backup og meta

ရာသီစောစောလာစေမယ့် နည်းလမ်း (၇) ခု

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Yun Sandi Nan Mon မှ ရေးသားသည်။ · 13/06/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ရာသီစောစောလာစေမယ့် နည်းလမ်း (၇) ခု
    မကြာခင်မှာ အရေးကြီးတဲ့ပွဲတွေရှိတယ်၊ ခရီးသွားဖို့ရှိနေတယ်၊ ရာသီလာမယ့်ရက်နဲ့ တိုက်မှာကို စိုးရိမ်နေတယ်ဆိုရင် အသုံးဝင်မယ့် နည်းလမ်းလေးတွေရှိပါတယ်။ ဒါကတော့ ရာသီစောစောလာစေမယ့် နည်းလမ်း တွေပါ။ အပေါ်မှာ ပြောခဲ့တဲ့ အခြေအနေမျိုးတွေအတွက်တင်မကဘဲ ရာသီလာတာ နောက်ကျနေသူတွေ၊ ထိမ်နေတဲ့သူတွေလည်း သုံးလို့ရပါတယ်။

    တစ်ခုတော့ရှိတာပေါ့။ ရာသီစောစောလာစေမယ့် နည်းလမ်း တွေက လူတိုင်းအတွက် အသုံးဝင်ချင်မှ ဝင်မှာပါ။ ရာသီဆိုတာက ဟော်မုန်းအပြောင်းအလဲဖြစ်ရင် တစ်လတလေ မလာတာလည်း ဖြစ်နိုင်လို့ တအားကြီး မစိုးရိမ်လည်း ရပါတယ်။ အတင်းကြီး မဖြစ်မနေ လာအောင် လုပ်စရာ မလိုပါဘူး။ အရင်ဆုံး ရာသီလာအောင် ကူညီပေးမယ့် အစားအသောက်လေးတွေ ပြောပြပေးပါမယ်။

    ရာသီစောစောလာစေမယ့် နည်းလမ်း (၇) ခု

    ရာသီစောစောလာစေမယ့် နည်းလမ်း တွေကတော့

    (၁) နာနတ်သီး

    နာနတ်သီးမှာ အက်စထရိုဂျင်နဲ့ တခြားဟော်မုန်းတွေကို သက်ရောက်မှုရှိနိုင်တဲ့ အင်ဇိုင်းတစ်မျိုး ဖြစ်တဲ့ bromelain ကြွယ်ဝပါတယ်။ လေ့လာချက်တွေအရ Bromelain က ရောင်ရမ်းမှုတွေကိုလည်း လျော့ပါးစေတယ်။ ရာသီမမှန်ဖြစ်စေတဲ့ အကြောင်းရင်း တချို့ကို နာနတ်သီးက ကူညီကုစားပေးနိုင်ပါတယ်။ ဒါ့ကြောင့် ရာသီစောလာချင်တဲ့ သူတွေရော၊ ရာသီမမှန်တဲ့ သူတွေပါ နာနတ်သီး စားပေးလို့ ရပါတယ်။

    (၂) ဗီတာမင် စီ (Vitamin C)

    ဗီတာမင် စီ ပါတဲ့ အစားအသောက်တွေ အများကြီးစားရင် ရာသီလာစေနိုင်တယ်လို့ အတော်များများက ယုံကြည်ထားကြပါတယ်။ ဒါဟာ ဗီတာမင် စီ က အက်စထရိုဂျင်နဲ့ ပရိုဂျက်စတုန်း ပမာဏ အပေါ် သက်ရောက်မှု ရှိနိုင်တာကြောင့် ဖြစ်ပါလိမ့်မယ်။ ဒီဟော်မုန်းနှစ်မျိုးလုံးက ဘယ်အချိန်မှာ ရာသီလာမလဲ ဆိုတာနဲ့ သက်ဆိုင်နေတာပါ။

    ဆေးပညာအထောက်အထား အတိအကျ မရှိပေမယ့် ခန္ဓာကိုယ်အတွက် မရှိမဖြစ် လိုအပ်တဲ့ ဓာတ်တစ်မျိုးဖြစ်တဲ့ ဗီတာမင် စီကို သင့်တင့်စွာ စားသုံးတာက အန္တရာယ် မရှိပါဘူး။ ဗီတာမင် စီ ကြွယ်ဝတာတွေက –

    • အစိမ်းရင့်ရောင် အသီးအရွက်တွေ (ဥပမာ ကိုက်လန်ရွက်)
    • အရည်ရွှမ်းအချဉ်သီးတွေ (လိမ္မော်၊ ကဗ္ဗလာသီး)
    • ဂေါ်ဖီထုပ်နွယ်ဝင်တွေ ( ပန်းဂေါ်ဖီစိမ်း)

    (၃) ချင်း

    ချင်း ကတော့ မိန်းကလေးတွေရဲ့ ရာသီစက်ဝန်းနဲ့ ပတ်သက်ရင် ဟိုအရင်တည်းက သုံးကြတဲ့ ဆေးဖက်ဝင်ပစ္စည်းပါပဲ။ ရာသီလာချိန် ကိုက်ခဲမှု လျော့ပါးစေဖို့၊သွေးသားသန့်စင်စေဖို့ ဆိုပြီး ရာသီလာချိန်မှာ ချင်းရေနွေးကြမ်း သောက်လေ့ရှိကြပါတယ်။

    အလွှာပြားလေးတွေ လှီးထားတဲ့ ချင်းကို ရေနွေးဆူဆူမှာ ခတ်ပြီး ၅ မိနစ်လောက် တည်ပါ။ အရည်ကို ယူပြီး ပျားရည် သို့မဟုတ် သကြားလေး ထည့်သောက်ပါ။

    (၄) တရုတ်နံနံ

    တရုတ်နံနံမှာ ဗီတာမင် စီ ပါဝင်မှု ပမာဏ မြင့်မားသလို သားအိမ် ကျုံ့ဆန့်နိုင်အားကို ကောင်းစေတဲ့ apiol ဓာတ်လည်း ကြွယ်ဝပါတယ်။ ဒါ့ကြောင့် တရုတ်နံနံခတ်ထားတဲ့ ဟင်းချို သို့မဟုတ် ရေနွေးကြမ်းကို သောက်ပေးသင့်ပါတယ်။

    ရေနွေးပူ တစ်ခွက်ထဲ တရုတ်နံနံခတ်၊ ၅ မိနစ်လောက်နှပ်ထားပြီး သောက်ပါ။ ဒါပေမယ့် apiol က ကိုယ်ဝန်ဆောင်တွေအတွက် မသင့်တော်တာကြောင့် ကိုယ်ရာသီမလာတာ ကိုယ်ဝန်ကြောင့်လို့ ယူဆရင် မသောက်သင့်ပါဘူး။

    (၅) ကိုယ်လက်လေ့ကျင့်ခန်း

    လေ့ကျင့်ခန်းဆိုတိုင်း အကြမ်းကြီးတွေ မလုပ်ပါနဲ့။ တချို့တွေမှာ အားစိုက်ရတဲ့ လေ့ကျင့်ခန်း အကြမ်းတွေ လုပ်တာကြောင့် ရာသီမမှန် ဖြစ်တတ်ကြလို့ပါ။ ဒါ့ကြောင့် ထိုက်သင့်သလောက် ကိုယ်လက်လှုပ်ရှားမှု၊ အားကစားလေးလုပ်ပေးတာက ဟော်မုန်းတွေကို ပုံမှန်ဖြစ်အောင် ထိန်းညှိပေးနိုင်ပြီး ရာသီစက်ဝန်းကို မှန်စေနိုင်ပါတယ်။

    (၆) ရေနွေးနဲ့ရေချိုး

    ရေနွေးနဲ့ရေချိုးတာက တောင့်တင်းနေတဲ့ ကြွက်သားတွေကို ပြေလျော့စေပြီး စိတ်ထဲက ဖိစီးမှုတွေကို သက်သာလျော့ပါးစေပါတယ်။ အနွေးဓာတ် ပေးတာကပြေလျော့စေရုံတင် မကပါဘူး။ သွေးလည်ပတ်မှုကို ကောင်းစေပြီး ရာသီစက်ဝန်းကို မြန်လာအောင် ညင်သာစွာနဲ့ ကူညီပေးပါတယ်။ ဗိုက်အောက်ပိုင်းနားကိုရေနွေးပုလင်းလေး ကပ်ပေးတာ၊ ရေနွေးအိတ် ကပ်တာလည်း ရပါတယ်။

    (၇) စိတ်ဖိစီးမှုကိုလျှော့

    စိတ်ဖိစီးမှု ပြင်းထန်နေရင် ရာသီမမှန် ဖြစ်တတ်တယ်လို့ သုတေသနတွေက တွေ့ရှိထားပါတယ်။ စိတ်ဖိစီး၊ လူပင်ပန်းနေရတဲ့ ကာလတွေမှာ ရာသီလာနောက်ကျတာ၊ ထိမ်တာတွေ ဖြစ်တတ်တယ်ဆိုရင် စိတ်ကိုဖြေလျှော့တာ အကောင်းဆုံး နည်းပါပဲ။ ယောဂကစားတာ၊ စာဖတ်တာ၊ တရားထိုင်တာ၊ သူငယ်ချင်းတွေနဲ့ တွေ့ဆုံတာလိုမျိုး စိတ်ပေါ့ပါးစေမယ့် အလုပ်တွေ လုပ်ကြည့်ပါ။

    သိထားသင့်သည့်အချက်

    ဒီနည်းလမ်းတွေက လူတိုင်းအတွက် အသုံးဝင်ချင်မှ ဝင်မှာပါ။ အထူးသဖြင့် ကိုယ်ဝန်ကြောင့် ဒါမှမဟုတ် တခြားရောဂါတစ်ခုခုကြောင့် ရာသီမလာတာဆိုရင် ဒီနည်းလမ်းတွေ သုံးလို့ မရပါဘူး။ ဒါကြောင့် ကိုယ့်ကိုယ်ကို ကိုယ်ဝန်လို့ သံသယရှိရင်၊ ရောဂါကြောင့်လို့ ထင်ရင် ဆရာဝန်နဲ့ ပြသတာ အကောင်းဆုံးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Yun Sandi Nan Mon မှ ရေးသားသည်။ · 13/06/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement