့်တော်ဆုံးသန္ဓေတားနည်းများ ကတော့

    • လက်မောင်းတွင်းထည့် သန္ဓေတားပစ္စည်း (Contraceptive implant)

    လက်မောင်းတွင်းထည့် သန္ဓေတားပစ္စည်း (Contraceptive implant) က တာရှည်ခံတဲ့ သန္ဓေတားနည်းတစ်မျိုးပါ။ လက်မောင်းအရေပြားအောက်ထဲကို သေးငယ်တဲ့ ပလပ်စတစ်ချောင်းလေး ထည့်သွင်းရတာပါ။ ထည့်ပြီးတာနဲ့ ဒီပစ္စည်းလေးက လစဉ် သားဥအိမ်ကသားဥတွေ ထုတ်လုပ်နေမှုကို ရပ်တန့်သွားအောင်လုပ်ဆောင်ပေးတဲ့ ပရိုဂျက်စတင်ဟော်မုန်းကို နည်းနည်းချင်းထုတ်ပေးပါတယ်။ ဒါကြောင့် ဒီပစ္စည်းလေးထည့်ပြီးသွားတဲ့အခါ ရာသီသွေးပေါ်တဲ့ ရက်ပြောင်းလဲသွားတာမျိုးရှိနိုင်သလို လုံးဝမလာတော့တာမျိုးလည်းဖြစ်နိုင်ပါတယ်။

    ဒီပစ္စည်းလေးက တစ်ခါထည့်ထားရုံနဲ့ ၃ နှစ် ၅ နှစ် အထိခံပြီး စိတ်ချရတဲ့ သန္ဓေတားနည်းတစ်ခုပါ။ ဒီပစ္စည်းက ဖယ်ထုတ်ရတာလွယ်ကူသလို ဖယ်ထုတ်ပြီး သိပ်မကြာခင်မှာပဲ ကိုယ်ဝန်ရရှိမှာဖြစ်ပါတယ်။

    • သားအိမ်တွင်းထည့်ပစ္စည်း (IUDs)

    IUD က သားအိမ်ထဲကို ထည့်သွင်းရတဲ့ သန္ဓေတားပစ္စည်းတစ်မျိုးဖြစ်ပါတယ်။ ဒီသန္ဓေတားနည်းကလည်း တာရှည်ခံတဲ့ သန္ဓေတားနည်းပါ။ အသုံးပြုထားတဲ့ ပစ္စည်းအမျိုးအစားအလိုက် သက်တမ်းကကွာခြားမှုရှိနိုင်ပါတယ်။ ဟော်မုန်းမပါတဲ့ copper IUD ဆိုရင် အနည်းဆုံး၅ နှစ်ကနေ ၁၀ နှစ်အထိခံပြီး ဟော်မုန်းပါတဲ့ IUD အမျိုးအစားဆိုရင် ၁၀ နှစ်အထိခံပါတယ်။

    IUD က သုက်ပိုးတွေ မမျိုးဥတွေဆီကို ရောက်ရှိသွားပြီး သန္ဓေအောင်တာမျိုး မဖြစ်အောင် ကာကွယ်ပေးပါတယ်။ ကြေးနီပါဝင်တဲ့ သားအိမ်တွင်းထည့်ပစ္စည်းက သုက်ပိုးတွေကို သတ်ပေးပြီး မမျိုးဥဆီမရောက်အောင် တားဆီးပေးခြင်းအားဖြင့် ကိုယ်ဝန်တားပေးပါတယ်။ အဲဒီအပြင် သန္ဓေအောင်သွားခဲ့ရင်လည်း သားအိမ်ထဲမှာ သန္ဓေတည်ရခက်အောင် လုပ်နိုင်ပါတယ်။

    ပရိုဂျက်စထရုန်း ပါဝင်တဲ့ သားအိမ်တွင်းထည့်ပစ္စည်းကတော့ သားအိမ်ခေါင်းချွဲကို ထူပျစ်စေတယ်။ သားအိမ်အတွင်းသားနံရံတွေကို ပါးလွှာစေတယ်။ အဲ့ဒါအပြင် မမျိုးဥကြွေခြင်းကိုပါ တားဆီးပေးပါတယ်။ အဲဒီနည်းနဲ့ သုက်ကောင်နဲ့ မမျိုးဥတွေ့ဆုံပြီး သန္ဓေအောင်ခြင်း၊ သန္ဓေတည်ခြင်းတို့ မဖြစ်အောင် ကာကွယ်ပေးပါတယ်။

    ဒီအချက်တွေကြောင့် IUDs နဲ့ Implant ကိုရွေးချယ်သင့်တာပါ

    အလုပ်များပြီး နေ့စဉ်ဆေးသောက်ဖို့အတွက် အချိန်မပေးနိုင်တာ၊ ရက်အတိအကျဆေးထိုးဖို့ မဖြစ်နိုင်ဘူးဆိုရင်တော့ အခုပြောခဲ့တဲ့ သန္ဓေတားနည်း ၂ မျိုးက အသင့်တော်ဆုံးဖြစ်မှာပါ။ နောက်ထပ်အားသာချက်တွေကတော့

    • အသက်အရွယ်မရွေး အသုံးပြုနိုင်ခြင်း
    • နို့တိုက်မိခင်တွေအတွက် သင့်တော်ခြင်း
    • အချိန်မရွေးအလွယ်တကူပြန်ထုတ်နိုင်ခြင်း
    • ထုတ်ပြီးသိပ်မကြာခင်မှာ အလွယ်တကူကိုယ်ဝန်ဆောင်နိုင်ခြင်း
    • တာရှည်ခံခြင်း
    • ကာကွယ်မှုပေးနိုင်စွမ်း မြင့်မားတာကြောင့် စိတ်ချရခြင်း တို့ဖြစ်ပါတယ်။

    နေ့စဉ် လှုပ်လှုပ်ရှားရှားသွားလာနေကြရတဲ့ အမျိုးသမီးတို့အတွက် သောက်ဆေး၊ ထိုးဆေးတွေကို အမြဲတမ်းသတိရှိရှိနဲ့ သောက်နိုင်ဖို့ ထိုးနိုင်ဖို့က ခက်ခဲလှပါတယ်။ ဒီလိုနဲ့ အလုပ်များရတဲ့ကြားထဲ အဆင်သင့်မဖြစ်သေးတဲ့ ကိုယ်ဝန်တွေ ရသွားနိုင်ခြေရှိပါတယ်။ အခုဖော်ပြထားတဲ့ သန္ဓေတားနည်းလမ်း နှစ်မျိုးကတော့သောက်ဆေး ထိုးဆေးတွေလို အလုပ်မရှုပ်တဲ့အပြင် ကာလကြာရှည်လည်း ခံတဲ့အတွက် အလုပ်များတဲ့ အမျိုးသမီးတွေအတွက် အသင့်တော်ဆုံးဖြစ်ပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Aye Thi Mon မှ ရေးသားသည်။ · 26/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement