backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

Pyelonephritis (ကျောက်ကပ် ပိုးဝင်သောရောဂါ)

မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။ Dr. K Zin Thwe


Dr. Kaung Thar မှ ရေးသားသည်။ · 07/08/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

Pyelonephritis (ကျောက်ကပ် ပိုးဝင်သောရောဂါ)

Pyelonephritis (ကျောက်ကပ် ပိုးဝင်သောရောဂါ) အကြောင်း လေ့လာလိုက်ရအောင်နော်။

အဓိပ္ပါယ်ဖွင့်ဆိုချက်

Pyelonephritis (ကျောက်ကပ် ပိုးဝင်သောရောဂါ) ကဘာလဲ။

Pyelonephritis ခေါ် ကျောက်ကပ်ပိုးဝင်တဲ့ ရောဂါဟာ ဆီးလမ်းကြောင်းပိုးဝင်တဲ့ ရောဂါတွေ (UTI) ထဲက ထူးခြားတဲ့ ရောဂါတစ်မျိုးဖြစ်ပြီး ဆီးအိမ် (သို)့ ဆီးပြွန်တွင်းမှ စဖြစ်နိုင်ပါတယ်။ pyelonephritis ဟာ ဆီးလမ်းကြောင်းတွင်းသို့ ဘက်တီးရီးယားပိုး ဝင်ရာမှ ဖြစ်တတ်ပါတယ်။ ပုံမှန်အားဖြင့် ဆီးကို ခန္ဓါထဲမှ မစွန့်ထုတ်ခင် ဆီးအိမ်ထဲမှာ အရင် သိုလှောင်ထားပါတယ်။

ဘက်တီးရီးယားပိုးဟာ ဆီးပြွန်(ဆီးအိမ်မှ ခန္ဓါကိုယ်အပြင်ဘက်သို့ဆီးစွန့်ထုတ်ပေးသောပြွန်) မှတစ်ဆင့် ဆီးအိမ်အတွင်းသို့ ဝင်ပြီး ဆီးအိမ်နဲ့ ဆီးလမ်းကြောင်းကို ရောဂါပိုးကူးစေပါတယ်။ အဲ့ဒီနောက် ကျောက်ကပ်ကို ကူးကာ ကျောက်ကပ်ပိုးဝင်သောရောဂါ pyelonephritis ကို ဖြစ်စေပါတယ်။

ကျောက်ကပ်ပိုးဝင်တဲ့ ရောဂါဟာ တခြား ဆီးလမ်းကြောင်းပိုးဝင်တဲ့ရောဂါတွေထက် ဖြစ်တာနည်းပေမဲ့ စိုးရိမ်ရပါတယ်။ နောက်တစ်ဖန်ပြန်ဖြစ်တဲ့ ရောဂါတွေဆိုလျှင် ကျောက်ကပ်ကို ထိခိုက်နိုင်ပါတယ်။ အဲဒီလို ပြန်ဖြစ်တာကို နာတာရှည် ကျောက်ကပ်ရောင်ရောဂါ ( chronic pyelonephritis ) လို့ခေါ်ပြီး နောက်ဆုံး အဆင့် ကျောက်ကပ်ပျက်စီးတဲ့အထိ ဖြစ်နိင်ပါတယ်။

Pyelonephritis (ကျောက်ကပ် ပိုးဝင်သောရောဂါ) က ဘယ်လောက်အဖြစ်များသလဲ

ကျောက်ကပ်ပိုးဝင်ခြင်းရောဂါဟာ အမျိုးသမီးတွေနဲ့ အသက်ကြီးရွယ်အိုတွေမှာ ဖြစ်တတ်ပါတယ်။ ဆီးပိုက်ထည့်ထားသူတွေ၊ဆီးချိုရောဂါသည်တွေ (သို့) ဆီးကျောက်တည်ပြီး ဆီးလမ်းကြောင်းပိတ်နေသူများ (သို့) ဆီးကျိတ်ရောင်နေသူတွေဟာ ကျောက်ကပ်ပိုးဝင်ရောဂါ ဖြစ်နိုင်ပါတယ်။

လက္ခဏာများ

Pyelonephritis (ကျောက်ကပ် ပိုးဝင်သောရောဂါ) ရဲ့လက္ခဏာတွေကဘာတွေလဲ

pyelonephritis ရဲ့ အစောပိုင်းအဆင့်တွေမှာ လက္ခဏာတွေ မပြတတ်ပါဘူး။ အဖြစ်များတဲ့ လက္ခဏာတွေကတော့ ဖျားခြင်းနှင့် ခါးအောင့် ခြင်းတို့ဖြစ်ပါတယ်။ တခြားလက္ခဏာတွေမှာ ချမ်းစိမ့်ခြင်း၊ ဆီးခဏခဏသွားခြင်း၊ပျို့ခြင်း၊ဆီးအောင့်ခြင်း၊နံရိုး (သို့) ခါးစောင်းတွင်အောင့်ခြင်း၊ ရုတ်တရက် ဆီးအရမ်းသွားလိုစိတ်ဖြစ်ကာ မထိန်းနိုင်ခြင်း နဲ့ အန်ခြင်းတို့ ဖြစ်ပါတယ်။

အထက်မှာဖော်ပြထားတဲ့အထဲမှာမပါဝင်တဲ့ အခြားသောလက္ခဏာတွေလည်းရှိနိုင်ပါသေးတယ်။ တကယ်လို့ကိုယ့်ဆီမှာ ရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီး စိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ

သင့်ဆီမှာ အထက်ဖော်ပြပါ ရောဂါလက္ခဏာတွေထဲက တစ်ခုခုများရှိနေမယ်ဆိုရင် ဒါမှမဟုတ် မေးခွန်းတစ်ခုခုရှိနေမယ်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။ ဗိုက်အပြင်းအထန် အောင့်ခြင်း၊ ဆီးပူခြင်း နဲ့ဆီးသွားလျှင် သွေးပါခြင်းတို့ဖြစ်လျှင် ဆရာဝန် ဆီ ချက်ချင်းသွားပါ။ လူတိုင်းရဲ့ခန္ဓါကိုယ်တုံ့ပြန်မှုဟာ မတူညီနိုင်ပါဘူး။ သင့်အခြေအနေအတွက် ဘာအကောင်းဆုံးလဲဆိုတာကို သင့်ဆရာဝန်နဲ့ တိုင်ပင်တာက အကောင်းဆုံးပါပဲ။

အကြောင်းရင်းများ

Pyelonephritis (ကျောက်ကပ် ပိုးဝင်သောရောဂါ) ကိုဘာတွေကဖြစ်စေသလဲ

Pyelonephritis ဟာ ဘက်တီးရီးယားပိုးက ဆီးကို ဝင်ရောက်ကူးစက်မယ်။ ဆီးမှ တစ်ဆင့် ဆီးလမ်းကြောင်း ( သို့) သွေးစီးကြောင်းမှ တစ်ဆင့် ကျောက်ကပ်ကို ကူးပြီး အဆင့်ဆင့်ဖြစ်လာတဲ့ ရောဂါတစ်မျိုးပါ။ ထိုနည်းအားဖြင့် ဘက်တီးရီးယားပိုးတွေဟာ ပွားများလာပြီး ကျောက်ကပ်ကို ကူးစက်ကာ အန ္တရာယ်ပေးပါတယ်။

pyelonephritis ကိုဖြစ်စေတဲ့ ဘက်တီးရီးယားတွေအများကြီးရှိသော်လည်း E.coli ပိုး ကတော့ အဖြစ်များဆုံးဖြစ်ပါတယ်။

Risk factors

Pyelonephritis (ကျောက်ကပ် ပိုးဝင်သောရောဂါ) ဖြစ်နိုင်ခြေကိုဘာတွေက မြင့်တက်စေသလဲ

Pyelonephritis ဖြစ်ပွားနိုင်ခြေ ကိုမြင့်စေတဲ့အကြောင်းရင်းတွေ အများကြီးရှိပါတယ်။

  • ကျား/မ။

အမျိုးသမီးတွေမှာ အမျိုးသားတွေထက် ဖြစ်ဖို့အခွင့်အလမ်း ပိုများဖြစ်ပါတယ်။ အမျိုးသမီးတွေရဲ့ ဆီးပြွန်လမ်းကြောင်းဟာ အမျိုးသားတွေထက် တိုတာကြောင့် ဆီးအိမ်ကို အပြင်မှ ပိုးဝင်လာမှုဟာ မြန်ဆန်ပါတယ်။

  • ဆီးလမ်းကြောင်းပိတ်ခြင်း။ ။

ဆီးစွန့် ခြင်းကို နှေးစေတဲ့ မည့်သည့်အရာမဆို သို့မဟုတ် ဆီးသွားစဉ် ဆီးအိမ်အတွင်းမှ ဆီးကို ကုန်အောင် ထုတ်နိုင်စွမ်းမရှိသည့်အခါမျိုးဆို( ဥပမာ ဆီးကျောက်တည်ခြင်း၊ခန္ဓါကိုယ် ဆီးသွားစနစ်ပုံမှန်မဟုတ်ခြင်း (သို့) အမျိုးသားတွေမှာ ဆီးကျိတ်ရောင်ခြင်းစသည့် ကိစ္စများဟာ) ကျောက်ကပ်ပိုးဝင်နိုင်ခြေ မြင့်မားစေပါတယ်။

  • ကိုယ်ခံအား စနစ်အားနည်းခြင်း။ ။

သင့်ရဲ့ ကိုယ်ခံအားစနစ်ကို ထိခိုက်စေတဲ့ ရောဂါများ ဥပမာ ဆီးချို၊ HIV ရောဂါ တို့ဟာ ကျောက်ကပ်ပိုးဝင်မှုကို မြင့်မားစေပါတယ်။ အစားထိုးအင်္ဂါတွေကို ခန္ဓါကိုယ်မှ လက်ခံနိုင်အောင် သုံးရသော အချို့ဆေးကလည်း ကိုယ်ခံအားနည်းစေသောကြောင့် ကျောက်ကပ်ပိုးဝင်ခြင်းကို ဖြစ်စေနိုင်ပါတယ်။

  • ဆီးပိုက် ကြာရှည်စွာ ထည့်ထားခြင်း
  • ဆီးသည် ဆီးအိမ်မှတစ်ဆင့် ကျောက်ကပ်တွင်း သို့ နောက်ပြန်စီးသော အခြေအနေ

    အထက်ပါ ဖြစ်ပွားနိုင်ချေ မြင့်စေသော အချက်များ မရှိခြင်းသည် သင် ဒီရောဂါ မဖြစ်ပွားနိုင်ဟု မဆိုလိုပါ။ ထိုအချက်များသည် အညွှန်းသက်သက်သာ ဖြစ်ပါသည်။ ဆက်လက်သိရှိလိုသော အချက်အလက်များအတွက် သင့်ရဲ့ဆရာဝန်နဲ့ အမြဲတိုင်ပင်ဆွေးနွေးပါ။

    ရောဂါအဖြေရှာခြင်းနှင့် ကုသမှု

    ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.

    Pyelonephritis (ကျောက်ကပ် ပိုးဝင်သောရောဂါ)ကို ဘယ်လိုအတည်ပြုပါသလဲ

    ဆရာဝန်တွေက ကျန်းမာရေးဆိုင်ရာ မေးခွန်းများမေးခြင်း နှင့် ဖျားခြင်း၊ ခါးအောင့်ခြင်း အစရှိတဲ့ လက္ခဏာတွေကို စမ်းသပ်စစ်ဆေးခြင်းဖြင့် အဖြေရှာနိုင်ပါတယ်။

    အကယ်လို့ ကျောက်ကပ်ပိုးဝင်နေတယ်လို့ သံသယရှိနေလျှင် ဆရာဝန်က ဆီးစစ်ခြင်း၊ သွေးစစ်ခြင်းဖြင့် ဘက်တီးရီးယားပိုးကို ရှာဖွေနိုင်ပါလိမ့်မယ်။ ဒါ့အပြင် အာထရာဆောင်း (သို့) ကျောက်ကပ်ကို ကွန်ပျူတာဓါတ်မှန် ရိုက်ခြင်းဖြင့် ရောဂါရှာနိုင်ပါတယ်။

    Pyelonephritisကို ဘယ်လိုကုသပါသလဲ

    လူနာတော်တော်များများကိုတော့ ဆေးရုံတက်ခိုင်းပြီး သွေးကြောတွင်း ပဋိဇီဝဆေးများ တိုက်ရိုက် သွင်းခြင်းဖြင့် ကုသပါတယ်။ လက္ခဏာတွေ သက်သာပြီ ဆိုလျှင် ပဋိဇီဝဆေးတွေကို သောက်ဆေးပြောင်းပေးပြီး ၂ ပတ်မှ ၄ ပတ်အထိ သောက်ခိုင်းပါမယ်။

    အကိုက်အခဲပျောက်ဆေးများနှင့် အရည်ဓါတ်တွေကို လည်း ရေဓါတ်ခမ်းခြောက်မှုရှိနေလျှင် အကြောတွင်း သွင်းပေးခြင်းဖြင့် ကုသပါတယ်။ နောက်တစ်ဖန်ပြန်ဖြစ်တဲ့ ဆီးပိုးဝင်ရောဂါ တွေဆိုလျှင် ပဋိဇီဝဆေးတွေကို ပမာဏ နည်းနည်းကို နေ့စဉ် ရက်သတ္တပတ်လောက်ပေးပြီး ပိုးဝင်ခြင်းကို ကာကွယ်ပါတယ်။

    ဆီးကျောက်တည်ခြင်းကြောင့် ဖြစ်တယ်ဆိုလျှင် ဆီးနှင့် ကျောက်ကပ် အထူးကုမှ လေဆာ (သို့) ပြင်းအားမြင့်အသံလှိုင်းဖြင့်ကျောက် ချေဖျက်သောနည်း (သို့) ခွဲစိပ်ခြင်းတို့ဖြင့် ကျောက်ကို ထုတ်ခိုင်းပါလိမ့်မယ်။

    လူကြီးတွေမှာဆိုလျှင် ရောဂါပိုးကျန်မကျန်သိရှိနိုင်ရန် ကုသမှုပြီးတိုင်း ဆီးပိုးပြန်မွေးကြည့်ရပါတယ်။ တကယ်လို့ ရောဂါပိုးရှိနေသေးတယ်ဆိုလျှင် ပဋိဇီဝဆေးကို နောက်ထပ် ၁၄ ရက်စာ ထပ်ပေးရပါတယ်။ ထပ်ရှိနေသေးလျှင် ၆ ပတ်အထိပေးပါတယ်။

    လူနေမှုပုံစံပြောင်းလဲခြင်းနဲ့ အိမ်သုံးကုထုံးတွေအသုံးပြုခြင်းက pyelonephritis ကို ကုသရာမှာ ဘယ်လိုအထောက်အကူပြုနိုင်မလဲ။

    အောက်ဖော်ပြပါ လူနေမှုပုံစံများနဲ့ အိမ်သုံးကုထုံးများက သင့်အနေဖြင့် pyelonephritis ကိုကုသတဲ့နေရာမှာနဲ့ လိုက်လျောညီထွေဖြစ်အောင်နေတဲ့နေရာတွေမှာ အကူအညီပေးနိုင်ပါတယ်။

    • ရေဓါတ်ခမ်းခြောက်လျှင် ရေများများသောက်ပါ သို့သော် အရက်မသောက်ပါနဲ့။

    • ရေနဲ့ ဘယ်ရီသီးဖျော်ရည်တို့ဟာ ဆီးပိုးကို ဆီးအိမ်အတွင်းကပ်မနေနိုင်အောင် ကာကွယ်ပေးခြင်းဖြင့် ရောဂါပြန်ဖြစ်မှုကို လျှော့ချပေးပါတယ်။

    • ဆီးအကြာကြီး အောင့်ထားခြင်းကို ရှောင်ကြဉ်ပါ။ လိင်ဆက်ဆံမှု မပြုခင်နဲ့ ပြုပြီး အချိန်တွေမှာ ဆီးသွားခြင်းဖြင့် ဆီးပိုးဝင်မှုကို ရှောင်ကြဉ်နိုင်ပါတယ်။

    • ဆီးကျောက်ရှိလျှင် ဖယ်ရှားပါ။ ဆီးကျိတ်ကြီးနေလား ဆိုတာ ပုံမှန် စမ်းသပ်စစ်ဆေးမှုလုပ်ပါ။ ရှိနေလျှင် ကုပါ။

    • ဆရာဝန်မညွှန်ကြားဘဲ မိမိသဘောနှင့် ဆေးပမာဏ တိုးခြင်း လျှော့ခြင်း၊ ဆေးရပ်ခြင်းများ မပြုလုပ်ရပါ။

    • တိုင်းရင်းဆေးများကို မိမိသဘောနှင့် ဝယ်မသောက်ပါနှင့်။ တချို့ဆေးတွေက ကျောက်ကပ်ရောဂါဖြစ်စေနိုင်ပါတယ်။

    အကယ်၍ သင့်မှာ မေးခွန်းတွေရှိမယ်ဆိုရင် သင့်အတွက် သင့်တော်တဲ့ အဖြေရှာဖွေနိုင်ဖို့ ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။

    Dr. K Zin Thwe


    Dr. Kaung Thar မှ ရေးသားသည်။ · 07/08/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement