brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

ရာသီသွေးမမှန်တာ ဒီအချက်တွေကြောင့်ပါ

အရွယ်ရောက်တဲ့ လေဒီလေးတွေအတွက် အရေးကြီးတဲ့ အချက် တစ်ခု ရှိပါတယ်။ ဒါကတော့ ရာသီသွေး ပုံမှန်ဆင်းဖို့ပါ။ ဒါမှ ခန္ဓာကိုယ်က ကျန်းမာလှပမှာပါ။ တစ်ခါတလေမှာ ရာသီသွေးက ပုံမှန်မဟုတ်တာမျိုး ခံစားရနိုင်ပါတယ်။ ဒီလို အခြေအနေမျိုးမှာ ကိုယ့်အနေနဲ့ စိတ်ပူမိတာမျိုး ရှိနိုင်ပါတယ်။ ဒီလိုဖြစ်တဲ့အခါ ဘာကြောင့် ဖြစ်ရတာလဲ ဆိုတာကို အဖြေရှာနိုင်စေဖို့ ဒီဆောင်းပါးလေးက အကူအညီပေးနိုင်မှာပါ။

ရာသီသွေးမမှန်တာ ဒီအချက်တွေကြောင့်ပါ

ရာသီသွေးမမှန်ခြင်း

အမျိုးသမီး အများစုဟာ လစဉ် ၄ ရက် ကနေ ၇ရက်တာ လောက်အထိ ရာသီသွေး ဆင်းတတ်ကြပါတယ်။ ၂၈ ရက်တိုင်းမှာ ရာသီသွေး ပေါ်လေ့ရှိကြပါတယ်။ ပုံမှန်အားဖြင့် ရာသီပေါ်ချိန် တစ်ခု နဲ့ တစ်ခုကြားမှာ ၂၁ ရက် ဒါမှမဟုတ် ၃၅ ရက်ခန့် ခြားတတ်ပါတယ်။ ပုံမှန် ရာသီစက်ဝန်းက ၂၈ ရက်ကြာ တစ်ခါ ဖြစ်ပြီးစောခဲ့ရင်လည်း ၇ ရက် နောက်ကျရင်လည်း ၇ ရက်လောက် ပါပဲ။

ဒီလို အခြေအနေမျိုးတွေ ဖြစ်မယ်ဆိုရင်တော့ ရာသီသွေး မမှန်ဘူးလို့ ဆိုရပါမယ်။

  • ၂၁ ရက် မပြည့်ခင်မှာ ထပ်တစ်ကြိမ် ရာသီသွေး ပေါ်တာ
  • ၃၅ ရက်ကျော်ကြာ ခြားပြီးမှ ရာသီသွေး ပေါ်တာ
  • ပုံမှန်ထက် ရာသီသွေး ပိုဆင်းတာ
  • ပုံမှန်ထက် နည်းပြီး ရာသီသွေးဆင်းတာ
  • ၇ ရက်ကျော် ကြာတဲ့ ရာသီသွေး ပေါ်နေတာ
  • ရာသီပေါ်ချိန်မှာ နာကျင်တာ၊ ကိုက်ခဲတာ၊ မအီမသာဖြစ်တာ၊ အော့အန်တာမျိုးတွေ ခံစားရတာ
  • ရာသီစက်ဝန်း တစ်ခုနဲ့ တစ်ခုကြားမှာ ပုံမှန်မဟုတ်ဘဲ သွေးပေါ်တာ

ရာသီသွေးမမှန်တာ ဒီအချက်တွေကြောင့်ပါ

ရာသီသွေး မမှန်တဲ့အခါ ဘာအကြောင်းကြောင့်များလဲ ဆိုပြီး စဉ်းစားရတာ တော်တော်လေး ခေါင်းခြောက်စရာပါ။ တကယ်တော့ ရာသီသွေးမမှန်တာ ဒီအချက်တွေကြောင့်ပါ။ ကိုယ်တိုင်ရော ဘယ်အချက်နဲ့ တိုက်ဆိုက်နေလဲ ဆန်းစစ်ကြည့်လိုက် ရအောင်နော်။

  • လေ့ကျင့်ခန်းတွေ အလွန်အကျွံ လုပ်တာ
  • Diet အလွန်အကျွံ လုပ်တာ
  • စိတ်ဖိစီးမှု များနေတာ
  • သန္ဓေတားဆေး တစ်ခုခု သောက်သုံးနေတာ
  • သိုင်းရွိုက် ပြဿနာ ရှိနေတာ
  • ရောဂါ တစ်ခုခု ဖြစ်နေတာ
  • Polycystic ovary syndrome (PCOS) မမျိုးဥအိမ် ရေအိတ်တည်ခြင်း ရောဂါစု ခံစားနေရတာ
  • အသက်အရွယ် ရလာတာ
  • ကိုယ်ဝန် ရှိနေတာ
  • သွေးဆုံးသွားတာ
  • သားအိမ်တွင်းထည့် သန္ဓေတားပစ္စည်း အသုံးပြုထားတာ
  • နို့ချို တိုက်ကျွေးနေရတာ
  • သားအိမ်အတွင်း နံရံ ထူနေတာ
  • အဝလွန်တာလိုမျိုး အကြောင်းအရာတွေကြောင့်လည်း ရာသီသွေး မမှန်တာမျိုး ဖြစ်နိုင်ပါတယ်။

ဒီအချက်တွေကြောင့် ရာသီသွေးမမှန်တာကို ခံစားရမယ်ဆိုရင် သေချာလေး စောင့်ကြည့်ပြီး လိုအပ်မယ်ဆိုရင် ကျန်းမာရေး စောင့်ရှောက်မှု ရယူဖို့ အကြံပြုချင်ပါတယ်။

၁လ၊ ၂လလောက် ရာသီမမှန်တာမျိုးက ဖြစ်တတ်ပါတယ်။ ဒါပေမဲ့ ၂လထက်ပိုပြီး ပုံမှန်မဟုတ်တဲ့ ‌ရာသီသွေးဆင်းတာမျိုး ဖြစ်မယ်ဆိုရင် ဆရာဝန်နဲ့ ပြဖို့ လိုပါတယ်။

သွေးဆုံးတာမျိုး ဖြစ်မယ်ဆိုရင်တော့ လိုအပ်တဲ့ ကျန်းမာရေး စောင့်ရှောက်မှုကို ခံယူပြီး အနေအထိုင် အစားအသောက် ဂရုစိုက်ဖို့ လိုပါမယ်။ (PCOS) မမျိုးဥအိမ် ရေအိတ်တည်ခြင်း ရောဂါစု နဲ့ သားအိမ်နံရံထူတာတွေအတွက်လည်း ကျန်းမာရေး စောင့်ရှောက်မှု ခံယူဖို့ လိုပါမယ်။

Hello Sayarwon Panel
Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Aye Thi Mon မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 24/05/2023 ဖြစ်ပါသည်။

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။