backup og meta

ဆီးမထိန်းနိုင်ခြင်း


Dr. Ye Mhan Linn မှ ရေးသားသည်။ · 05/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ဆီးမထိန်းနိုင်ခြင်း

    ဆီးမထိန်းနိုင်ခြင်း ဆိုသည်မှာ လူတစ်ဦးသည် မိမိ ဆီးလမ်းကြောင်းမှ ဆီးထွက်ကျနေသည်ကို မသိခြင်း၊ ဆီးသွားချင် စိတ်မဖြစ်နေဘဲ ဆီးထွက်ကျခြင်းကို ခေါ်ပါသည်။ ဤကဲ့သို့ ဖြစ်ရခြင်းမှာ ဆီးသွားခြင်းကို ထိန်းချုပ်ပေးသော ရှုံ့ကြွက်သား အားနည်းခြင်း သို့မဟုတ် အလုပ်မလုပ်ခြင်းကြောင့် ဖြစ်ပါသည်။ ယင်းဆီးမထိန်းနိုင်သော ပြဿနာသည် လူအများ သတိပြုမိသည်ထက် ပိုသောပြဿနာ တစ်ရပ်ပင် ဖြစ်ပါသည်။

    ရောဂါလက္ခဏာများ

    အဓိက ရောဂါလက္ခဏာမှာ စိတ်ထိန်းချုပ်မှု မပါဘဲ ဆီးသွားနေခြင်း ဖြစ်ပါသည်။ ထိုသို့ ဆီးမထိန်းနိုင်ခြင်းကို အောက်ပါ အတိုင်း ခွဲခြားနိုင်ပါသည်။

    ဖိအားများကြောင့် ဆီးမထိန်းနိုင်ခြင်း။ အတွေ့ရ အများဆုံး ပုံစံဖြစ်ပြီး အများအားဖြင့် ကလေးမွေးပြီး အမျိုးသမီးများနှင့် သွေးဆုံးပြီး အမျိုးသမီးများတွင် အတွေ့ရများပါသည်။ ဖိအားဟုဆိုရာတွင် စိတ်ဖိစီးမှုကြောင့် ဖြစ်ရခြင်းထက် ဆီးအိမ်နှင့် ဆီးစွန်မှုကို ထိန်းချုပ်သော ကြွက်သားများကို ဖိအားသက်ရောက်စေသော အောက်ပါ အကြောင်းရင်းများကြောင့် ဖြစ်ရလေ့ ရှိပါသည်။

    • ရုတ်တရက် ပြင်းထန်စွာ ချောင်းဆိုးခြင်း
    • နှာချေခြင်း
    • ရယ်ခြင်း
    • အလေးအပင်မခြင်း
    • လေ့ကျင့်ခန်း ပြုလုပ်ခြင်း စသည်တို့ ဖြစ်ပါသည်။

    အာရုံကြော ထိန်းချုပ်မှု လွန်ကဲခြင်းကြောင့် ဆီးမထိန်းနိုင်ခြင်း။ ဒုတိယ အဖြစ်အများဆုံး ပုံစံဖြစ်ပါသည်။ အခြေအနေ တစ်ခုခုမှ လှုံ့ဆော်မှု ဖြစ်လာသောအခါ (ဆီးသွားရန် အဆင်မပြေသော အခြေအနေတွင်) ဆီးထွက်ကျပြီး ဆီးရပ်သွားရန် ထိန်းချုပ်၍ မရသော ဆီးမထိန်းနိုင်သော ရောဂါဖြစ်ပါသည်။ ဆီးသွားချင်စိတ် ဖြစ်ပေါ်လာသည်နှင့် ဆီးသွားနေခြင်းကို လုံး၀ ထိန်းချုပ်နိုင်မည် မဟုတ်ဘဲ တောက်လျောက် သွားနေမည်ဖြစ်ပါသည်။ လှုံ့ဆော်သော အခြေအနေများမှာ အောက်ပါ အတိုင်းဖြစ်ပါသည်။

    • ရုတ်တရက် ကိုယ်နေဟန်ပြောင်းခြင်း
    • ရေစီးကျသံ (အချို့သူများအတွက်)
    • လိင်ဆက်ဆံစဉ် (ခံစားမှု အထွဍ်အထိပ်ရောက်စဉ်)
    • ခါးထိခိုက်ခြင်းကဲ့သို့သော ပြဿနာများကြောင့် ကြွက်သား သို့မဟုတ် အာရုံကြော ထိခိုက်ထားခြင်းများ စသည့် အခြေအနေများ ဖြစ်ပါသည်။

    လျှံထွက်ခြင်းကြောင့် ဆီးမထိန်းနိုင်ခြင်း။ ဆီးကျိတ်ရောဂါ ရှိနေသော အမျိုးသားများ၊ ဆီးအိမ်ထိခိုက် ဒဏ်ရာရဖူးသူများနှင့် ဆီးစွန့်ပြွန် ပိတ်ဆို့နေသူများတွင် တွေ့ရှိရတတ်သော ဆီးမထိန်းနိုင်ခြင်း အမျိုးအစား ဖြစ်ပါသည်။ ဆီးကျိတ်ကြီးနေသော အမျိုးသားများ တွင်လည်း ဆီးအိမ်ဝတွင် ပိတ်ထားသောကြောင့်လည်း ဖြစ်တတ်ပါသည်။

    ကိုယ်ခန္ဓာ အတွင်းမှ ထုတ်သောဆီးများကို ဆီးအိမ်မှ မထိန်းထား နိုင်ခြင်း၊ ဆီးအိမ်အတွင်း ဆီးများအားလုံး ကုန်စင်အောင် မစွန့်ထုတ် နိုင်ခြင်းများကြောင့် ဆီးမထိန်းနိုင်ခြင်း/ ဆီးမအောင့်နိုင်ခြင်း ဖြစ်ပါသည်။ ဤဆီးမထိန်းနိုင်ခြင်း အမျိုးအစားတွင်မူ ဆီးခဏခဏ သွားချင်သော ပြဿနာရှိတတ်ပြီး အချို့လူနာများတွင်မူ တစ်ချိန်လုံး ဆီးတစ်စက်စက် ထွက်နေသော ပြဿနာပါ တွဲဖြစ်နေတတ်ပါသည်။

    အရောပုံစံ။ ဤအမျိုးအစားတွင်မူ ဖိအားများကြောင့် ဆီးမထိန်းနိုင်ခြင်းနှင့် အာရုံကြော ထိန်းချုပ်မှု လွန်ကဲခြင်းကြောင့် ဆီးမထိန်းနိုင်ခြင်း နှစ်မျိုးလုံး တစ်ပြိုင်တည်း ဖြစ်နေခြင်း ဖြစ်ပါသည်။

    ဆီးလွှတ်စောသော ဆီးမထိန်းနိုင်ခြင်း။ လူနာသည် ဆီးသွားချင်လာလျှင် အိမ်သာသို့ မရောက်မီ ဆီးထွက်ကျခြင်း သို့မဟုတ် နေရာတွင်ပင် ဆီးထွက်ကျခြင်း ဖြစ်ပါသည်။ အဓိက ဖြစ်စေသော အကြောင်းများမှာ

    • စိတ်ရှုပ်ထွေးခြင်း
    • သူငယ်ပြန်ခြင်း
    • အမြင်အာရုံမကောင်းခြင်း
    • လှုပ်ရှားရ ခက်ခဲခြင်း (ဥပမာ။ အောက်ပိုင်း လေဖြတ်ထားခြင်း)
    • စိတ်ကျခြင်း၊ စိတ်ဂနာမငြိမ်ခြင်း၊ ဒေါသထွက်နေခြင်း (အိမ်သာသို့ သွားရန် ဆန္ဓမရှိခြင်း)

    ဤအမျိုးအစားသည် အသက်ကြီးသူများတွင် အဖြစ်များသဖြင့် လူအိုရုံများတွင် အဓိက တွေ့ရသော ပြဿနာဖြစ်ပါသည်။

    လုံးဝဆီးမထိန်းနိုင်ခြင်း။ တစ်ချိန်လုံး ဆီးစိမ့်ထွက်နေခြင်း သို့မဟုတ် အချိန်ခြားပြီး (ထိန်းချုပ်မဲ့စွာ) ဆီးပမာဏများစွာ သွားနေခြင်း ဖြစ်ပါသည်။ မွေးရာပါ ဆီးလမ်းကြောင်းစနစ် ပုံမမှန်သော ပြဿနာ၊ ခါးရိုးမကြီး သို့မဟုတ် ဆီးလမ်းကြောင်း ထိခိုက်မိထားသူများ၊ (အမျိုးသမီးများတွင်) ဆီးအိမ်နှင့် မွေးလမ်းကြောင်း အပေါက်ဖြစ်ပြီး ဆက်နေသူများတွင် တွေ့ရတတ်ပါသည်။

    ဖြစ်စေနိုင်သော အကြောင်းရင်းများ

    အောက်ဖော်ပြပါ အကြောင်းအရာများသည် ဆီးမထိန်းနိုင်ခြင်းနှင့် ဆက်စပ်နေပါသည်။

    အဝလွန်ခြင်း။ အဝလွန်သူများတွင် ဆီးအိမ်ပေါ်သို့ ဖိအားသက်ရောက်မှုများခြင်းနှင့် ကြွက်သားများ အားနည်းခြင်းတို့ကြောင့် နှာချေခြင်းနှင့် ချောင်းဆိုးခြင်းများတွင် ဆီးမထိန်းနိုင်ခြင်း ဖြစ်တတ်ပါသည်။

    ဆေးလိပ်သောက်ခြင်း။ ပုံမှန် ဆေးလိပ်သောက်တတ်သူ များတွင် နာတာရှည် ချောင်းဆိုးရောဂါ ဖြစ်တတ်သဖြင့် ဆီးမထိန်းနိုင်ခြင်း ဖြစ်တတ်ပါသည်။

    လိင်။ အမျိုးသမီးများ (အထူးသဖြင့် ကလေးရိုးရိုး မွေးထားသူများ) သည် အမျိုးသားများနှင့် ယှဉ်ပါက ဖိအားကြောင့် ဆီးမထိန်းနိုင်ခြင်း ပိုဖြစ်တတ်ပါသည်။

    အသက်ကြီးခြင်း။ အသက်ကြီးသူများတွင် ကြွက်သားများ အားနည်းခြင်းကြောင့် ဆီးမထိန်းနိုင် ဖြစ်တတ်ပါသည်။

    အချို့သော ရောဂါအခြေအနေများ။ ဆီးချိုလူနာများ၊ ကျောက်ကပ် ရောဂါသည်များ၊ ကျောရိုးမ အာရုံကြော ထိခိုက်ထားသူများ၊ ဦးနှောက်အာရုံကြောဆိုင်ရာ လူနာများ (ဥပမာ။ လေဖြတ်ပြီးနောက် အာရုံကြော အလုပ်မလုပ်သူများ) တွင်လည်း ဆီးမထိန်းနိုင်ခြင်း ဖြစ်နိုင်ပါသည်။

    ဆီးကျိတ်ရောဂါ။ ဆီးကျိတ်ခွဲစိတ်ထားသူများ၊ ဓာတ်ကင်ထားသူများ တွင်လည်း ဖြစ်နိုင်ပါသည်။

    ဆီးမထိန်းနိုင်ခြင်း အမျိုးအစားအလိုက် ဖြစ်တတ်သော အကြောင်းရင်းများမှာ အောက်ပါအတိုင်းဖြစ်ပါသည်။

    ဖိအားကြောင့် ဆီးမထိန်းနိုင်ခြင်း

    • ကိုယ်ဝန်ဆောင်နေစဉ်
    • ကလေးမွေးဖွားနေစဉ်
    • ရာသီသွေးဆုံးပြီးသူများ (estrogen နည်းလာခြင်းကြောင့် ကြွက်သားများ အားနည်းလာခြင်း)
    • သားအိမ်ထုတ်ထားသူများနှင့် အခြားခွဲစိတ်မှု့ ခံယူထားဖူးသူများ
    • အသက်ကြီးသူများ
    • အဝလွန်သူများ

    အာရုံကြော ထိန်းချုပ်မှု လွန်ကဲခြင်းကြောင့် ဆီးမထိန်းနိုင်ခြင်း

    • ဆီးအိမ်နံရံ ကြွက်သားများ ရောင်ရမ်းခြင်း
    • ဗဟိုအာရုံကြော စနစ်ဆိုင်ရာပြဿနာများ (ဥပမာ။ multiple sclerosis ၊ လေဖြတ်ခြင်း၊ Parkinson’s disease)
    • ဆီးကျိတ်ရောင်ရမ်းခြင်း

    ဆီးလွှတ်စောသော ဆီးမထိန်းနိုင်ခြင်း

    ဆီးလမ်းကြောင်း ပိတ်ဆို့ခြင်းကို ဖြစ်စေသော အောက်ပါ အကြောင်းရင်းများ

    • ဆီးကျိတ်ကြီးခြင်း
    • ဆီးအိမ်ကို ဖိမိစေသော အကျိတ်များ
    • ဆီးကျောက်
    • ဝမ်းချုပ်ခြင်း
    • ခွဲစိတ်ကုခြင်း

    လုံဝဆီးမထိန်းနိုင်ခြင်း

    • မွေးရာပါ ခန္ဓာဗေဒဆိုင်ရာ ပုံမမှန်သူများ
    • ဦးနှောက်နှင့် ဆီးလမ်းကြောင်းကို ဆက်သွယ်ပေးသော ကျောရိုးအာရုံကြောမကြီး ထိခိုက်ခြင်း
    • ဆီးအိမ်နှင့် မွေးလမ်းကြောင်း ပုံမှန်မဟုတ်ဘဲ ဆက်စပ်နေခြင်း
    • ဆေးဝါးများ (ဆီးဆေးများ၊ သွေးတိုးကျဆေးများ၊ အိပ်ဆေးများ၊ စိတ်ငြိမ်ဆေးများ)
    • အရက်သေစာများ
    • ဆီးလမ်းကြောင်း ပိုးဝင်ခြင်း

     

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Dr. Ye Mhan Linn မှ ရေးသားသည်။ · 05/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement