backup og meta

သမီးလေးက ရာသီမလာသေး ဘူးလား။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 07/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    သမီးလေးက ရာသီမလာသေး ဘူးလား။

    အမျိုးသမီးတွေ ဘဝမှာ ရာသီကိစ္စက နေရာတကာ ပါနေတာပါ။ အပျိုအရွယ်မှာ ရာသီမလာသေးလို့၊ ရာသီလာတာစောလို့၊ နောက်ကျတာကစလို့ ရာသီမမှန်တာ၊ သွေးဆင်းများတာ၊ နည်းတာ၊ ရာသီလာခါနီးရင် စိတ်တိုတာ၊ လာနေတဲ့အချိန် ကယိကထများတာ၊ ထိန်သွားတာ၊ နောက်ဆုံး သွေးဆုံးသွားတာ စသဖြင့် စုံလို့ပါပဲ။ ဘဝမှာ ရာသီစလာကတည်းက တစ်လ တစ်ခါ သူနဲ့ အလုပ်များရပေါင်းလည်း မနည်းပါဘူး။ ခုလည်း သမီးက အပျိုအရွယ်ရောက်နေပြီ။ ရာသီမလာသေး တဲ့ ပြဿနာပါ။

    မေမေတွေကတော့ သမီးလေးက ကလေးစိတ်မှ မကုန်သေးတာ။ သူ့ဟာသူနေပါစေ ဆိုပေမယ့် အရွယ်တစ်ခုရောက်တဲ့အထိ ရာသီမလာဘူးဆိုရင် ဒါပြဿနာပါ။ သဘာဝဟာ သဘာဝပါပဲ။ ကလေးစိတ်မကုန်သေးတာ ပြဿနာ မဟုတ်ပေမယ့် လာရမယ့် အချိန်မှာ မလာတာ ပြဿနာပါ။

    ဆေးပညာအရ အပျိုလေးတစ်ယောက် ရာသီမလာသေး တာကို primary amenorrhoeaလို့ ခေါ်ပါတယ်။ အသက်နဲ့ အတိအကျ ပြောမယ်ဆိုရင် ၁၆နှစ် ပြည့်တဲ့ အထိ ရာသီမလာသေးတာပေါ့။ ဒါပေမယ့် သူ့မှာ တခြားဖွံ့ဖြိုးမှုတွေ ဖြစ်တဲ့ ရင်သားစူထွက်လာတာ၊ ဆီးခုံမွေးတွေ၊ ချိုင်းမွေးတွေ ပေါက်လာတာမျိုးတော့ ရှိရပါမယ်။ ဒါဟာ ဟော်မုန်းအပြောင်းအလဲကြောင့် ထွက်လာတာဖြစ်လို့ ရာသီလာဖို့ မျှော်လင့်ထားလို့ရပါတယ်။

    နောက်တစ်မျိုးကတော့ ကလေးမလေးက အသက်က ၁၄နှစ်ရှိပြီ။ ခုနကပြောတဲ့ ရင်သားစူတာ၊ အမွေးတွေပေါက်တာလည်း မရှိဘူးဆိုရင်တော့ ရာသီလာဖို့ သိပ်မမှန်းနိုင်ပါဘူး။

    ဒီတော့ ပြန်ချုပ်မယ်ဆိုရင် ကလေးမလေးတစ်ယောက် တခြားဖွံ့ဖြိုးမှုတွေရှိတယ်၊ ၁၆နှစ်ထိမှ ရာသီမလာဘူးဆိုရင် primary amenorrhoea၊ ၁၄နှစ်အထိ တခြားဖွံ့ဖြိုးမှုတွေလည်း မရှိဘူး၊ ရာသီလည်း မလာဘူးဆိုရင်လည်း primary amenorrhoea ပါပဲ။

    သမီးလေးက ဘာလို့ရာသီမလာသေးတာလဲ။

    ဒါက ခြုံပြောမယ်ဆိုရင် မိန်းမကိုယ်ဖွံ့ဖြိုးမှု ပြဿနာ၊ ဟော်မုန်းပြဿနာ၊ မျိုးဗီဇပြဿနာရယ်လို့ ခွဲပြောလို့ ရပါတယ်။

  • မိန်းမကိုယ်ဖွံ့ဖြိုးမှု ပြဿနာ
  • ကလေးမလေးရဲ့ သားအိမ်တွေ၊ မွေးလမ်းကြောင်းတွေက တစ်ဝက်တစ်ပျက် ဒါမှမဟုတ် လုံးဝဖွံ့ဖြိုးခြင်း မရှိတာပါ။ တခြား အမျိုးသမီး အင်္ဂါရပ်တွေနဲ့တော့ ပြည့်စုံပါတယ်။ ဒါကို Mullerian agenesisလို့ ခေါ်ပါတယ်။ အပျိုလေးတွေ ရာသီမလာရခြင်းရဲ့ ၁၀ ရာခိုင်နှုန်းက သူ့ကြောင့်ပါ။

    တစ်ခါတစ်လေ ရာသီတော့ လာပါရဲ့။ အပျိုမြှေးက ထူလွန်းလို့ သွေးတွေက အောက်ကို မဆင်းနိုင်ဘဲ အထဲမှာ အောင်းနေတာ၊ မိန်းမကိုယ်မှာ ကန့်လန့်နံရံခံနေလို့ သွေးတွေ အောက်ကို မဆင်းနိုင်တာလည်း ရှိပါတယ်။ ဒါမျိုးဆိုရင်တော့ ကလေးက တစ်လ တစ်ခါ ရာသီလာတယ်။ ဒါပေမယ့် အောက်ကို သွေးမဆင်းတဲ့ အတွက် ဗိုက်ဖောင်းလာတာ၊ ဗိုက်အောင့်လာတာမျိုး ခံစားရနိုင်ပါတယ်။

    • ဟော်မုန်းပြဿနာ

    ဟော်မုန်း ပြဿနာတွေမှာ ဆိုရင်

    • FSHပမာဏများနေတာ

    FSHဆိုတာ မျိုးဥကြွေအောင် လုပ်ပေးတဲ့ ဟော်မုန်းပါ။ အမျိုးသမီးတွေရဲ့ ရာသီစက်ဝန်းအတွက် အရေးကြီး ဟော်မုန်းပေါ့။ သူထွက်လာရင် သားဥအိမ်ကို လှုံ့ဆော်ပြီး မျိုးဥကြွေအောင် လုပ်ပေးပါတယ်။ အပြန်အလှန်အနေနဲ့ သားဥအိမ်က ဟော်မုန်းတွေ ထုတ်ပြီး FSHတွေ များမလာအောင် ထိန်းပေးပါတယ်။ သူများလာတယ်ဆိုတဲ့ သဘောက သားဥအိမ်က ဟော်မုန်း မထုတ်လို့ပါ။ တစ်နည်းအားဖြင့် သားဥအိမ် အလုပ်မလုပ်လို့ပါပဲ။

    • ပရိုလက်တင် ဟော်မုန်းများနေတာ

    ပရိုလက်တင်ဆိုတာ ဦးနှောက်ထဲမှာ ရှိတဲ့ ပီကျူထရီကျိတ်ကနေ ထုတ်ပေးလိုက်တဲ့ ဟော်မုန်းဖြစ်ပြီး မျိုးပွားခြင်းကိစ္စရပ်တွေမှာ ပါဝင်ပါတယ်။ သူသိပ်များလာရင် GnRHဆိုတဲ့ ဟော်မုန်းနည်းလာပြီး မျိုးပွားအင်္ဂါတွေ အလုပ်လုပ်နိုင်စွမ်း လျှော့နည်းသွားပါတယ်။

    • ဟိုက်ပိုသဲလမက် (Hypothalamus) ရောဂါများ

    Hypothalamus ဆိုတာ ဟော်မုန်းတွေရဲ့ ခေါင်းဆောင်ပါ။ သူ့မှာ ရောဂါတစ်ခုခုဖြစ်လို့ ဟော်မုန်းတွေ မထုတ်နိုင်တော့ဘူးဆိုရင် ရာသီမလာတာ အပါအဝင် တခြား ဟော်မုန်း ပြဿနာတွေပါ ကြုံရမှာပါ။

    • မျိုးဗီဇပြဿနာ

    မျိုးဗီဇပြဿနာထဲမှာဆိုရင်တော့

    • Turner syndrome

    ဒီရောဂါမှာ အမျိုးသမီး ခရိုမိုဆုမ်း ဖြစ်တဲ့ X တစ်ခု ဒါမှမဟုတ် နှစ်ခုလုံး ပျောက်နေနိုင်တာ ဖြစ်ပါတယ်။ ဒါပေမယ့် အမျိုးသမီးတစ်ယောက်လိုပဲ ပုံပန်းသွင်ပြင်ရှိပြီး သာမန်လူတစ်ယောက်လို နေနိုင်ပါတယ်။ အရွယ်ရောက်လို့ ရာသီမပေါ်လို့ စစ်ဆေးကြည့်မိတော့မှ ဒီပြဿနာ ရှိမှန်း သိတာပါ။

    ကြုံခဲ့ဖူးတာ တစ်ခုက ကလေးမလေးက ဘွဲ့ရပညာတတ်လေးပါ။ သူကြည့်တော့လည်း သာမန်ပါ။ အိမ်ထောင်ပြုခါနီး ရာသီတစ်ခါမှ မလာလို့ နောက်ပိုင်း ကိုယ်ဝန်ဆောင်ဖို့ အခက်အခဲရှိမှာစိုးလို့ စစ်ရာကနေ မျိုးဗီဇပြဿနာ Turner syndrome ရှိနေမှန်း သိရတာပါ။

    • သားဥအိမ် ရေအိတ်တည်ခြင်း ပြဿနာ (PCOS)

    ဒါကတော့ တော်တော်များများ သိကြမှာပါ။ အမျိုးသမီးဖြစ်ပေမယ့် အမျိုးသားဟော်မုန်း အန်ဒရိုဂျင်များနေတာပါ။ ရောဂါအနေအထားပေါ်လိုက်ပြီး ရာသီလုံးဝမလာတာကနေ ရာသီမမှန်တာအထိ ဖြစ်တတ်ပါတယ်။ အဖြစ်များတဲ့ မျိုးပွားခြင်းဆိုင်ရာ၊ ဟော်မုန်းဆိုင်ရာ ပြဿနာ တစ်ခုပါပဲ။ ရာသီမလာတာအပြင် တခြားလက္ခဏာတွေဖြစ်တဲ့ အဝလွန်တာ၊ အမွေးအမျှင်များတာ၊ အင်ဆူလင် ခံနိုင်ရည်ရှိပြီးသွေးတွင်းသကြားဓာတ်များနေတာ စတဲ့ ပြဿနာတွေလည်း ရှိပါတယ်။

    • တခြား အကြောင်းအရင်းများ

    အပျိုလေး တစ်ယောက်မှာ ရာသီမလာစေ၊ ရာသီနောက်ကျစေတဲ့ တခြားအကြောင်းတွေကတော့

    -စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ စိတ်ဖိစီးမှုများတာ

    -လေ့ကျင့်ခန်း အပြင်းအထန်လုပ်တာ

    -အာဟာရချို့တဲ့တာ

    -နာတာရှည်ရောဂါတစ်ခုခုရှိနေတာ

    -မိသားစုမျိုးရိုးကိုက ရာသီနောက်ကျတဲ့ မျိုးရိုး ဖြစ်နေတာ စတာတွေလည်း ဖြစ်နိုင်ပါတယ်။

    မေမေတွေကို မှာချင်တာက အပျိုအရွယ်သမီးလေးက ရာသီလာရမယ့်အရွယ်မှာ မလာရင် သားဖွားမီးယပ်ဆရာဝန်နဲ့ ဆွေးနွေးဖို့ လိုပါမယ်။ သွေးဆေးတွေ၊ အပုပ်ကျဆေးတွေ၊ ချပ်ဆေးတွေနဲ့ အိမ်မှာ ကုမနေစေချင်ပါဘူး။ ရာသီလာသွားစေချင်တာထက် နောက်ခံအကြောင်းအရင်းကို ရှာပြီး ကုဖို့က လိုရင်းပါပဲ။

     

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 07/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement