backup og meta

အမျိုးသမီးမီးယပ်ဆိုင်ရာကင်ဆာများကို အသေးငယ်ဆုံးခွဲစိတ်မှုနဲ့ ကုသခြင်း


Yun Sandi Nan Mon မှ ရေးသားသည်။ · 16/02/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အမျိုးသမီးမီးယပ်ဆိုင်ရာကင်ဆာများကို အသေးငယ်ဆုံးခွဲစိတ်မှုနဲ့ ကုသခြင်း

    ဓါးရာသေးသေးနဲ့ ခွဲစိတ်ပြီး ဆေးရုံမှာ ခဏသာနေရတဲ့ minimally invasive surgery ခွဲစိတ်နည်းဟာ မီးယပ်ဆိုင်ရာ ကင်ဆာရောဂါတွေကို ကုသရာမှာ အင်မတန်အထောက်အကူဖြစ်စေတဲ့အကြောင်း သားဖွားနှင့် မီးယပ်အထူးကုဆရာဝန်မကြီး Dr Lisa Wong က ရှင်းပြခဲ့ပါတယ်။ မီးယပ်ဆိုင်ရာ ကင်ဆာရောဂါဆိုတာဟာ အမျိုးသမီးမျိုးပွားအင်္ဂါအဖွဲ့အစည်းကို ထိခိုက်စေတဲ့ ကင်ဆာကြိတ်တွေ ဖြစ်ပါတယ်။ စင်ကာပူနိုင်ငံ ကင်ဆာမှတ်တမ်းတင်ဌာနမှ သိရှိရတဲ့အချက်အလက်တွေအရ အဆိုပါ ကင်ဆာတွေဟာ စင်ကာပူအမျိုးသမီးတွေမှာ အများဆုံး ဖြစ်ပွားလေ့ရှိတဲ့ ထိပ်တန်းကင်ဆာ ဆယ်မျိုးထဲမှာ ပါဝင်ကြတယ်လို့ ဆိုပါတယ်။

    အထက်ပါ ကင်ဆာရောဂါတွေကို ခံစားရတဲ့ လူနာအများစုဟာ ခွဲစိတ်ကုသမှု ခံယူကြရလေ့ရှိပြီး ဗိုက်ပေါ်မှာ ဓါးရာရှည်ရှည်ကြီးနဲ့ ခွဲစိတ်တဲ့ နည်းလမ်းတစ်မျိုးပဲ အရင်က ရှိခဲ့တာပါ။

    “ဒါဟာ ဘာလို့လဲဆိုတော့ နေရာကျဉ်းကျဉ်းလေးထဲမှာ ခွဲစိတ်ဖို့က ခက်ခဲလို့ပဲ ဖြစ်ပါတယ်။ ခွဲစိတ်ကိရိယာတွေ အတွက် နေရာလောက်လောက်ငှငှ မရှိသလို လှုပ်ရှားကိုင်တွယ်ရ ခက်ပြီး ကောင်းကောင်းလည်း မမြင်ရပါဘူး။ ဓါးရာကြီးကြီးပေးပြီးခွဲမှဘဲ အဆင်ပြေပါတယ်” လို့ Mount Elizabeth ဆေးရုံက မီးယပ်ကင်ဆာများဆိုင်ရာ အထူးကုဆရာဝန်မကြီး Dr Lisa Wong က ရှင်းပြပါတယ်။

    အမျိုးသမီးကင်ဆာရောဂါများအတွက် Minimally invasive surgery လို့ခေါ်တဲ့ ထိခိုက်မှုအနည်းဆုံး ခွဲစိတ်ကုသမှုများ

    Minimally invasive surgery (MIS) လို့ခေါ်တဲ့ ထိခိုက်မှုအနည်းဆုံး ခွဲစိတ်ကုသမှုတွေဟာ သမားရိုးကျ ခွဲစိတ်မှုတွေကို လွှမ်းမိုးစပြုလာပြီပဲ ဖြစ်ပါတယ်။ ဒါဟာ အံ့မခန်းတိုးတက်လာတဲ့ ဆေးပညာရဲ့ အကျိုးကျေးဇူးတွေပါ။MIS နည်းလမ်းကို အသုံးပြုမယ်ဆိုရင် ခွဲစိတ်ဆရာဝန်အနေနဲ့ စင်တီမီတာဝက်ကနေ တစ်စင်တီမီတာလောက်အထိ ရှိမယ့် ဓါးရာအချို့ကို အရင်ပေးရပါတယ်။ ဒီနောက်မှာတော့ အထူးပြုလုပ်ထားတဲ့ ကိရိယာအသေးစားလေးတွေကို သုံးပြီး ဆက်လက်ခွဲစိတ်မှာပါ။ ပုံမှန်သမားရိုးကျ ခွဲစိတ်မှုတွေဟာ MIS ထက် ဆယ်ဆလောက်ပိုကြီးတဲ့ ဓါးရာရှည်ရှည်ကြီးပေးရတာမို့ ခပ်သေးသေးအရာပဲပေးတဲ့ MIS ဟာ နာကျင်မှုဝေဒနာကို လျော့ပါးစေနိုင်သလို နာလန်ထချိန်ကိုလည်း ပိုမိုတိုတောင်းစေပါလိမ့်မယ်။ ဒါ့ကြောင့် လူနာတွေအနေနဲ့ မိမိတို့ရဲ့နေ့စဉ်ပုံမှန် လှုပ်ရှားသွားလာနေထိုင်မှုတွေကို စောလျင်စွာ ပြန်လည်ပြုလုပ်နိုင်မှာပါ။

    ဒါ့အပြင် MIS ခွဲစိတ်ကုသမှုနည်းလမ်းဟာ နောက်ဆက်တွဲဘေးထွက်ဆိုးကျိုးတွေ ဖြစ်ပေါ်မှုကိုလည်း လျော့နည်းစေတယ်လို့ Dr Wong က ဆက်ပြောပါတယ်။ဥပမာ ပုံမှန်သမားရိုးကျနည်းလမ်းနဲ့ ဗိုက်ခွဲထားတဲ့ လူနာတွေဟာ MIS ခွဲစိတ်ကုသမှုခံယူထားတဲ့ လူနာတွေထက် အိပ်ယာပေါ်မှာ အနားယူရတဲ့ အချိန်ကာလ ပိုကြာမြင့်ပါလိမ့်မယ်။ ဒီလို ကြာမြင့်ခြင်းအားဖြင့် (အလှုပ်အရှားနည်းမှုကြောင့်) လူနာတွေရဲ့ ခြေထောက်သွေးပြန်ကြောတွေထဲမှာ သွေးခဲဖြစ်ပေါ်လာတဲ့ အန္တရာယ်နဲ့လည်း ရင်ဆိုင်လာရနိုင်ပါတယ်။

    “ဘာလို့လဲဆိုတော့ ဗိုက်ခွဲပြီးခါစမှာ အရမ်းနာတာမို့ လူနာတွေဟာ တတ်နိုင်သမျှ လှုပ်လှုပ်ရှားရှား မလုပ်ချင်ကြပါဘူး။ အဲ့ဒါကြောင့် သွေးခဲတွေ ဖြစ်ပေါ်လာရတာပါ။ ဒါပေမယ့် MIS ခွဲစိတ်မှုကို ခံယူထားတဲ့လူနာတွေအနေနဲ့ကတော့ အိပ်ယာထဲကနေ ခပ်မြန်မြန်ပဲ ထလာနိုင်မှာဖြစ်ပြီး ဟိုသည်လှုပ်ရှားနိုင်မှာမို့ သွေးခဲဖြစ်ပေါ်ခြင်း အစရှိတဲ့ နောက်ဆက်တွဲ ပြဿနာတွေ ဖြစ်ပေါ်နိုင်ချေ နည်းပါးပါတယ်” လို့ Dr Wong က ဆက်ရှင်းပြပါတယ်။

    ဒါတင်မကသေးပါဘူး။ ပုံမှန်ဗိုက်ခွဲတာနဲ့စာရင် MIS ခွဲစိတ်မှုဟာ အမာရွတ်ခပ်သေးသေးကိုသာ ဖြစ်ပေါ်စေနိုင်မှာမို့ အလှအပရေးရာ အားသာချက်လည်း ရှိနေပြန်ပါတယ်။

    ဒါကြောင့် သမားရိုးကျနည်းလမ်းအတိုင်း ဗိုက်ခွဲတာနဲ့ နှိုင်းယှဉ်မယ်ဆိုရင် MIS ဟာ ပိုမကောင်းဘူးဆိုရင်တောင်မှ တန်းတူတော့လိုက်မှာဖြစ်ပြီး ကင်ဆာကြိတ်ကို ပိုဆိုးသွားနိုင်တာမျိုး မရှိတဲ့အပြင် လျင်မြန်ချောမွေ့စွာ နာလန်ထလာနိုင်စေမှာပဲ ဖြစ်ပါတယ်။

    စက်ရုပ်အသုံးပြုပြီး ခွဲစိတ်ခြင်း

    MIS ခွဲစိတ်ကုသနည်းဟာ တူခပ်ရှည်ရှည်နှစ်ချောင်းနဲ့ ခွဲစိတ်ရသလိုမျိုးဖြစ်တဲ့အတွက် ဝမ်းဗိုက်အောက်ပိုင်းလို နေရာကျဉ်းကျဉ်းမှာကျတော့ လုပ်ရကိုင်ရတာ အခက်အခဲလေးတွေ ရှိလာစေပါတယ်။ဥပမာ ခဏခဏ ခွဲစိတ်မှုခံယူဖူးတဲ့ လူနာတွေမှာဆိုရင် ခွဲစိတ်ကိရိယာတွေနဲ့ အတွင်းပိုင်းအင်္ဂါအစိတ်အပိုင်းတွေ ကပ်ငြိဖို့ အခွင့်အလမ်းပိုများတဲ့အတွက် MIS ခွဲစိတ်ကုသနည်းကို အသုံးပြုဖို့ ခက်ခဲစေပါတယ်။ ဒီနေရာမှာ စက်ရုပ်တွေရဲ့ အခန်းကဏ္ဍရောက်လာပါပြီ။

    စက်ရုပ်မောင်းတံကို အသုံးပြုခြင်းအားဖြင့် ကျဉ်းထဲကြပ်ထဲ လှုပ်ရှားရတဲ့နေရာတွေမှာ ပိုမိုပြီး အဆင်ပြေပြေ လှုပ်ရှားနိုင်သလို ရုပ်ပုံအရည်အသွေးမြင့်မားတဲ့ သုံးဖက်မြင်ကင်မရာတွေကိုလည်း အသုံးပြုနိုင်တာကြောင့် လက်ဝင်တဲ့ ခွဲစိတ်မှုမျိုးတွေအတွက် အင်မတန် သင့်လျော်ပါတယ်။

    “စက်ရုပ်လက်တံဟာ လူရဲ့ လက်ကောက်ဝတ်လိုပဲ အလုပ်လုပ်တယ်လေ။ ဒါပေမယ့် အကွေးအဆန့်ပိုကောင်းမယ်၊ပိုအနုစိတ်မယ်၊တုန်တာယင်တာမျိုးလည်း ရှိမှာမဟုတ်ဘူး။ ပြီးတော့ ကင်မရာ အကောင်းစားတွေကို သုံးထားတာမို့ ခွဲစိတ်နေတဲ့ နေရာကို ရှင်းရှင်းလင်းလင်းမြင်ရမယ်။ ဒီတော့ ခွဲတာစိတ်တာ ပိုတိကျပြီး ရလာဒ်လည်း ပိုကောင်းတာပေါ့” လို့ Dr Wong က ဆိုပါတယ်။

    ဒါပေမယ့် စက်ရုပ်လက်တံအသုံးပြုခွဲစိတ်ခြင်းဟာ MIS ထက် အခါခပ်သိမ်းပိုကောင်းနေတာတော့ မဟုတ်ဘူးလို့လည်း Dr Wong က ဆက်ပြောပါသေးတယ်။

    “တကယ်လို့ MIS ရော စက်ရုပ်လက်တံရော နှစ်မျိုးလုံးသုံးလို့ အဆင်ပြေနိုင်တဲ့ အခြေအနေမျိုးမှာဆိုရင် MIS ကိုပဲ အသုံးပြုသင့်ပြီး MIS နဲ့ မရနိုင်တဲ့ အနေအထားမျိုးတွေမှာသာ စက်ရုပ်လက်တံကို ရွေးသင့်ပါတယ်” လို့ရှင်းပြသွားတာပါ။

    MIS ကို ဘယ်လိုအနေအထားမျိုးတွေမှာ မသုံးသင့်ဘူးလဲ

    တချို့တချို့သော ကင်ဆာတွေမှာ MIS နည်းပညာကို အသုံးပြုလို့ အဆင်မပြေသေးပါဘူး။ဥပမာတခုကတော့ သားဥအိမ်ကင်ဆာမှာ MIS ကို အသုံးပြုပြီး ကုသခဲပါတယ်လို့ Dr Wong က ပြောပါတယ်။ ဘာလို့လဲဆိုတော့ ကင်ဆာအဆင့်အရမ်းမြင့်နေ (ရောဂါရင့်နေ)တဲ့ လူနာတွေမှာ ကင်ဆာကြိတ်ဟာ အရမ်းကြီးနေတာမျိုး ဒါမှမဟုတ် ဘေးပတ်ပတ်လည်နေရာတွေကို ပျံ့နှံ့နေတာမျိုးတွေ ဖြစ်နေလို့ပါပဲ။

    “ဒီလို ရှုပ်ရှုပ်ထွေးထွေး ခွဲစိတ်မှုတွေမှာဆိုရင်တော့ MIS ဟာ ကင်ဆာဖြစ်နေတဲ့ တစ်ရှူးတွေအားလုံးကို မဖယ်ရှားနိုင်ဘူးလေ” သူက ဆက်ရှင်းပြပါတယ်။”ဒီတော့ သမားရိုးကျ ဗိုက်ဖွင့်ခွဲစိတ်မှုဆီပဲ ပြန်လှည့်ရတာပေါ့”

    ဗိုက်ဖွင့်ပြီး ခွဲစိတ်မှုပြုလုပ်မယ်ဆိုရင်တော့ ခွဲစိတ်ဆရာဝန်အနေနဲ့ ဝမ်းဗိုက်အတွင်းပိုင်းကို စေ့စေ့ငုံငုံ ကြည့်ရှုနိုင်တာကြောင့် သားဥအိမ် နဲ့ ကင်ဆာကြိတ်ပျံ့နေတဲ့ နေရာတွေ (ဥပမာ အူမကြီး၊ဝမ်းဗိုက်အတွင်းပိုင်းနံရံတွေ စသဖြင့်)ကို လိုသလို ဖယ်ရှားနိုင်မှာပါ။

    Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Yun Sandi Nan Mon မှ ရေးသားသည်။ · 16/02/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement