backup og meta

မိန်းမကိုယ်နဲ့ ပတ်သက်ပြီး တွေ့ရတတ်တဲ့ ပြဿနာတွေကို ဘယ်လိုဖြေရှင်းမလဲ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar


Hello Sayarwon Panel မှ ရေးသားသည်။ · 20/12/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    မိန်းမကိုယ်နဲ့ ပတ်သက်ပြီး တွေ့ရတတ်တဲ့ ပြဿနာတွေကို ဘယ်လိုဖြေရှင်းမလဲ

    သင့် မိန်းမကိုယ်နဲ့ ပတ်သက်လို့ ကြုံလာရနိုင်တဲ့ ပြဿနာတွေ အများကြီးပါ။ တစ်ခါတလေဆိုရင် လမ်းညွှန်စာအုပ်တောင် ရှာဖတ်ရမလိုပါပဲ။ ဒါကြောင့် ကျွမ်းကျင်နားလည်တဲ့ ပညာရှင်တွေကို မေးမြန်းပြီး ရရှိထားတဲ့ အချက်အလက်တွေကို အခြေခံကာ မိန်းမကိုယ်နဲ့ ပတ်သက်ပြီး ဖြစ်လေ့ဖြစ်ထအရှိဆုံး အခြေအနေကိုးမျိုးနဲ့ ဒီအခြေအနေတွေကို ဘယ်လိုရင်ဆိုင်ဖြေရှင်းရမလဲ ဆိုတာကို မျှဝေပေးထားပါတယ်။ ဖတ်ကြည့်ပါဦး။

    ၁။ အဖုလေးလို ဖြစ်နေတာမျိုးတွေ့ရင်

    ကိုယ့်ရဲ့ အရေးကြီးတဲ့ နေရာမှာ ဒါမျိုးတွေ့ရင် ဘယ်သူမလန့်ပဲ နေပါ့မလဲ။ မိန်းမကိုယ်မှာ အဖုလေးလို ဖြစ်နေတာ၊ အသားမှာ ဖောင်းဖောင်းလေး ဖြစ်နေတာဟာ အကြောင်းအမျိုးမျိုးကြောင့် ဖြစ်နိုင်ပေမယ့် သားဖွားမီးယပ် ဆရာဝန်တွေရဲ့ အဆိုအရ များသောအားဖြင့်တော့ ဒီလိုအခြေအနေမျိုးဟာ သိပ်ပြဿနာမရှိလို့ဘူး ဆိုပါတယ်။

    အရေပြားအပြင်ကို ထွက်လာရမယ့်အစား အတွင်းဖက်ကို ပေါက်တဲ့ အမွေးအမျှင် (မွေးကျွတ်နာ) လိုမျိုးကနေ သာမန်အဆီလုံးထိ ဖြစ်နိုင်ပါတယ်။ များသောအားဖြင့် ရေနွေးလေးနဲ့ ဆေးပေးတာ၊ ရေချိုးပေးတာဟာ အကောင်းဆုံးကုသမှုဖြစ်ပါတယ်။ ဒီအဖု/နေရာလေးကနေ နာကျင်လာတာမျိုးရှိမယ်ဆိုရင်တော့ ပိုးဝင်တာဖြစ်နိုင်တဲ့အတွက် ဆရာဝန်နဲ့ အမြန်ဆုံးပြဖို့ လိုအပ်ပါလိမ့်မယ်။

    ၂။ အနံ့အသက် မကောင်းတာ

    တကယ်လို့ သင့်ရဲ့ မိန်းမကိုယ်ကနေ ပုံမှန်မဟုတ်တဲ့ အနံ့အသက်တွေ ရတဲ့ဆိုရင်တော့ ဒါတစ်ခုခုတော့ ဖြစ်နေပါပြီ။ ဒီလိုမျိုး မူမမှန်တဲ့ အနံ့တွေရတာဟာ အကြောင်းအမျိုးမျိုးကြောင့် ဖြစ်နိုင်ပေမယ့် ဆရာဝန်နဲ့ ပြသဆွေးနွေးတာတော့ အကောင်းဆုံးဖြစ်ပါလိမ့်မယ်။ တကယ်လို့ အနံ့မကောင်းတဲ့ အရည်တွေပါ ဆင်းတယ်ဆိုရင် ဒါဟာ ဘက်တီးရီးယားပိုးဝင်တာ ဖြစ်နိုင်တဲ့ အတွက် ပဋိဇီဝဆေးတွေ သောက်ဖို့ လိုပါလိမ့်မယ်။

    နောက်ဖြစ်တတ်တဲ့ အကြောင်းရင်းတွေက ယောနိထဲမှာ ကွန်ဒုံးညပ်ပြီး ကျန်နေတာမျိုး ဒါမှမဟုတ် ရာသီလာစဉ်သုံးရတဲ့ ပစ္စည်း tampon ကို ထုတ်ဖို့မေ့နေတာ စတာတွေပဲ ဖြစ်ပါတယ်။ ဟုတ်ပါတယ်။ ဒီအချက်တွေဟာ သင်ထင်ထားတာထက်ပိုပြီး အဖြစ်များပါတယ်။ ဒီလိုမျိုးတွေ ဖြစ်မယ်ဆိုရင်တော့ ပုံမှန်မဟုတ်တဲ့ အနံ့အသက်တွေရလာမှာဖြစ်ပြီး သင့်နှာခေါင်းက သင့်ကို သတင်းပို့ပါလိမ့်မယ်။ ဒါပေမယ့် မပူပါနဲ့။ သင့်ဆရာဝန်က ဒီကိစ္စတွေကို ဖြေရှင်းပေးပါလိမ့်မယ်။

    ၃။ ရာသီချိန်မဟုတ်ဘဲ သွေးဆင်းတာ

    တစ်ခါတလေ ဖြစ်တာမျိုးဆိုရင် ဒါဟာ သင်သောက်နေတဲ့ ဆေးတမျိုးမျိုးကြောင့် ဟော်မုန်းဓာတ်အပြောင်းအလဲဖြစ်တာလို့ သတ်မှတ်နိုင်ပေမယ့် တောက်လျှောက်ကြီးဖြစ်နေပြီဆိုရင်တော့ ဒါဟာ ပိုးဝင်တာ၊ ကိုယ်ဝန်ရှိတာ ဒါမှမဟုတ် သားအိမ်ခေါင်းမှာ အလုံးဖြစ်တာ စတဲ့ အခြေအနေတွေဖြစ်နိုင်တဲ့အတွက် ဆရာဝန်နဲ့ အမြန်ဆုံးပြသဖို့ လိုပါတယ်။

    တကယ်လို့ သွေးဆင်းတာဟာ လိင်ဆက်ဆံပြီးချိန်မှာ ဖြစ်မယ် ဒါမှမဟုတ် အရည်တွေဆင်းတာပါ တွဲနေမယ်ဆိုရင် ဒါဟာ လိင်ကတဆင့်ကူးစက်တဲ့ ရောဂါတခုခုရဲ့ လက္ခဏာဖြစ်နိုင်တာမို့ ဆီးပူညောင်းကျ နဲ့ ကလာမိုင်းဒီးယား ရောဂါတွေရှိမရှိ စစ်ဆေးဖို့ လိုပါလိမ့်မယ်။ ဒီလိုမျိုး သွေးဆင်းတာဟာ အချစ်ကြမ်းပြီးချိန်မှာ တစ်ခါလောက်ဆင်းတာ ဖြစ်နိုင်သလို ဘာထူးထူးခြားခြားပြဿနာမှ မဟုတ်တာလည်း ဖြစ်နိုင်ပါတယ်။

    ၄။ ယားယံတာ

    ဘောင်းဘီထဲ တစ်ခုခုဝင်နေသလို နေမထိထိုင်မသာ ယားယံနေတာမျိုး သင်ကြုံဖူးမှာပါ။ တစ်ချိန်လုံးယားယံနေတာမျိုး (အထူးသဖြင့် အဖြူဆင်းတာနဲ့ တွဲရင်)ဟာ yeast မှိုစွဲတာ ဒါမှမဟုတ် ဘက်တီးရီးယား ပိုးဝင်တာမျိုး ဖြစ်နိုင်ပါတယ်။

    သင့်အနေနဲ့ ဆေးမျိုးစုံပြီး နည်းအမျိုးမျိုးနဲ့ ကုသပြီးချိန်ထိ ယားတာမသက်သာသေးဖူးဆိုရင်တော့ ဒါဟာ သင်သုံးနေတဲ့ အရာတစ်ခုခု (ဆပ်ပြာ၊ အမျိုးသမီးသုံး သန့်စင်ရည် ဒါမှမဟုတ် အတွင်းခံဘောင်းဘီ စသဖြင့်)နဲ့ အရေပြား ဓာတ်မတည့်တာမျိုးလည်းပဲ ဖြစ်နေနိုင်ပါတယ်။

    ၅။ အဖြူဆင်းတာ

    သင်ထင်တဲ့ အတိုင်းပါပဲ အဖြူဆင်းတယ်ဆိုတာဟာလည်း ပြဿနာ အမျိုးမျိုးဆီ ဦးတည်လာနိုင်ပါတယ်။ ဒါပေမယ့် ဒီလို အဖြူဆင်းတာဟာ လစဉ်ဖြစ်နေကျ ဆိုရင်တော့ ဒါဟာ အမျိုးသမီးအများစု ဖြစ်နေကျမို့ မစိုးရိမ်ပါနဲ့။ ပြဿနာမရှိပါဖူး။ ဒါပေမယ့် အရည်ရဲ့ အရောင်၊ အပျစ်အကျဲ နဲ့ အနံ့အသက်တွေပါ ပြောင်းလဲလာပြီဆိုရင်တော့ သင့်အိုဂျီနဲ့ သွားရောက်ပြသသင့်ပါတယ်။

    ၆။ ဆီးသွားရင် ဒါမှမဟုတ် လိင်ဆက်ဆံရင်နာကျင်တာ

    ဒီလိုနာကျင်တာမျိုးဟာ လိင်ကတဆင့် ကူးစက်တဲ့ ရောဂါတွေရဲ့ လက္ခဏာတစ်ခုဖြစ်နိုင်တဲ့အတွက် ဖြစ်နေတာ တစ်ရက်နှစ်ရက်လောက်ကြာပြီ၊ မသက်သာဘူးဆိုတာနဲ့ ဆရာဝန်ဆီပြေးသင့်ပါတယ်။ တကယ်လို့ လိင်ဆက်ဆံပြီးချိန် နာကျင်တာမျိုးဟာ တစ်ခါနှစ်ခါလောက်ပဲ ဖြစ်တာဆိုရင်တော့ မိန်းမကိုယ်ခြောက်သွေ့တာကြောင့်လည်း ဖြစ်နိုင်တာမို့ နောက်တစ်ကြိမ်မှာ ချောဆီဂျဲယ်လ်သုံးပြီး စမ်းကြည့်သင့်ပါတယ်။

    ၇။ ထုံနေတာ

    ဒါမျိုးဟာ ပုံမှန်အတိုင်းဆိုရင် ဖြစ်လေ့ဖြစ်ထ လုံးဝမရှိပါဖူး။ ဒါပေမယ့် စက်ဘီးအရမ်းစီးသူတွေ၊ စက်နဲ့ စက်ဘီးစီးတဲ့ လေ့ကျင့်ခန်း အလုပ်များသူတွေမှာတော့ ဖြစ်တတ်ပါတယ်။

    သင်က အမြဲတမ်းစက်ဘီးစီးနေရသူဆိုရင် အရည်အသွေးကောင်းပြီး သက်သောင့်သက်သာဖြစ်တဲ့ စက်ဘီးထိုင်ခုံမျိုးကို ရွေးချယ်အသုံးပြုဖို့ အကြံပေးပါရစေ။ ဆရာဝန်နဲ့ ပြဖို့လည်း မမေ့ပါနဲ့။

    ၈။ ခြောက်သွေ့တာ

    မိန်းမကိုယ်ခြောက်သွေ့တဲ့ ပြဿနာဟာ အသက်ကြီးကြီး အမျိုးသမီးတွေသာ တွေ့ရမယ့် ပြဿနာလို့ ထင်စရာပါ။ ဒါပေမယ့် တခြားအမျိုးသမီးတွေလည်း ဒီလိုအခြေအနေနဲ့ ရင်ဆိုင်ရနိုင်ပါတယ်။ ကိုယ်ဝန်ဆောင်ပြီးချိန်မှာ ဒါမှမဟုတ် antihistamine ဆေးတွေ၊ စိတ်ကျရောဂါမှာ အသုံးပြုတဲ့ဆေးတွေကို သုံးစွဲနေစဉ်မှာလည်း မိန်းမကိုယ်ခြောက်သွေ့တာနဲ့ ကြုံတွေ့ရနိုင်ပါတယ်။

    တကယ်လို့ သင့်ရဲ့ မိန်းမကိုယ်ဟာ နေရထိုင်ခက်လောက်အောင် ခြောက်သွေ့နေရင်တော့ ဂျဲယ်လ်ချောဆီတွေကို အသုံးပြုနိုင်သလို ဒါနဲ့မှ မရဘူးဆိုရင်လည်း ဆရာဝန်နဲ့ ပြသအကူအညီတောင်းနိုင်ပါတယ်။

    ၉။ မိန်းမကိုယ်အတွင်းပိုင်းထဲက နာကျင်တာ

    အထူးသဖြင့်လိင်ဆက်ဆံနေစဉ်မှာ ဒီလိုမျိုးနာကျင်တယ်ဆိုရင် ဒါဟာ သားအိမ်သွေးလုံးတည်ရောဂါ ဒါမှမဟုတ် သားဥအိမ်မှာ အရည်အိတ်တည်တာမျိုး ဖြစ်နိုင်ပါတယ်။ သင့်ဆရာဝန်အနေနဲ့ အကြောင်းရင်းခံကို ရှာဖွေဖို့အတွက် အောက်ပိုင်းကို စမ်းသပ်တာ ဒါမှမဟုတ် ultrasound ရိုက်တာတို့ကို ပြုလုပ်မှာပါ။

    မိန်းမကိုယ်နဲ့ ပတ်သက်ပြီး တွေ့ရတတ်တဲ့ ပြဿနာတွေကို ဘယ်လိုဖြေရှင်းမလဲဆိုတာကို သိလောက်ပြီ ထင်ပါတယ်။ အခုပြောပြခဲ့တဲ့ နည်းလမ်းလေးတွေက အထောက်အကူပြုပေးနိုင်မယ်လို့ ထင်ပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Kaung Thar


    Hello Sayarwon Panel မှ ရေးသားသည်။ · 20/12/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement