backup og meta

သင့်မှာ မဟော်မုန်းနည်းနေလား၊ ဘယ်လိုသိနိုင်မလဲ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Ye Myo Myat မှ ရေးသားသည်။ · 15/11/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    သင့်မှာ မဟော်မုန်းနည်းနေလား၊ ဘယ်လိုသိနိုင်မလဲ

    သင့်မှာ မဟော်မုန်းနည်းနေလား၊ ဘယ်လိုသိနိုင်မလဲ ဆိုတာကို ဆောင်းပါးလေးထဲမှာ ဖတ်ကြည့်လိုက်ရအောင်နော်။

    မဟော်မုန်းဆိုတာ ဘာလဲ။

    အမျိုးသမီးတစ်ယောက် ကိုယ်ခန္ဓာဖွံ့ဖြိုးမှုနဲ့ ကျန်းမာရေးအတွက် ကိုယ်ခန္ဓာကနေ မဟော်မုန်းတွေ ကို အများအပြား ထုတ်လွှတ်ပေးရပါတယ်။ အမျိုးသမီးတွေအတွက် မရှိမဖြစ် အဓိကအကျိုးပြု မဟော်မုန်းကတော့ အက်စထရိုဂျင်ဟော်မုန်းပါပဲ။ ဒီဟော်မုန်းက အပျိုဖော်ဝင်စကနေ အသက် ၄၀ မတိုင်ခင်အထိ ပုံမှန်ထုတ်လွှတ်ပေးနေပြီး အဲ့ဒီနောက်ပိုင်းမှာ ဟော်မုန်းထုတ်လွှတ်နှုန်းက ကျဆင်းသွားပါတယ်။

    မဟော်မုန်းရဲ့ လုပ်ဆောင်ချက်တွေက ဘာလဲ။

    • အမျိုးသမီးများရဲ့ ရင်သားကို ကြီးထွားလာစေခြင်း

    • အရိုးအားကောင်းစေခြင်း

    • ခန္ဓာကိုယ်ရဲ့ ဇီဝကမ္မပြောင်းလဲမှုဖြစ်စဉ်များကို ပုံမှန်လည်ပတ်အလုပ်လုပ်စေခြင်း

    • ကိုယ်အလေးချိန်ကို ထိန်းညှိပေးခြင်း

    မိန်းမကိုယ် ကျန်းမာစေခြင်း

    • လိင်စိတ်ဆန္ဒကို မြှင့်တင်ပေးခြင်း စတဲ့နေရာတွေမှာ ကူညီပေးပါတယ်။ အမျိုးသမီးတစ်ယောက် အပျိုဖော်ဝင်ကာစအရွယ်ကနေ အသက်ကြီးတဲ့အထိ မဟော်မုန်းတွေကို အဆက်မပြတ်ထုတ်လုပ်ပေးနေပြီး ဘဝသက်တမ်းတစ်လျှောက်လုံးမှာ ကျန်းမာစေဖို့ ကူညီပံ့ပိုးပေးပါတယ်။

    သင့်မှာ မဟော်မုန်းနည်းနေလား၊ ဘယ်လိုသိနိုင်မလဲ

    အတွေ့များတဲ့ လက္ခဏာတွေကတော့

    • မိန်းမကိုယ်မှ စိုစွတ်မှုနည်းသွားပြီး ခြောက်သွေ့လာခြင်း

    လိင်ဆက်ဆံစဉ် အလွန်အမင်း နာကျင်ခြင်း

    • ရာသီလာချိန် ပုံမှန်မဟုတ်ခြင်း သို့မဟုတ် ရာသီထိမ်သွားခြင်း

    စိတ်ခံစားချက် အပြောင်းအလဲမြန်ခြင်း

    • ဆီးလမ်းကြောင်း ခြောက်သွေ့ပြီး ပိုးဝင်ရန်လွယ်ကူသွားခြင်း

    • ရုတ်တရက် အချမ်းတက်ခြင်း

    • ရင်သားက ပျော့တွဲလာခြင်း

    ခေါင်းကိုက်ဝေဒနာ ပိုပြင်းထန်လာခြင်း

    • စိတ်ဓာတ်ကျခြင်း

    • အာရုံစူးစိုက်မရခြင်း

    • မောပန်းပြီး အားမရှိခြင်း

    • အရိုးအဆစ်များ ကျိုးပဲ့ပျက်စီးရန် လွယ်ကူလာခြင်း၊ အရိုးအားနည်းခြင်း စတာတွေကို တွေ့ရနိုင်ပါတယ်။

    ဘာကြောင့် မဟော်မုန်းတွေ နည်းလာတာလဲ။

    အက်စထရိုဂျင်ဆိုတဲ့ မဟော်မုန်းတွေကို Ovaries လို့ခေါ်တဲ့ မမျိုးဥအိမ်ကနေ အဓိက ထုတ်လွှတ်ပေးပါတယ်။ ဒီမမျိုးဥအိမ်မှာ ပြဿနာတစ်စုံတစ်ရာ ဖြစ်လာတဲ့အခါ မဟော်မုန်းထုတ်လွှတ်ခြင်းကို နှောင့်နှေးသွားစေနိုင်ပါတယ်။

    အသက်ငယ်သေးတဲ့ အမျိုးသမီးတွေမှာဆိုရင်

    လေ့ကျင့်ခန်းကို အပြင်းအထန်လုပ်ခြင်း

    • စားသောက်မှုပုံစံ မမှန်တဲ့ စိတ်ဝေဒနာ

    • Pituitary Gland က ပုံမှန်အလုပ်မလုပ်နိုင်တာ

    မျိုးရိုးဗီဇကြောင့် မွေးကတည်းက မမျိုးဥအိမ် ချို့ယွင်းနေတာ

    • ပြင်းထန် ကျောက်ကပ်ရောဂါကြောင့် မဟော်မုန်း နည်းတတ်ပါတယ်။

    အသက် ၄၀ နှင့်အထက် အမျိုးသမီးတွေမှာ သွေးဆုံးချိန်နှင့် နီးကပ်လာတာနဲ့အမျှ မဟော်မုန်းတွေ နည်းလာတတ်ပါတယ်။ ဒီလိုကာလကို သွေးဆုံးခါနီး အစောပိုင်းကာလ (Perimenopause) လို့လည်း ခေါ်ပါတယ်။ ဒီကာလအတွင်းမှာ မမျိုးဥအိမ်က အက်စထရိုဂျင်ဟော်မုန်းတွေကို ထုတ်လုပ်နေသေးတဲ့တိုင်အောင် ငယ်ရွယ်စဉ်ကာလနဲ့ ယှဉ်လိုက်ရင် ထုတ်လုပ်တဲ့ ပမာဏ အရမ်းကို နည်းသွားပါတယ်။ သွေးဆုံးပြီးသွားတဲ့အချိန်မှာတော့ ကိုယ်ခန္ဓာက မဟော်မုန်းထုတ်လုပ်ခြင်း ရပ်တန့်သွားပါတယ်။

    ဘယ်လိုအမျိုးသမီးတွေမှာ မဟော်မုန်းပိုနည်းနိုင်လဲ။

    ဖြစ်နိုင်ခြေအများဆုံးလို့ သတ်မှတ်လို့ ရတဲ့ အခြေအနေတွေကတော့

    • အသက် ၄၀နောက်ပိုင်း အမျိုးသမီးတွေ

    မမျိုးဥအိမ်မှာ ရေအိတ်တည်တတ်တဲ့ ရောဂါ

    • မိခင်မျိုးရိုးမှာ ဟော်မုန်းမျှခြေ ပျက်ယွင်းနေတဲ့ ဗီဇပါနေတာ

    • စားသောက်ပုံ မမှန်တာ

    • Diet ကြောင့် အစားရွေးလွန်းတာ

    • လေ့ကျင့်ခန်း အပြင်းအထန်လုပ်တာ

    • Pituitary Gland မှာ ချို့ယွင်းချက်ရှိနေတဲ့ အမျိုးသမီးတွေမှာ ပုံမှန်ထက် မဟော်မုန်းပိုနည်းနိုင်ပါတယ်။

    ဒါကြောင့် အထက်မှာပြောပြခဲ့တဲ့ လက္ခဏာတွေ ခံစားနေရပြီလို့ ကိုယ့်ကိုယ်ကိုယ် သံသယရှိတယ်ဆိုရင် ဆရာဝန်နဲ့ အမြန်ဆုံးပြသကြည့်သင့်ပါတယ်။ မိဘမျိုးရိုးမှာ ခံစားခဲ့ရဖူးတဲ့ ကျန်းမာရေးပြဿနာတွေ၊ ကိုယ့်ရဲ့ ရာသီလာချိန် ပုံမှန်ရှိခြင်း၊ မရှိခြင်းကို မေးမြန်းပြီး ကိုယ့်ရဲ့ ရောဂါလက္ခဏာနဲ့ အရင်ဆုံးတိုက်ကြည့်မှာဖြစ်ပါတယ်။ နောက်ဆက်တွဲအနေနဲ့ မဟော်မုန်းပမာဏကို သွေးဖောက်ထုတ်ပြီး တိုင်းထွာစစ်ဆေးဖို့ လိုအပ်ပါတယ်။

    မဟော်မုန်းနည်းတယ်ဆိုတဲ့ ဆေးစစ်ချက်အဖြေလွှာ ထွက်ရှိလာပြီဆိုတာနဲ့ ကိုယ့်ရဲ့ အခြေအနေပေါ် မူတည်ပြီး ဆရာဝန်က သင့်လျော်မယ့် ကုသမှုနည်းလမ်းများကို ပြောပြပေးမှာ ဖြစ်ပါတယ်။ ဒီနည်းလမ်းတွေထဲမှာ ဟော်မုန်းအစားထိုးကုသတဲ့ သောက်ဆေး၊ လိမ်းဆေး၊ မိန်းမကိုယ်တွင်းထည့်ဆေး၊ ထိုးဆေးတွေ ပါဝင်ပါတယ်။ များသောအားဖြင့် ဟော်မုန်းအစားထိုးကုသမှု ပြီးသွားဖို့ အချိန် တစ်နှစ်မှ နှစ်နှစ်ထိ ကြာနိုင်ပြီး ဒီ့ထက်ပိုကြာနိုင်တာမျိုးလည်း ရှိပါတယ်။ သွေးဆုံးခါနီး အမျိုးသမီးတွေဆိုရင်တော့ သွေးဆုံးနေစဉ် ဝေဒနာသက်သာစေဖို့ ကုသမှုဆက်လက်ခံယူတာမျိုး လုပ်ပေးနိုင်ပါတယ်။

    မဟော်မုန်းနည်းခြင်းဟာ အမျိုးသမီးတွေရဲ့ ဘဝမှာ အဓိကပြဿနာတွေ ဖြစ်တဲ့ အရိုးပါးရောဂါ၊ သွေးဆုံးကိုင် ဝေဒနာကို ပိုဆိုးရွားစေနိုင်တာကြောင့် ပေါ့ဆလို့တော့ မဖြစ်ပါဘူး။ ဘယ်လိုကျန်းမာရေးပြဿနာမဆို စောစောစီးစီး သိပြီး ကုသမှုခံယူနိုင်ရင် ကိုယ့်အတွက် အကျိုးများစွာ ရှိနိုင်တာကြောင့် မဖြစ်ခင် ကြိုတင်ကာကွယ်တဲ့ နည်းလမ်းသည် အကောင်းဆုံးဆိုတာ မမေ့ဖို့ ထပ်မံ အကြံပြုလိုက်ပါတယ်။

    Hello ဆရာဝန်ပရိတ်သတ်ကြီးလည်း ကျန်းမာပျော်ရွှင်ပြီး စိတ်ချမ်းသာစရာ ကောင်းတဲ့ ဘဝနေ့ရက်တွေကို ပိုင်ဆိုင်ရပါစေလို့ ဆုတောင်းပေးရင်း ဒီမှာပဲ နိဂုံးချုပ်လိုက်ပါတယ်။

     

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Ye Myo Myat မှ ရေးသားသည်။ · 15/11/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement