backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

Kidney Injury ( ကျောက်ကပ်ပျက်စီးခြင်း )

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar


Hello Sayarwon Panel မှ ရေးသားသည်။ · 21/11/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

Kidney Injury ( ကျောက်ကပ်ပျက်စီးခြင်း )

ခန္ဓာကိုယ်မှာ ကျောက်ကပ်က အညစ်အကြေးတွေ စွန့်ထုတ်ပေးတာ၊ ဗီတာမင်ဒီနဲ့ သွေးနီဥတွေ ထုတ်လုပ်ပေးတာ၊ ကိုယ်တွင်းအက်စစ်ဓာတ်တွေ မျှတအောင် ထိန်းညှိပေးတာ စတဲ့ အရေးပါတဲ့လုပ်ငန်းတွေကို လုပ်ဆောင်ပေးပါတယ်။ ကျောက်ကပ်ထိခိုက်ရင် ဒီလုပ်ငန်းတွေ အားလုံး ထိခိုက်သွားနိုင်တာကြောင့် ကျောက်ကပ်ပျက်စီးခြင်း အကြောင်း လေ့လာလိုက်ရအောင်နော်။

Kidney Injury ( ကျောက်ကပ်ပျက်စီးခြင်း ) ဆိုတာ ဘာလဲ။

ကျောက်ကပ်ဆိုတာ ခါးအောက်ပိုင်းမှာ တည်ရှိနေတဲ့ အင်္ဂါတစ်စုံဖြစ်ပါတယ်။ ကျောက်ကပ်တစ်လုံးစီက ကျောရိုးရဲ့ တစ်ဘက်တစ်ချက်စီမှာ ရှိနေပါတယ်။ သွေးတွေကို စစ်ပေးပြီး ကိုယ်အတွင်းအဆိပ်တွေကို ဖယ်ရှားပေးပါတယ်။ ကျောက်ကပ်တွေဟာ အဆိပ်တွေကို ဆီးအိတ်ဆီပို့ပေးပါတယ်။ ခန္ဓာကိုယ်က ဆီးသွားစဉ်မှာ အဆိပ်တွေကိုဖယ်ထုတ်လိုက်ပါတယ်။

ကျောက်ကပ်တွေက ခန္ဓာကိုယ်အတွင်းအညစ်အကြေးတွေကို လုံလုံလောက်လောက်မစစ်ပေးနိုင်တော့တဲ့အခါ ကျောက်ကပ်ပျက်စီးခြင်း ဖြစ်လာပါတယ်။

ကျောက်ကပ်ပျက်စီးခြင်းရဲ့ လက္ခဏာတွေက ဘာတွေလဲ

ကျောက်ကပ်ပျက်စီးခြင်းရဲ့ အဖြစ်အများဆုံး ရောဂါလက္ခဏာတွေကတော့

  • ဆီးသွားနည်းခြင်း
  • ကျောက်ကပ်က အညစ်အကြေးတွေကို မဖယ်ထုတ်ပေးနိုင်တော့တာကြောင့် အရည်တွေစုမိပြီး ခြေထောက်၊ ခြေချင်းဝတ်ရောင်ခြင်းဖောခြင်း၊ မျက်နှာဖောခြင်း
  • အသက်ရှူ မဝခြင်း
  • အလွန်အမင်း မောပန်းခြင်း
  • မူးဝေခြင်း
  • ရင်ဘတ်အောင့်ခြင်း၊ ကျပ်ခြင်း
  • တက်ခြင်း
  • သတိလစ်ခြင်းတို့ ဖြစ်ပါတယ်။

ကျောက်ကပ်ပျက်စီးခြင်း ကို ဘာတွေကဖြစ်စေသလဲ

ကျောက်ကပ်ဆီသို့သွေးအရောက်နည်းခြင်း

ရုတ်တရက်ကျောက်ကပ်ဆီကို သွေးအရောက်နည်းခြင်းက ကျောက်ကပ်ပျက်စီးခြင်းကို ဖြစ်စေနိုင်ပါတယ်။ ကျောက်ကပ်သွေးအရောက်နည်းခြင်းကို ဖြစ်စေနိုင်တဲ့ရောဂါတွေကတော့

  • ရုတ်တရက် နှလုံးရပ်ခြင်း
  • နှလုံးရောဂါ
  • အသည်းခြောက်ခြင်း၊ အသည်းပျက်စီးခြင်း
  • ရေဓာတ်ခန်းခြောက်ခြင်း
  • ဆိုးရွားတဲ့ မီးလောင်ဒဏ်ရာ
  • ဓာတ်မတည့်မှုဖြစ်စဉ်များ
  • သွေးဆိပ်သင့်ခြင်းကဲ့သို့သော ပြင်းထန်တဲ့ကူးစက်ပိုးဝင်ခြင်း
  • သွေးပေါင်ညှိပေးတဲ့ဆေးတွေနဲ့ အရောင်ကျဆေးတွေကလည်း သွေးအရောက်နည်းစေနိုင်ပါတယ်။

ဆီးစွန့်ခြင်းဆိုင်ရာ ပြဿနာများ

ခန္ဓာကိုယ်က ဆီးမစွန့်နိုင်တော့တဲ့အခါမှာ အဆိပ်အတောက်တွေ စုပုံလာပြီး ကျောက်ကပ်ကို ဝန်ဖြစ်စေနိုင်ပါတယ်။ ကင်ဆာကျိတ်အချို့ကလည်း ဆီးလမ်းကြောင်းကို ပိတ်ဆို့ထားနိုင်ပါတယ်။ ဥပမာ ဆီးကျိတ်၊ အူမကြီး၊ သားအိမ်ခေါင်းနဲ့ ဆီးအိတ်ကင်ဆာတို့ ဖြစ်ပါတယ်။

အခြားအခြေအနေတွေကနေလည်း ဆီးစွန့်ခြင်းကိုအဟန့်အတားဖြစ်စေနိုင်ပြီး ကျောက်ကပ်ပျက်စီးခြင်းကို ဖြစ်စေနိုင်ပါတယ်။ ဥပမာ

  • ကျောက်ကပ်ကျောက်တည်ခြင်း
  • ဆီးကျိတ်ကြီးခြင်း
  • ဆီးလမ်းကြောင်းအတွင်း သွေးခဲခြင်း
  • ဆီးအိတ်ကို ထောက်ပံ့ပေးတဲ့အာရုံကြောများ ပျက်စီးခြင်း

အခြားအကြောင်းရင်များ

အချို့သောရောဂါနဲ့ အခြေအနေတွေကြောင့်လည်း ကျောက်ကပ်ပျက်စီးခြင်းကို ဖြစ်စေနိုင်ပါတယ်။

  • ကျောက်ကပ်အတွင်း ဒါမှမဟုတ် အနီးတစ်ဝိုက်မှာ သွေးခဲခြင်း
  • ကူးစက်ပိုးဝင်ခြင်း
  • သတ္တုအဆိပ်သင့်ခြင်း
  • သွေးကြောရောင်ခြင်း
  • ခန္ဓာကိုယ်အစိတ်အပိုင်းတော်တော်များများ ရောင်ရမ်းခြင်းကိုဖြစ်စေတဲ့ ခုခံအားစနစ်ဖောက်လွဲဖောက်ပြန်ဖြစ်ခြင်း လူးပတ်စ်ရောဂါ
  • ကျောက်ကပ်မှာရှိတဲ့ သွေးကြောငယ်လေးတွေ ရောင်ရမ်းခြင်း
  • သွေးနီဥများပေါက်ကွဲခြင်းရောဂါစု
  • ရိုးတွင်းချဉ်ဆီအတွင်း သွေးဆဲလ်များမှဖြစ်တဲ့ကင်ဆာ
  • သွေးကြောငယ်များအတွင်း သွေးခဲခြင်းကိုဖြစ်စေတဲ့ ရောဂါ
  • ကင်ဆာကုဆေးများနဲ့ ခုခံအားစနစ်ဖောက်ပြန်ခြင်းကြောင့်ဖြစ်တဲ့ ရောဂါတွေမှာ အသုံးပြုတဲ့ဓာတုကုထုံးဆေးများ
  • ဓာတ်မှန်ရိုက်ရာမှာ သုံးလေ့ရှိတဲ့ ဆိုးဆေးများ
  • အချို့သော ပဋိဇီဝဆေးများ

ကျောက်ကပ်ပျက်စီးခြင်းဖြစ်နိုင်ခြေကို ဘာတွေက မြင့်တက်စေသလဲ

ကျောက်ကပ်ပျက်စီးခြင်း ဖြစ်ပွားနိုင်ချေကို မြင့်စေတဲ့အကြောင်းရင်းတွေ အများကြီးရှိပါတယ်။ ဥပမာအားဖြင့်

  • ဆီးချိုရောဂါ
  • သွေးတိုးရောဂါ
  • နှလုံးရောဂါ
  • ကျောက်ကပ်ပျက်စီးဖူးခြင်း

ကျောက်ကပ်ပျက်စီးခြင်းကို ဘယ်လိုအတည်ပြုပါသလဲ

စစ်ဆေးစမ်းသပ်မှု နည်းလမ်းတွေ အများကြီးရှိပါတယ်။

  • ဆီးစစ်ခြင်း

ဆီးနမူနာကိုယူပြီး ဆီးအတွင်းပုံမှန်မဟုတ်တဲ့ ပရိုတိန်း၊ သကြားပါဝင်နေခြင်းများကို စမ်းသပ်နိုင်ပါတယ်။ သင့်ဆရာဝန်က သွေးနီဥ၊ သွေးဖြူဥပမာဏ၊ ဘတ်တီးရီးယားများနဲ့ ပါဝင်သမျှ ဆဲလ်များအားလုံးအရေအတွက်ကိုလည်း စစ်ဆေးပါလိမ့်မယ်။

  • ဆီးပမာဏတိုင်းတာခြင်း

ဆီးသွားတဲ့ပမာဏကို တိုင်းတာခြင်းဖြင့် ကျောက်ကပ်ပျက်စီးခြင်းကို ခန့်မှန်းနိုင်ပါတယ်။ ဥပမာအားဖြင့် ဆီးသွားနည်းခြင်းက ဆီးလမ်းကြောင်း ပိတ်ဆို့ခြင်း၊ ကျောက်ကပ်ဆီကို သွေးကောင်းကောင်း မရောက်ခြင်း စတာတွေကို ညွှန်ပြနေပါတယ်။

  • သွေးနမူနာများ

ကျောက်ကပ်ကနေစွန့်ထုတ်စစ်ထုတ်ပေးလိုက်တဲ့ blood urea nitrogen (BUN)နဲ့ creatinine (Cr)လိုမျိုး ပစ္စည်းများကို တိုင်းတာနိုင်ပါတယ်။ သွေးတွင်းပမာဏများနေခြင်းက ကျောက်ကပ်ပျက်စီးခြင်းကို ညွှန်ပြနေပါတယ်။

  • ပုံဖော်မှန်းဆခြင်း

အယ်လ်ထရာဆောင်း၊ အမ်အာအိုင်၊ စီတီစကန်စတဲ့နည်းတွေနဲ့ ဆီးလမ်းကြောင်းတစ်လျှောက်နဲ့ ကျောက်ကပ်ကိုပါ ပုံဖော်မှန်းဆနိုင်ပါတယ်။ ကျောက်ကပ်များအတွင်း ပိတ်ဆို့မှု၊ ပုံမမှန်မှုများရှိမရှိ ဆရာဝန်က အဖြေရှာနိုင်ပါလိမ့်မယ်။

  • ကျောက်ကပ်တစ်ရှူးနမူနာ

တစ်ရှူးနမူနာတွေကို ပုံမှန်မဟုတ်ဘဲ အနည်ထိုင်ခြင်း၊ ဒဏ်ရာဖြစ်ခြင်း ဒါမှမဟုတ် ကူးစက်ပိုးတွေကို စမ်းသပ်ဖို့အတွက် သုံးနိုင်ပါတယ်။

ကျောက်ကပ်တစ်ရှူးစထုတ်ခြင်းနည်းနဲ့ တစ်ရှူးနမူနာကိုထုတ်ယူပါတယ်။ ထုံဆေးသုံးပြီး တစ်ရှူးထုတ်ယူတဲ့အပ်ကို အရေပြားမှဖောက်ပြီး ကျောက်ကပ်အတွင်းထိ ထိုးထည့်လိုက်ပြိး အသားစကို ယူပါတယ်။ အိက်စ်ရေး၊ အယ်လ်ထရာဆောင်းစက်တွေနဲ့ ကျောက်ကပ်တည်နေရာကို ထောက်ကြည့်ခြင်းက အသားစယူခြင်းကို ပိုတိကျစေပါတယ်။

ကျောက်ကပ်ပျက်စီးခြင်း ကို ဘယ်လိုကုသပါသလဲ

ကျောက်ကပ်ပျက်စီးခြင်းအတွက် ကုသမှုမြောက်များစွာရှိပေမဲ့ ကျောက်ကပ်ပျက်စီးရခြင်းအကြောင်းရင်းပေါ်မူတည်ပြီး ကုသမှုအမျိုးအစားကွဲပါတယ်။ သင့်ဆရာဝန်က သင့်အတွက် အကောင်းဆုံးကုသမှုကို ဆွေးနွေးပေးပါလိမ့်မယ်။

  • သွေးသန့်စင်ခြင်း

စက်ကို အသုံးပြုပြီး သွေးကို စစ်ထုတ်သန့်စင်ပေးခြင်း ဖြစ်ပါတယ်။ ကျောက်ကပ် ပျက်စီးနေတဲ့အတွက် စက်နဲ့ ကျောက်ကပ်အတိုင်း သန့်စင်ပေးတာဖြစ်ပါတယ်။ သွေးသန့်စင်ခြင်းအမျိုးအစားပေါ်မူတည်ပြီး ကြီးမားတဲ့စက်နဲ့ ချိတ်ဆက်ထားတာမျိုး ဒါမှမဟုတ် အိတ်နဲ့ဆက်ထားနိုင်ပါတယ်။

သွေးသန့်စင်ခြင်း ပြုနေစဉ်အတွင်း ပိုတက်ဆီယမ်၊ ဆားနည်းတဲ့ အစားအစာတွေကိုသာ ညွှန်းလေ့ရှိပါတယ်။ သွေးသန့်စင်ခြင်းက ကျောက်ကပ်ပျက်စီးခြင်းကို ပျောက်ကင်းအောင်မကုသနိုင်ပေမဲ့ ပုံမှန်ကုသမှုခံယူနေခြင်းမယ်ဆိုရင် သင့်သက်တမ်းကို ရှည်စေနိုင်ပါတယ်။

  • ကျောက်ကပ်အစားထိုးခြင်း

နောက်ထပ်ကုသမှုနည်းလမ်းကတော့ ကျောက်ကပ်အစားထိုးခြင်းဖြစ်ပါတယ်။ သင့်ခန္ဓာကိုယ်နဲ့ ကိုက်ညီတဲ့ ကျောက်ကပ်ကို အစားထိုးလိုက်တာ ဖြစ်ပါတယ်။

အစားထိုးကုသခြင်းရဲ့အကျိုးကျေးဇူးတွေကတော့ ကျောက်ကပ်အသစ်က အလုပ်ကောင်းကောင်းလုပ်နိုင်တာကြောင့် သွေးသန့်စင်ခြင်းထပ်လုပ်စရာမလိုတော့ပါဘူး။ မကောင်းတာကတော့ ခုခံအားဖိနှိပ်ပေးတဲ့ဆေးတွေကို ခွဲစိတ်ကုသမှုနောက်ပိုင်း အသုံးပြုရမှာဖြစ်ပါတယ်။

ဒီဆေးတွေမှာ သက်ဆိုင်ရာဘေးထွက်ဆိုးကျိုးတွေရှိနေပြီး အချို့ကပြင်းထန်ပါတယ်။ အစားထိုးခွဲစိတ်ခြင်း မအောင်မြင်တာမျိုးလည်း ဖြစ်သွားနိုင်ပြီး အသက်အန္တရာယ်ပေးနိုင်ပါတယ်။

လူနေမှုပုံစံပြောင်းလဲခြင်းနှင့် အိမ်သုံးကုထုံးများ။

အောက်ဖော်ပြပါ လူနေမှုပုံစံများနဲ့ အိမ်သုံးကုထုံးများက ကျောက်ကပ်ပျက်စီးခြင်းကို ကုသတဲ့နေရာမှာနဲ့ ပိုမဆိုးလာအောင် အကူအညီပေးနိုင်ပါတယ်။

  • ဆေးတွေ သောက်တဲ့အခါ သတိပြုပါ။ ဆေးတွေကို ကျောက်ကပ်ကနေ စွန့်ထုတ်ရတာကြောင့် မလိုအပ်ဘဲ၊ ဆရာဝန်မညွှန်ဘဲ ဆေးတွေ မသောက်ပါနဲ့။ အထူးသဖြင့် အကိုက်အခဲပျောက်ဆေးတွေ၊ သစ်ဥသစ်ဖုတွေကို ကြိတ်သောက်တာတွေကို သတိထားပါ။
  • အိမ်တွင်းအသုံးပြုသန့်စင်ဆေး၊ ဆေးရွက်ကြီး၊ ပိုးသတ်ဆေးနဲ့ အခြားအဆိပ်ဖြစ်စေနိုင်တဲ့ပစ္စည်းများနဲ့ ထိတွေ့ခြင်းကိုရှောင်ခြင်း
  • အငန်ကဲတဲ့ အစားအစာများကိုရှောင်ခြင်း
  • ဆေးလိပ်ဖြတ်ခြင်း
  • အရက်လျှော့သောက်ခြင်း
  • ကိုယ်အလေးချိန်ထိန်းခြင်း

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Kaung Thar


Hello Sayarwon Panel မှ ရေးသားသည်။ · 21/11/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

advertisement iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

advertisement iconadvertisement
advertisement iconadvertisement