backup og meta

ရတနာစိန်ကျောက်မဟုတ်တဲ့ ကိုယ်တွင်းကျောက်များ


Yun Sandi Nan Mon မှ ရေးသားသည်။ · 31/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ရတနာစိန်ကျောက်မဟုတ်တဲ့ ကိုယ်တွင်းကျောက်များ

    ရတနာစိန်ကျောက်ဇယ်တောက်တမ်းကစားကြမယ်လေ။ကျောက်တော့ကျောက်ပဲ၊ စိန်တွေ၊ပတ္တမြားတွေတော့မဟုတ်ဘူး။ ခန္ဓါကိုယ်ထဲကကျောက်ကတော့ကြောက်ဖို့ကောင်းပါတယ်။ မရှိကောင်းတဲ့အရာတွေဖြစ်သလို ရှိလာရင်လည်း အတော်ဒုက္ခပေးပါလိမ့်မယ်။ ထုန်ရောင်းလို့လည်းမရတော့လေ။ ဒီကျောက်တွေက ဘယ်နားမှာရှိတတ်တာလဲ၊ ခန္ဓါကိုယ်ရဲ့ဘယ်အပိုင်းမှာ အဖြစ်များလဲဆိုတာရောသိကြလား။ကျောက်ကပ်ကျောက်တည်တာ၊ ဆီးကျောက်တည်တာတော့ ကြားဖူးနေကျပါပဲ။ ကိုယ်မထင်ထားတဲ့ တခြားဘယ်အစိတ်အပိုင်းတွေမှာ ကျောက်တည်နိုင်လဲဆိုတာ ဆက်ပြီးဖတ်ကြည့်ပါဦး။

    ကျောက်ကပ်

    ဆီးလမ်းကြောင်းမှာ ကယ်လ်စီယမ်အပါအဝင် သတ္တုဓါတ်တွေစုလာတဲ့အခါကျောက်တည်လာပါတယ်။ ကျောက်ကပ်ကျောက်တည်ရင် တင်ပါးနဲ့နံရိုးနားတဝိုက် ခါးနာမယ်။ ဆီးသွားမရအောင် ပိတ်ဆို့နိုင်လောက်အောင် အရွယ်အစားကြီးရင်ပေါ့။ ဆီးသွားရင်သွေး သို့မဟုတ်ကျောက်လေးတွေပါလာနိုင်တယ်။ကျောက်ကသေးရင် ဆီးထဲမှာသူ့အလိုလိုပါလာတတ်ပေမယ့် ကြီးရင်တော့ ခွဲစိတ်ဖယ်ရှားရနိုင်ပါတယ်။

    လည်ချောင်း

    အာသီးဆိုတာရောဂါပိုးမွှားတွေကိုစစ်ထုတ်ဖယ်ရှားဖို့ကူညီပေးတဲ့ လည်ချောင်းအနောက်ဘက်က တစ်ရှူးအစုနှစ်ခုဖြစ်ပါတယ်။ အစားအစာတွေ၊ အရေပြားဆဲလ်သေတွေ၊ တခြားအစအနတွေ အဲဒီမှာကပ်ကျန်နေနိုင်ပြီးtonsilloliths လို့ခေါ်တဲ့ကျောက်တွေဖြစ်လာတတ်ပါတယ်။ ဒါဆို လည်ချောင်းနာတယ်၊ ခံတွင်းနံ့ဆိုးတယ်၊ အာသီးရောင်တယ် ဆိုတဲ့ လက္ခဏာတွေခံစားရနိုင်တယ်။ ဒီကျောက်တွေကို သွားပွတ်တံနဲ့ ဒါမှမဟုတ် ဂွမ်းစလေးနဲ့အသာအယာဖယ်ရှားနိုင်တယ်၊ ဆားရည်နဲ့ပလုပ်ကျင်းလို့ရတယ်။ မရရင်တော့ ဆရာဝန်ပြသင့်ပါတယ်။

    ဆီးအိမ်

    ဆီးကောင်းကောင်းမသွားနိုင်တဲ့အခါ ဆီးကျောက်တည်လာနိုင်ပါတယ်။ ဒါမှမဟုတ် ဆီးထဲမှာ သတ္တုဓါတ်တွေများနေပြီး တခြားဓါတ်တွေနည်းနေလို့လည်းဖြစ်နိုင်တယ်။ ဒီကျောက်တွေက သူ့အလိုလိုဖြစ်လာတတ်တယ် ဒါမှမဟုတ်ကျောက်ကပ်ကျောက်လေးတွေက ဆီးအိမ်ဆီကို ကျလာပြီး ကြီးလာတာမျိုးလည်းဖြစ်နိုင်တယ်။ ဆီးကနောက်နေတာ၊ သွေးပါနေတာ ဒါမမဟုတ် ဆီးသွားရင် ဗိုက်အောက်ပိုင်းကအောင့်တာတွေဖြစ်နိုင်တယ်။ သောက်ဆေး၊ လေဆာ သို့မဟုတ် ခွဲစိတ်မှုနဲ့ ဆေးကုသမှုခံယူသင့်ပါတယ်။

    သည်းခြေအိတ်

    ဝမ်းဗိုက်ညာဘက်အပေါ်ပိုင်းမှာရှိတဲ့ သည်းခြေအိတ်လေးမှာ အစာချေဖျက်တဲ့သည်းခြေရည်တွေကိုသိုလှောင်ထားပေးပါတယ်။ သည်းခြေရည်မှာပါတဲ့bilirubin ဆိုတဲ့ဒြပ်ပေါင်းရယ်၊ကိုလက်စထရောတွေရယ်ကနေကျောက်တည်စေနိုင်ပါတယ်။ ဒီကျောက်တွေကသေးငယ်လွန်းလို့ နာကျင်မှုတွေ၊ ကုသမှုလိုတာတွေ သိပ်မရှိတတ်ပါဘူး။ နာကျင်လာပြီဆိုရင်တော့ ခွဲစိတ်ကုသမှုခံယူဖို့လိုအပ်လာနိုင်ပါတယ်။

    ဆီးကျိတ်

    အမျိုးသားတွေမှာ သုက်ပိုးကိုကာကွယ်ပေးတဲ့အရည်တွေထုတ်ပေးတဲ့ ဆီးအိမ်အနီးကဂလင်းငယ်လေးဖြစ်ပါတယ်။ ဘိန်းစေ့လောက်ပဲအရွယ်အစားရှိတဲ့ ဒီကျောက်တွေက သတ်လတ်ပိုင်းနဲ့ သက်ကြီးပိုင်းမှာ ပိုအဖြစ်များပါတယ်။ ပုံမှန်အားဖြင့်တော့ လက္ခဏာမပြတတ်သလို ကုသမှုလည်းမလိုအပ်ပါဘူး။ ဒါပေမယ့် သူတို့မှာရောဂါပိုးဝင်ရင်တော့ ဆီးကျိတ်ကိုရောင်ရမ်းစေနိုင်ပြီး ဆီးလမ်းကြောင်းပိုးဝင်ခြင်းကိုဖြစ်စေနိုင်ပါတယ်။ ဒါဆိုရင်တော့ ပဋိဇီဝပိုးသတ်ဆေး ဒါမှမဟုတ် တခြားကုသမှုတွေလိုအပ်လာနိုင်ပါတယ်။

    ခံတွင်း

    အကြောင်းရင်းအတိအကျမသိရပေမယ့် ခံတွင်းမှာလည်းကျောက်တည်နိုင်ပါတယ်။ နာကျင်စေနိုင်တယ်၊ရောင်ရမ်းစေနိုင်တယ်။ အစာစားလိုက်တဲ့အခါ တံတွေးထုတ်ပေးတဲ့ပြွန်တွေကို ပိတ်ဆို့စေနိုင်တယ်။ လျှာအောက်မှာ အဖြူရောင်ကျောက်တည်တာလည်းတွေ့ရနိုင်တယ်။ ပုံမှန်အားဖြင့်တော့မပြင်းထန်တတ်ဘဲရေပိုသောက်ပေးရင်၊ အချဉ်ကိုစုပ်ပြီးစားပေးရင်လျော့ပါးပျောက်ကင်းစေနိုင်ပါတယ်။

    ပန်ကရိယ

    သည်းခြေအိတ်ကနေကျောက်တွေက ပန်ကရိယဆီရောက်လာပြီးရောင်ရမ်းစေတဲ့အခါ ကိုယ်ပူမယ်၊သွေးခုန်နှုန်းမြန်မယ်၊ မအီမသာဖြစ်မယ်၊ ဗိုက်အောင့်မယ်၊ အစားစားပြီးရင်ပိုဆိုးမယ်။ကျောက်တည်တာနဲ့ပတ်သက်ရင် ဆရာဝန်ပြပြီး ကုသမှုခံယူဖို့လိုပါတယ်။

    ဗိုက်

    ဖြစ်ခဲတယ်ဆိုပေမယ့် အစာခြေစနစ်ထဲမှာလည်းကျောက်တည်နိုင်ပါတယ်။diverticulitis သို့မဟုတ်inflammatory bowel disease တို့လို အူရောင်ရောဂါတွေကြောင့်ဖြစ်စေနိုင်ပါတယ်။ ရောဂါကြောင့်၊ မျိုးဗီဇကြောင့် ဒါမှမဟုတ် ခွဲစိတ်ကုသမှုခံယူဖူးတာကြောင့် အစာအိမ်နဲ့အူထဲမှာ အပြောင်းအလဲတွေဖြစ်စေနိုင်ပါတယ်။ ဒါဆိုရင် ခွဲစိတ်ကုသမှုခံယူရနိုင်ပါတယ်။

    ဒီလိုအကျိုးမပေးတဲ့ ကိုယ်တွင်းကျောက်တွေကလည်း သူ့ဟာသူဆို တန်ဖိုးမရှိပေမယ့်ဆေးကုသစရိတ်တန်ဖိုးတော့မနည်းဘူးနော့။ တန်ဖိုးကြီးကြီးပေးရတဲ့ ကုသမှုတွေလိုအပ်မှာဆိုတော့ ဒါတွေဖြစ်မလာစေဖို့ ကျန်းမာရေးနဲ့ညီအောင် အစားအသောက်၊အနေအထိုင်၊ လှုပ်ရှားမှုတွေကို ဂရုစိုက်သင့်ပါတယ်။

    Hello Health Group သည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Yun Sandi Nan Mon မှ ရေးသားသည်။ · 31/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement