backup og meta

ခွဲစိတ်မှုမလိုဘဲမွေးလမ်းကြောင်းပြန်ပြင်ခြင်းအကြောင်း

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 20/12/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ခွဲစိတ်မှုမလိုဘဲမွေးလမ်းကြောင်းပြန်ပြင်ခြင်းအကြောင်း

    သင့် မွေးလမ်းကြောင်း ပုံစံ ဘယ်လို ဖြစ်နေမလဲလို့ စိတ်ထဲထင့်နေတတ်ပါသလား။ မပူပါနဲ့၊ သင်တစ်ယောက်ထဲ မဟုတ်ပါဘူး။ အမျိုးသမီး တော်တော်များများဟာ – အထူးသဖြင့် ကလေးမွေးပြီးတဲ့အခါ၊ သွေးဆုံးပြီးတဲ့အခါ – မိမိတို့ မွေးလမ်းကြောင်းပုံစံ ဘယ်လိုဖြစ်နေမလဲ စိတ်ပူတတ်ကြပါတယ်။

    ကံကောင်းစွာနဲ့ပဲ မွေးလမ်းကြောင်းပြင်ခြင်း နည်းက အမျိုးသမီးတွေ လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ပါလိမ့်မယ်။ ကဲ…… ခွဲစိတ်မှုမလိုဘဲမွေးလမ်းကြောင်းပြန်ပြင်ခြင်းအကြောင်း လေ့လာလိုက်ရအောင်နော်။

    ခွဲစိတ်မှုမလိုဘဲမွေးလမ်းကြောင်းပြန်ပြင်ခြင်းအကြောင်း

    ရေဒီယိုလှိုင်း သို့မဟုတ် ပြင်းအားနည်း လေဆာအလင်းတန်းကို သုံးကာ အမျိုးသမီးအင်္ဂါရဲ့ ငယ်ရွယ်မှုကို ပြန်လည် ဆောင်ကြဉ်းပေးခြင်း ဖြစ်တယ်။ အန္တရာယ်နည်းပြီး အလွန်ကို အာနိသင်ရှိသော နည်းဖြစ်ပါတယ်။ ဦးတည်ချက် နှစ်ခုရှိပြီး – မွေးလမ်းကြောင်း ကျဉ်းပေးတာနဲ့ မိန်းမအင်္ဂါ အရောင်ဖျော့ပေးတာ တို့ဖြစ်တယ်။

    အမျိုးသမီးတွေ အသက်ကြီးလာတာနဲ့အမျှ ကော်လဂျင်တွေ နည်းလာပြီး မွေးလမ်းကြောင်း ဆန့်ကျုံ့သတ္တိ လျော့လာပါတော့တယ်။ ကလေးမွေးခြင်းနဲ့ သိသိသာသာ အလေးချိန် ကျဆင်းသွားခြင်းတို့ဟာလည်း မွေးလမ်းကြောင်း ကျယ်သွားစေပြီး ကာမဘဝကို ကျေနပ်နှစ်သက်စရာ မကောင်းအောင် ဖြစ်သွားစေတတ်ပါတယ်။

    ထိုပြဿနာတွေအတွက် မွေးလမ်းကြောင်းပြင်သည့် နည်းကို သုံးနိုင်ပါတယ်။ မွေးလမ်းကြောင်းပြင်ခြင်းဟာ အောက်ပါ ပြဿနာတွေကို ဖြေရှင်းနိုင်ပါလိမ့်မယ်-

    • အသက်ကြီးခြင်း၊ ကလေးမွေးခြင်းတို့ကြောင့် မွေးလမ်းကြောင်း ကျယ်သွားခြင်း
    • စက်ဘီးစီးခြင်း၊ မြင်းစီးခြင်းတို့ကြောင့် နာကျင်ရောင်ရမ်းခြင်း
    • လိင်လမ်းကြောင်း ခွဲစိတ်မှု တစ်ခုခုကြောင့် အမာရွတ်ကျန်နေခြင်း
    • ဆီးမထိန်းနိုင်ခြင်း နှင့် နည်းမှန်မှန်နဲ့ မိန်းမကိုယ် ခွဲစိတ်ပြုပြင်လိုသူများအတွက်

    ဘယ်လို အလုပ်လုပ်သလဲ

    မိန်းမကိုယ်ပြင်ခြင်း ဆိုတာ အိုမင်းခြင်းကို ဆန့်ကျင်ပြီး ဆဲလ်များ ကြီးထွားဖြစ်ပေါ်ခြင်းကို အားပေးပါတယ်။ နည်းအများစုက လိုအပ်တဲ့ ဧရိယာမှာ ရေဒီယိုလှိုင်းသုံးပြီး ပြုပြင်ကြပါတယ်။ ထိုကြိမ်နှုန်း လှိုင်းတွေက မွေးလမ်းကြောင်း အပူချိန်ကို မြှင့်ပြီး ကော်လဂျင် ထွက်နှုန်း တက်စေပါတယ်။ လအနည်းငယ် ကြာနိုင်ပြီး တစ်ချိန်လျှင် ၁၀ မိနစ် ၁၅ မိနစ်ကြာနိုင်ပါတယ်။

    ယနေ့ခေတ်အခါ နာမည်ကြီးတာကတော့ Femilft နှင့် ThermiVa တို့ဖြစ်ပြီး နာကျင်မှုကင်းကာ မေ့ဆေး၊ ထုံဆေးမလိုဘဲ အပူနှင့် နှိပ်ပေးသလို ခံစားချက်မျိုးလောက်သာ ဖြစ်ပါတယ်။

    Femilft – ခွဲစိတ်စရာမလို၊ အန္တရာယ်မများဘဲ ထုံဆေး၊ မေ့ဆေးမသုံးတဲ့ မွေးလမ်းကြောင်းတစ်သျှူးများကို ပြန်လည်ပြုပြင်ပေးသောနည်းဖြစ်တယ်။ ၁၅ မိနစ်သာကြာပြီး ထမင်းစားနားချိန်မှာတောင် လုပ်လို့ရသောနည်းဖြစ်ပါတယ်။ နာကျင်မှုမရှိဘဲ ပြီးလျှင်လည်းစောင့်ဆိုင်းစရာလိုသော နည်းဖြစ်တယ်။

    ThermiVa– မိန်းမကိုယ် သို့ မွေးလမ်းကြောင်းနံရံကို thermi technology ဖြင့် အိုမင်းခြင်းကိုဆန့်ကျင်ကာ ဆဲလ်ပွားမှုလှုံဆော်ပေးသောနည်းဖြစ်တယ်။ ရေဒီယိုလှိုင်းများကို လိုအပ်သော ဧရိယာသို့ပို့ဆောင်ကာ တစ်သျူးကိုအပူပေးပြီး ကော်လဂျင်ထုတ်အောင်လှုံ့ဆောင်ပေးခြင်းဖြစ်တယ်။ အပူချိန်ကတော့ ၄၂-၄၅ ဒီဂရီဆဲလ်ဆီးယပ်စ်လောက်ဖြစ်တယ်။

    ကောင်းကျိုးဆိုးပြစ်များ

    ဖော်ပြခဲ့ပြီးတဲ့အတိုင်း မွေးလမ်းကြောင်းပြုပြင်ခြင်းဟာ သင်ငယ်ရွယ်စဉ်ကလို၊ ကလေးမမွေးမီကလို မွေးလမ်းကြောင်းကိုနုပျိုမှု၊ တင်းကြပ်မှုပြန်ပေးနိုင်ပါတယ်။ ပိုမိုလှပစေပြီး ရေကူးဝတ်စုံဝတ်စဉ်၊ ကာမပျော်မွေ့စဉ်တွေမှာ သင့်ကိုယုံကြည်မှုရှိစေပါလိမ့်မယ်။ ပိုအတိအကျပြောရမယ်ဆိုရင်-

    • မိန်းမကိုယ်ပုံပန်းသွင်ပြင်ကို တိုးတက်ကောင်းမွန်စေတယ်
    • မွေးလမ်းကြောင်းခြောက်သွေ့ခြင်း၊ သိမ်ခြင်းကို လျှော့ချပေးတယ်
    • ဆီးစိမ့်ခြင်းကိုလျှော့ချပေးတယ်
    • မွေးလမ်းကြောင်းကြွက်သားများ အလုပ်ပိုလုပ်စေတယ်
    • ကာမဆက်ဆံခြင်းကိုသာယာမှုရစေတယ်
    • မွေးလမ်းကြောင်းထိတွေ့သိရှိမှုအာရုံကို ပိုကောင်းစေတယ်
    • အဝတ်အစားကြပ်ကြပ်များမှာ သက်တောင့်သက်သာရှိစေပြီး
    • ရေကူးဝတ်စုံများနှင့်လည်း ယုံကြည်မှုရှိစေပါတယ်။

    ဒါပေမယ့် အန္တရာယ် အနည်းငယ်လည်း ရှိနိုင်ပါတယ်။ မွေးလမ်းကြောင်းဟာ တခြားသောအင်္ဂါများနှင့်နီးကပ်နေတာကြောင့် ဆီးအိတ်ထိခိုက်၊ သွေးယို၊ ပိုးဝင်သွားစေနိုင်ပါတယ်။ မွေးလမ်းကြောင်းပြင်ပြီးတဲ့အခါ သင်ရော သင့်ပါတနာပါ အဆင်ပြေသာယာနိုင်မယ့် အနေအထားပုံစံကိုလည်း စမ်းသပ်ရှာဖွေကြည့်ဖို့ လိုအပ်ပါဦးမယ်။

    မွေးလမ်းကြောင်းပြင်ခြင်းဟာ သင့်ကိုကာမဘဝမှာ သာယာမှု၊ ယုံကြည်မှုတွေ ပြန်ရစေပါတယ်။ ဒါပေမယ့် အန္တရာယ် လုံးဝ မရှိတာလည်း မဟုတ်တာကြောင့် မရွေးချယ်မီ ဆရာဝန်နဲ့သေချာဆွေးနွေးတိုင်ပင်ဖို့တော့ လိုပါလိမ့်မယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Aye Thi Mon


    Aye Thi Mon မှ ရေးသားသည်။ · 20/12/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement