backup og meta

သွေးဆုံးချိန်နဲ့ ဟော်မုန်း အစားထိုး ကုသမှု

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 16/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    သွေးဆုံးချိန်နဲ့ ဟော်မုန်း အစားထိုး ကုသမှု

    သွေးဆုံးချိန်မှာ အရင်က ရှိခဲ့တဲ့ အီစထရိုဂျင်နဲ့ ပရိုဂျက်စတုန်း ဟော်မုန်းတွေ နည်းသွားတဲ့အတွက် သွေးဆုံးကိုင် ဝေဒနာတွေကို ခံစားရတတ်ပါတယ်။ သာမန်အားဖြင့်တော့ သွေးဆုံးကိုင် ဝေဒနာတွေက lifestyle modification လို့ ခေါ်တဲ့ နေထိုင်စားသောက်မှုပုံစံ ပြောင်းရုံနဲ့ သက်သာလာတတ်ကြပါတယ်။ ဒါပေမယ့် ကိုယ်က သူများနဲ့မတူဘဲ သွေးဆုံးကိုင် လက္ခဏာတွေကို မခံစားနိုင်တော့ဘူးဆိုရင် ဟော်မုန်း အစားထိုး ကုသမှုကို ခံယူနိုင်ပါတယ်။ ဒီနေရာမှာ စဉ်းစားရမှာက ကိုယ်က ဟော်မုန်းအစားထိုးဖို့ လိုတဲ့သူလား။ ဘာနည်းလမ်းတွေ ရှိလဲ။ ဘေးထွက်ဆိုးကျိုး ဘာတွေ ရှိနိုင်လဲ စတာတွေကို ကြိုတွေးထားဖို့ လိုပါတယ်။ ဒီတစ်ခေါက်တော့ သွေးဆုံးချိန်နဲ့ ဟော်မုန်း အစားထိုး ကုသမှု အကြောင်းလေး ပြောပြပေးချင်ပါတယ်။

    ဘယ်သူတွေ ဟော်မုန်းအစားထိုး ခံယူသင့်သလဲ။ 

    ကောင်းကျိုး၊ ဆိုးကျိုးတွေ ရှိနေပေမယ့်လည်း သွေးဆုံးကိုင်လက္ခဏာတွေကို ကုသတဲ့နေရာမှာ အီစထရိုဂျင်က အကောင်းဆုံးပါပဲ။ ဟော်မုန်းအစားထိုး ကုသမှု ခံယူသင့်တဲ့သူကတော့

  • လူလည်း ကျန်းမာတယ်။ ဒါပေမယ့် သွေးဆုံးကိုင်လက္ခဏာတွေကို သူများနဲ့ မတူဘဲ ပြင်းပြင်းထန်ထန် ခံစားနေရတယ်။
  • အရိုးသိပ်သည်းဆ နည်းနေပြီး တခြား ကုသမှုနည်းလမ်းတွေနဲ့လည်း အဆင်မပြေဘူးဆိုရင်
  • အသက် ၄၀ မတိုင်ခင်မှာ သွေးဆုံးသွားတယ် ဒါမှမဟုတ် အသက် ၄၀ မတိုင်ခင်မှာ သားဥအိမ်က ဟော်မုန်း မထုတ်တော့ဘူးဆိုရင် ဟော်မုန်း အစားထိုး ကုသဖို့ကို စဉ်းစားသင့်ပါတယ်။
  • ဒီလို အရွယ်မတိုင်ခင်မှာ သွေးဆုံးသွားတဲ့သူတွေ၊ အကြောင်းအမျိုးမျိုးကြောင့် သားဥအိမ် ထုတ်လိုက်ရလို့ ဟော်မုန်း မထွက်တော့တဲ့သူတွေက အီစထရိုဂျင် အစားထိုး ကုသမှု မခံယူဘူးဆိုရင် နောက်ပိုင်းမှာ

    • ငယ်ငယ်ရွယ်ရွယ်နဲ့ အရိုးပွတာ
    • နှလုံးရောဂါ
    • အရွယ်မတိုင်ခင် သေတာ
    • ပါကင်ဆန်လို ရောဂါမျိုး ဖြစ်တာ
    • စိတ်ပူပန်တာ၊ စိတ်ကျတာ စတာတွေ ဖြစ်လာနိုင်ပါတယ်။

    ဒါကြောင့် အရွယ်မတိုင်ခင် သွေးဆုံးတဲ့သူတွေမှာဆိုရင် ဟော်မုန်းအစားထိုး ကုသမှု ခံယူတာက ကောင်းကျိုး ပိုများပါတယ်။ အရင်ဆုံးသမှုခံယူမယ်လို့ စဉ်းစားထားရင် အရင်ဆုံး ဆရာဝန်နဲ့ တိုင်ပင်ပါ။

    ဟော်မုန်း အစားထိုး ကုသမှု အမျိုးအစားများ

    • အီစထရိုဂျင် သီးသန့်

    သားအိမ် ထုတ်ထားတယ် ဒါမှမဟုတ် သားဥအိမ် နှစ်ဖက်လုံး ထုတ်ထားတယ်ဆိုရင် အီစထရိုဂျင် သီးသန့်ကို ပမာဏ နည်းနည်း သုံးပေးနိုင်ပါတယ်။ သောက်ဆေး၊ အရေပြား ကပ်ခွာ၊ အရေပြား လိမ်းဆေး၊ မိန်းမကိုယ်ထဲထည့်တဲ့ ကရင်မ်၊ ကွင်း စသဖြင့် ပုံစံ မျိုးစုံနဲ့ လာပါတယ်။ ကိုယ်နဲ့ အဆင်ပြေရာကို ဆရာဝန်နဲ့ တိုင်ပင်ပြီး သုံးနိုင်ပါတယ်။

    • ပေါင်းစပ် ဟော်မုန်း ကုသမှု

    အီစထရိုဂျင်နဲ့ ပရိုဂျက်စတုန်း နှစ်မျိုး ပေါင်းထားတာပါ။ သားအိမ်မထုတ်ထားတဲ့ အမျိုးသမီးတွေအတွက် ပိုပြီး သင့်တော်ပါတယ်။ အီစထရိုဂျင်က သားအိမ်နဲရဲကို ထူစေတဲ့အတွက် ကြာလာရင် သားအိမ်ကင်ဆာ ဖြစ်လာနိုင်တဲ့အတွက် ပရိုဂျက်စတုန်းနဲ့ ပေါင်းပေးတာပါ။ ဒါ့ပြင် ပရိုဂျက်စတုန်းက သွေးဆုံးကိုင် လက္ခဏာတွေ ဖြစ်တဲ့ ကျောပူ ရင်ပူ ထတာကို သက်သာစေပါတယ်။

    ဘယ်သူတွေ ဟော်မုန်း အစားထိုး ကုသမှု မခံယူသင့်ဘူးလဲ။

    • သွေးခဲတတ်တဲ့ ပြဿနာ ရှိသူတွေ
    • ကင်ဆာ ရောဂါဖြစ်ဖူးသူ/ ရှိသူ (ဥပမာ ရင်သားကင်ဆာသားအိမ်ကင်ဆာသားဥအိမ်ကင်ဆာ)
    • နှလုံးရောဂါ သို့မဟုတ် အသည်းရောဂါ
    • နှလုံး သွေးကြောကျဉ်း ရောဂါ
    • ကိုယ်ဝန်ရှိသူ သို့မဟုတ် ကိုယ်ဝန်ရှိတယ်လို့ သံသယရှိရင်
    • လေဖြတ်ဖူးရင်
    • အကြောင်းရင်း မရှိဘဲ မိန်းမကိုယ်က သွေးဆင်းရင်

    ဟော်မုန်း အစားထိုး ကုသမှုရဲ့ ဘေးထွက်ဆိုးကျိုးများ

    သာမန် အပရိက လက္ခဏာတွေကတော့

    • အစာမကြေတာ
    • ရင်သားတွေ တင်းပြီး နာတာ
    • ခေါင်းကိုက်တာ
    • စိတ်အတက်အကျ မြန်တာ
    • ပျို့တာ
    • မိန်းမကိုယ်က သွေးဆင်းတာတွေပဲ ဖြစ်ပါတယ်။

    ရေရှည်ကုသမှု ခံယူမယ်ဆိုရင်

    ဒါက လူတိုင်းဖြစ်မှာတော့ မဟုတ်ပါဘူး။ သွေးဆုံးပြီး ၁၀နှစ်၊ နှစ်၂၀ကျော်မှ ဟော်မုန်းကုသမှု ခံယူသူတွေ၊ အသက် ၆၀ ကျော်မှ ကုသမှု ခံယူသူတွေက ပိုပြီး ဖြစ်နိုင်ချေ များပါတယ်။ သွေးဆုံပြီး ၁၀နှစ် အတွင်း ကုသမှု ခံယူသူ၊ အသက် ၆၀မတိုင်ခင် ကုသမှု ခံယူသူကတော့ ဆိုးကျိုးထက် ကောင်းကျိုးက ပိုများပါတယ်။

    တခြား နည်းလမ်းများ

    ဟော်မုန်းအစားထိုး ကုသတယ်ဆိုတာ ရေတိုပဲ အဆင်ပြေပါတယ်။ ရေရှည်ကျရင် ဘေးထွက်ဆိုးကျိုးတွေ များလာပါလိမ့်မယ်။ ဒါကြောင့် အချိန်တိုတိုနဲ့ မြန်မြန်သက်သာလာဖို့ အောက်က စားသောက်နေထိုင်မှု ပြောင်းလဲတာတွေကို တွဲလုပ်ပေးပါ။ ဒီနည်းလမ်းတွက သွေးဆုံးပြီးလို့ ဟော်မုန်း ကုသမှု လုပ်လုပ် မလုပ်လုပ် လိုက်နာသင့်တဲ့ အချက်တွေပဲ ဖြစ်ပါတယ်။ ဒါမှ သွေးဆုံးကိုင်လက္ခဏာတွေ မြန်မြန် သက်သာလာမှာပါ။ ဒါတွေကတော့

    • လေ့ကျင့်ခန်း လုပ်ပါ။
    • အာဟာရပြည့်ဝအောင် စားပါ။
    • ကိုယ်အလေးချိန်ထိန်းပါ။
    • ဆေးလိပ်မသောက်ပါနဲ့။
    • အရက်လျှော့ပါ။
    • စိတ်ဖိစီးမှု မခံပါနဲ့။
    • ရောဂါအခံရှိရင် ကောင်းကောင်းထိန်းပါ။ ဥပမာ ဆီးချို၊ သွေးတိုး
    • ကျောပူ ရင်ပူ သက်သာဖို့အတွက် အေးတဲ့ နေရာမှာ နေပါ။ ကဖင်းပါတာတွေ လျှော့ပါ။
    • မိန်းမကိုယ်ခြောက်သွေ့လို့ လိင်ဆက်ဆံစဉ် နာကျင်ရင် မိန်းမကိုယ် အစိုဓာတ်ထိန်းကရင်မ် ဒါမှမဟုတ် ချောဆီသုံးပါ။

    အကြံပြုရရင်တော့ သွေးဆုံးတဲ့ အမျိုးသမီးတိုင်း ဟော်မုန်း အစားထိုး ကုသစရာ မလိုပါဘူး။ သာမန် စားသောက်နေထိုင်မှု ပြောင်းလဲတာနဲ့တင် သက်သာလာကြပါတယ်။ ဟော်မုန်းကုသမှု ခံယူဖို့ တွေးထားရင် ဆရာဝန်နဲ့ တိုင်ပင်ပါ။ ကောင်းကျိုး၊ ဆိုးကျိုးကို ချိန်ဆပါ။ ကုသမှု ခံယူတယ်ဆိုရင်လည်း မြန်မြန်သက်သာအောင် အပေါ်က နည်းလမ်းတွေ လိုက်နာပါ။ ဘေးထွက်ဆိုးကျိုးတွေကို စစ်ဆေးဖို့ ဆရာဝန်နဲ့ ရက်ချိန်း မှန်မှန်ပြပါ။ သွေးဆုံးချိန်နဲ့ ဟော်မုန်း အစားထိုး ကုသမှု အကြောင်း သိရှိလောက်ပြီ ထင်ပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Aye Thi Mon


    Aye Thi Mon မှ ရေးသားသည်။ · 16/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement