backup og meta

ဆီးပြွန်ကျဉ်းမြောင်းခြင်း


Dr. Phio Thiha မှ ရေးသားသည်။ · 05/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ဆီးပြွန်ကျဉ်းမြောင်းခြင်း

    ဆီးပြွန်အတွင်းထဲမှာ ကျဉ်းမြောင်းမှုဖြစ်လာရင် ဆီးတွေကို ခန္ဓါကိုယ်ပြင်ပကို ထုတ်ဖို့ ခက်ခဲလာတတ်ပါတယ်။ ကံကောင်းစွာနဲ့ပဲ ဆီးပြွန်ကျဉ်းခြင်းဟာ ကုသလို့ရနိုင်ပါတယ်။ ကျဉ်းမြောင်းနေတဲ့ အစိတ်အပိုင်းလေးကို ချဲ့လိုက်ရုံပါပဲ။ အမျိုးသားတွေရဲ့ ဆီးပြွန်က ရှည်လျားတာမို့ ဆီးပြွန်ကျဉ်းခြင်း ပိုအဖြစ်များပြီး အမျိုးသမီးတွေမှာတော့ အင်မတန်မှကို တွေ့ရနည်းပါတယ်။

    ဆီးပြွန်ကျဉ်းခြင်း ဘာကြောင့် ဖြစ်တာလဲ

    ဆီးပြွန်တစ်ဝိုက်မှာ ဒဏ်ရာကြောင့် အမာရွတ်ဖြစ်ကျန်နေခဲ့တာကနေ ဖြစ်တာပါ။ အနည်းအပါးကနေ ပြင်းထန်တဲ့အခြေအနေမျိုးထိ ရှိနိုင်ပါတယ်။ တစ်စင်တီမီတာလောက် အမာရွတ်ဖြစ်နေတာမျိုးကနေ ဆီးပြွန်တစ်လျှောက်လုံး ဖြစ်နေတာမျိုးအထိ ရှိပါတယ်။ အောက်မှာ ဖော်ပြထားတဲ့ အခြေအနေမျိုးရှိတဲ့လူတွေမှာတော့ ပိုပြီးဖြစ်နိုင်ချေများပါတယ်။

  • အကာအကွယ်မဲ့ လိင်ဆက်ဆံရာကတစ်ဆင့် ရောဂါပိုးဝင်ဖူးသူ
  • ဆီးပြွန်ထဲကို ကုသမှုဆိုင်ရာ ပစ္စည်းတခုခုထည့်ရင်း ထိခိုက်မိဖူးသူ
  • ဆီးပိုက်ကို အချိန်ကြာမြင့်စွာ သုံးနေရသူ
  • ဆီးပြွန်နဲ့ တင်ပါးဆုံကို တိုက်ရိုက်ထိခိုက်မှု ဖြစ်ဖူးသူ
  • ဆီးကြိတ်ကြီးနေသူ နဲ့ ဆီးကြိတ်ကိုဖယ်ရှားဖို့ ခွဲစိတ်မှုပြုလုပ်ဖူးသူ
  • ဆီးပြွန်ကင်ဆာ၊ ဆီးကြိတ်ကင်ဆာ ဖြစ်နေသူ
  • ဆီးပြွန်နားမှာ အကြိတ်ရှိနေသူ
  • ဆီးပိုးဝင်တာကို ကုသမှုမခံယူခဲ့သူ
  • ဆီးပြွန်ကျဉ်းခြင်းရဲ့ လက္ခဏာတွေက ဘာတွေလဲ

    အနည်းအပါးကနေ ပြင်းပြင်းထန်ထန်အထိ ဖြစ်နိုင်ပါတယ်။ ဒီလိုလက္ခဏာတွေ ပေါ်လာရင်တော့ ဆေးကုသမှုကို အမြန်ဆုံးခံယူသင့်ပါတယ်။

  • ဆီးထွက်နည်းလာတာ
  • ဆီးခဏခဏထသွားရတာ
  • ဆီးသွားတဲ့အချိန် နာတာ၊ ပူတာ
  • ဆီးမထိန်းနိုင်တော့တာ
  • ဗိုက်အောက်ပိုင်းနေရာမှာ နာတာ၊ မသက်မသာ ခံစားနေရတာ
  • ဆီးပြွန်ကနေ ပြည်ထွက်တာ
  • လိင်တံရောင်တာ၊ နာကျင်တာ
  • ဆီးနဲ့သုက်ရည်ထဲမှာ သွေးပါလာတာ
  • ဆီးအရောင်ရင့်ရင့်တွေ သွားတာ
  • ဆီးမသွားနိုင်တော့တာ တို့ဖြစ်ပါတယ်။
  • ဘယ်လိုကုသမှုတွေ ရှိသလဲ

    အကောင်းဆုံးကုသမှုပေးနိုင်ဖို့အတွက် အပေါ်မှာ ပြောခဲ့တဲ့လက္ခဏာတွေအပြင် ဆရာဝန်က စမ်းသပ်စစ်ဆေးမှုတွေ ထပ်လုပ်ပါမယ်။

    ပထမဆုံးလုပ်လေ့ရှိတဲ့ ကုသနည်းကတော့ ခွဲစိတ်မှုမဟုတ်တဲ့ နည်းတွေပါ။ ဆီးပြွန်ကိုချဲ့ဖို့အတွက် ကိရိယာလေးတစ်ခုကို သုံးပါတယ်။ သေးငယ်တဲ့ ကြိုးတစ်ချောင်းကို ဆီးပြွန်မှတစ်ဆင့် ဆီးအိတ်ထဲထည့်ပြီး ချဲ့ပါလိမ့်မယ်။ တဖြည်းဖြည်းနဲ့ ပိုပိုကြီးတဲ့ကိရိယာတွေကို အစားထိုးလာပြီး ဆီးပြွန်ကိုချဲ့ချဲ့ပေးသွားမှာ ဖြစ်ပါတယ်။ အဲဒီအပြင် ဆီးပိုက်ကိုအပြီးထည့်ထားလိုက်တာမျိုးကလည်း ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုနေတဲ့ ကုသနည်းတစ်ခု ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဆီးအိတ်ကို ထိတာ၊ ဆီးလမ်းကြောင်းပိုးဝင်တာမျိုးတွေ ဖြစ်နိုင်တာမို့ အခြေအနေပြင်းထန်တဲ့ လူနာတွေမှာပဲ သုံးလေ့ရှိပါတယ်။

    ဒါအပြင် ဆီးပြွန်ခွဲစိတ်ဖို့ကိုလည်း သင့်ဆရာဝန်တွေက တိုက်တွန်းနိုင်ပါတယ်။ အဲဒီကုသမှုမှာတော့ မေ့ဆေးပေးမယ်၊ ကျဉ်းနေတဲ့ ဆီးပြွန်နေရာမှာ ရှိနေတာကို ဖြတ်ထုတ်လိုက်မယ်။ ဒီနည်းကတေ့ ရောဂါလက္ခဏာတွေရဲ့ ၅၀ ရာခိုင်နှုန်းကျော်ကျော်ကို သက်သာစေပါတယ်။ ဒါပေမယ့် ဒီနည်းရဲ့ပြဿနာကတော့ ပြန်ပြန်ပြီးကျဉ်းမသွားဖို့အတွက် ခဏခဏ လုပ်ဖို့လိုတာပါပဲ။

    ဆီးပြွန်ကိုကျဉ်းစေတဲ့ အကြောင်းရင်းတွေအများကြီးရှိတာကြောင့် ကာကွယ်ဖို့ဆိုတာ အင်မတန်မှ ခက်ခဲပါတယ်။ ဒါကြောင့်မို့ ရောဂါလက္ခဏာပေါ်လာတာနဲ့ သင့်အနေနဲ့ ကုသမှုခံယူဖို့ အင်မတန်အရေးကြီးပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Dr. Phio Thiha မှ ရေးသားသည်။ · 05/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement