backup og meta

အာဆီယံတိုင်းပြည်တွေ ဖန်တီးတဲ့ COVID-19 ကာကွယ်ဆေးထွက်ပေါ်လာတော့မလား


Ye Zon Aung မှ ရေးသားသည်။ · 08/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အာဆီယံတိုင်းပြည်တွေ ဖန်တီးတဲ့ COVID-19 ကာကွယ်ဆေးထွက်ပေါ်လာတော့မလား

    ခုအချိန်ကာလမှာ COVID-19 ကာကွယ်ဆေး ဖန်တီးထုတ်လုပ်ရေးဟာ တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ အရှိန်ရလာနေတဲ့ လုပ်ငန်းစဉ်တစ်ခုဖြစ်ပါတယ်။ နည်းပညာဖွံ့ဖြိုးပြီး ငွေကြေးဓနကြွယ်ဝတဲ့ တိုင်းပြည်ကြီးတွေမှာ COVID-19 ကာကွယ်ဆေးတွေ အလျှိုအလျှိုထွက်ပေါ်လာနေပြီဖြစ်သလို တချို့မဖန်တီးနိုင်တဲ့ တိုင်းပြည်တွေကလည်း အင်နဲ့အားနဲ့ ဝယ်ယူနေကြပါတယ်။

    ကာကွယ်ဆေးတွေ စတင် ထွက်ပေါ်လာနေပြီဖြစ်ပေမယ့် လုံလောက်တဲ့ပမာဏမျိုး ထုတ်လုပ်နိုင်ဖို့ အချိန်အတိုင်းအတာတစ်ခုအထိ စောင့်ဆိုင်းရဦးမှာဖြစ်သလို မလုံလောက်သေးတာကြောင့် ဆေးဝါးတန်ကြေးကလည်း ဈေးနှုန်းမြင့်မားနေပါတယယ်။

    ဒါကြောင့် ကာကွယ်ဆေးကို အင်အားကြီးတိုင်းပြည်တွေသာ ဦးစွာပထမ အလုံးအရင်းနဲ့ဝယ်ယူမှုတွေရှိလာပြီး ကာကွယ်ဆေးထိုးနှံမှုတွေကိုလည်း အဆိုပါတိုင်းပြည်ကြီးတွေသာ ပြုလုပ်နိုင်သေးပါတယ်။

    ဒီလိုအခြေအနေမျိုးမှာ ဒီကမ္ဘာလုံးဆိုင်ရာကပ်ဘေးကြီးကို အလျှင်အမြန်တွန်းလှန်ဖို့နဲ့ ကာကွယ်ဆေးကို လုံလုံလောက်လောက် ပမာဏမျိုး လက်ဝယ်ပိုင်ဆိုင်နိုင်ဖို့ နည်းလမ်းရှာဖွေမှုတွေ ပြုလုပ်လာကြရပြီဖြစ်ပါတယ်။ ဒီလို နည်းလမ်းရှာဖွေလာကြတဲ့တိုင်းပြည်တွေထဲမှာ အာဆီယံတိုင်းပြည်တွေလည်း ပါဝင်နေပါတယ်။

    မြန်မာနိုင်ငံပါဝင်နေတဲ့ အာဆီယံအဖွဲ့ကြီးလက်အောက်က နိုင်ငံ ၁၂ နိုင်ငံ (အဖွဲ့ဝင် ၁၀ နိုင်ငံ + လေ့လာသူ ၂ နိုင်ငံ) တို့ဟာလည်း COVID-19 ရောဂါဒါဏ်ကို အလူးအလှိမ့်ခံစားနေကြရသူတွေဖြစ်ပါတယ်။ ဒါကြောင့်လည်း တိုင်းပြည်တစ်ချို့က ဆေးဝါးဝယ်ယူဖို့ စီစဉ်နေကြသလို တိုင်းပြည်တစ်ချို့ကတော့ ကိုယ်တိုင် ဆေးဝါးထုတ်လုပ်ဖို့အထိပါ ခြေလှမ်းနေကြပါတယ်။

    ဒါကြောင့် အာဆီယံတိုင်းပြည်တွေထဲက COVID-19 ကာကွယ်ဆေးကို Home-growth Vaccine အဖြစ် ကိုယ်တိုင်ဖန်တီးနိုင်ဖို့ ကြိုးပမ်းနေတဲ့တိုင်းပြည်တွေအကြောင်းကို ဗဟုသုတအနေနဲ့ ဖော်ပြပေးချင်ပါတယ်။

    ဗီယက်နမ်

    ဖွံဖြိုးဆဲတိုင်းပြည်တွေ COVID-19 ကာကွယ်ဆေး အလုံအလောက် ရရှိဖို့ ခက်ခဲနိုင်တယ်လို့ ကြိုတင်ခန့်မှန်းထားတဲ့ ဗီယက်နမ်ဟာ သူ့တိုင်းပြည်ထဲက အရင်းအမြစ်တွေနဲ့ ကာကွယ်ဆေးထုတ်ဖို့ ကနဦးကတည်းက ကြိုးပမ်းခဲ့တာပါ။ ခုချိန်မှာတော့ သူတို့ရဲ့ ကိုယ်ပိုင် COVID-19 ကာကွယ်ဆေးဟာ အောင်မြင်လုနီးပါး အခြေအနေကို ရောက်ရှိနေပါပြီ။

    ပုဂ္ဂလိကပိုင် ကုမ္ပဏီ ၃ ခုနဲ့ အစိုးရပိုင်ကုမ္ပဏီ ၁ ခုတို့ အပြိုင်ကြိုးပမ်းခဲ့ကြရာမှာ Nanogen ဆိုတဲ့ ပြည်တွင်းကုမ္ပဏီက လူနဲ့ စမ်းသပ်တဲ့အဆင့်ကို စတင်နိုင်ခဲ့ပြီဖြစ်ပါတယ်။ လက်တလောမှာ Nanocovax ဆေးဝါးသစ်ကို စမ်းသပ်ခံစစ်မှုထမ်း ၃ ဦးမှာ စတင်စမ်းသပ်ထိုးနှံထားပြီး ရလဒ်ပိုင်းကို ၅၆ ရက်အထိ စောင့်ဆိုင်းရမှာဖြစ်ပေမယ့် တန်ကြေးမြင့်မားသလို ရမရလည်း မရေရာလှသေးတဲ့ ပြည်ပထုတ်ကာကွယ်ဆေးတွေကို စောင့်မျှော်နေတာထက်တော့ ပိုပြီး အားကောင်းတဲ့ မျှော်လင့်ချက်မျိုး ပိုင်ဆိုင်နေပြီလို့ ဆိုရမှာပါ။ ဗီယက်နမ်တွေကတော့ ၂၀၂၁ နှစ်ဝက်မကျိုးခင်မှာ ဆေးဝါးဖြန့်ချိနိုင်ဖို့ ပစ်မှတ်ထားနေပါပြီ။

    စင်ကာပူ

    အာဆီယံရဲ့ နည်းပညာအမြင့်မားဆုံးတိုင်းပြည်ဖြစ်တဲ့ စင်ကာပူကတော့ ဒေသတွင်းတိုင်းပြည်တွေထဲမှာ COVID-19 ကာကွယ်ဆေးထုတ်လုပ်နိုင်ဖို့ ပထမဆုံး စမ်းသပ်မှုပြုလုပ်ခဲ့တဲ့တိုင်းပြည်ပါ။ လူသားနဲ့ စမ်းသပ်မှုကို ဗီယက်နမ်ထက်အရင်စတင်နိုင်ခဲ့တာဖြစ်ပြီးတော့ ကနဦးစမ်းသပ်မှုမှာ ကျန်းမာရေးဝန်ထမ်း ၁၀၀ ဦးနဲ့စတင်ခဲ့တာပါ။ Lunar-Cov19 vaccine လို့ နာမည်ပေးထားတဲ့ ဆေးဝါးသစ်ဖန်တီးမှုကို Duke-NUS Medical School နဲ့ အမေရိကန်ဆေးဝါးကုမ္ပဏီ Arcturus Therapeutics တို့က ဦးဆောင် ဆောင်ရွက်နေတာဖြစ်ပါတယ်။

    စင်ကာပူကထုတ်လုပ်မယ့် ဆေးဝါးဟာ လက်ရှိမှာ ကိုယ်ခံအားစနစ်ကို တုန့်ပြန်နိုင်တဲ့ အခြေအနေကို ရောက်ရှိနေပြီဖြစ်ပြီး ဘေးထွက်ဆိုးကျိုးနည်းပါးကာ စိတ်ချရတဲ့ ဆေးဝါးဖြစ်လာရေးကို ဦးတည်ဖန်တီးနေတာဖြစ်ပါတယ်။ COVAX နဲ့လည်း ပူးပေါင်းထားတာကြောင့် အောင်မြင်ခဲ့မယ်ဆိုရင် ဆင်းရဲနွမ်းပါးတဲ့တိုင်းပြည်တွေကို ဈေးနှုန်းချိုသာစွာနဲ့ ဖြန့်ချိပေးမယ့် ဆေးဝါးလည်းဖြစ်ပါတယ်။ SingHealth Investigational Medicine Unit ကတော့ ဆေးဝါးက အသုံးပြုလို့ရနေပြီလို့ ဆိုထားပါတယ်။

    ထိုင်း

    ထိုင်းကတော့ ထူးထူးခြားခြား သူ့တိုင်းပြည်ထဲက ဓာတ်ခွဲခန်းတွေမှာ မစမ်းသပ်ပါဘူး။ ဆန်ဒီယေဂိုနဲ့ ဗန်ကူးပါးမှာ ရင်းနှီးမြှုပ်နှံပြီး ဆေးဝါးဖန်တီးဖို့ကြိုးပမ်းနေတာပါ။ ထိုင်းတွေရဲ့ စမ်းသပ်လေ့လာမှုတွေက ၂၀၂၀ နိုဝင်ဘာမှာ လူသားနဲ့စမ်းသပ်နိုင်တဲ့အဆင့်ဆီ လှမ်းတက်နိုင်ဖို့ မျှော်လင့်ချက်ထားထားတာဖြစ်ပေမယ့် ခုချိန်မှာတော့ အခြေအနေကို တိကျစွာ သိရှိရခြင်းမရှိသေးပါဘူး။ မူလအစီအစဉ်အရဆိုရင်တော့ လူ ၅၀၀၀ အထိကို စမ်းသပ်သွားဖို့ စီစဉ်ထားတာပါ။ ဒီ ဆေးဝါးဖန်တီးမှုကိုပြုလုပ်နေတဲ့ ထိုင်းပြည်တွင်းကုမ္ပဏီ BioNet-Asia ကတော့ ၂၀၂၁ စတုတ္ထ လေးလပတ်ကာလမှာ ဆေးဝါးပေါ်ထွက်လာဖို့ မျှော်လင့်ချက်ထားနေပါတယ်။

    အင်ဒိုနီးရှား

    အင်ဒိုနီးရှားကတော့ အစိုးရပိုင် ဆေးကုမ္ပဏီ Bio Farma နဲ့ တရုတ်ကုမ္ပဏီ Sinovac ရဲ့ ဆေးဝါးကို ထုတ်လုပ်ဖို့နဲ့ စမ်းသပ်ဖို့ ပူးပေါင်းဆောင်ရွက်နေသလို ပြည်တွင်းဆေးကုမ္ပဏီ Kalbe Farma ကလည်း တောင်ကိုရီးယားကုမ္ပဏီ Genexine နဲ့ပူးပေါင်းပြီး ကိုယ်ပိုင် ဆေးဝါးထုတ်လုပ်ဖို့ကိုလည်း ကြိုးပမ်းနေပါတယ်။ သူတို့ရဲ့ ရည်မှန်းချက်က ၂၀၂၁ မှာ ကာကွယ်ဆေးထုတ်နိုင်ဖို့ ဖြစ်ပါတယ်။

    မလေးရှား

    မလေးရှားကလည်း တခြားအာဆီယံအိမ်နီးချင်းတွေနည်းတူ COVID-19 ကာကွယ်ဆေး ကိုယ်တိုင်ဖန်တီးနိုင်ဖို့ အစီအစဉ်ရှိထားပါတယ်။ တရုတ်ကုမ္ပဏီတွေနဲ့ စတင်ခဲ့ပေမယ့် အဆင်မပြေမှုတွေကြောင့် ရပ်ဆိုင်းထားတာပါ။ ဒါပေမယ့်လည်း Clinical Research Malaysia ကတော့ စမ်းသပ်မှုတွေ ပြန်စဖို့ တာစူနေပါပြီ။ တဖက်မှာလည်း အမျိုးသားဓာတ်ခွဲခန်း၊ Malaysian Genome Institute ဟာ ဗိုင်းရပ်စ်ရဲ့ မျိုးဗီဇပိုင်းဆိုင်ရာကိစ္စတွေကို အထူးပြုလေ့လာနေပြီး သုတေသနအစီရင်ခံစာတွေ စတင်ထုတ်ဝေနေပြီဖြစ်ပါတယ်။

    ဖိလစ်ပိုင်

    ဖိလစ်ပိုင်နိုင်ငံ သမ္မတ ဒူတာတေးကတော့ ပြည်တွင်းကနေ COVID-19 ကာကွယ်ဆေး ဖန်တီးနိုင်မယ်ဆိုရင် ပီဆို ၁၀ သန်း (ဒေါ်လာ ၂ သိန်း) ဆုပေးမယ်လို့ ကြေညာထားပါတယ်။ သူတို့အနေနဲ့ တရုတ်နိုင်ငံက ချေးငွေနဲ့ COVID-19 ကာကွယ်ဆေး ဖန်တီးနိုင်ဖို့ မျှော်မှန်းချက်လည်း ထားရှိထားပါတယ်။

    အထက်မှာဖော်ပြထားတဲ့တိုင်းပြည်တွေကတော့ အာဆီယံဒေသတွင်းက Home-growth Vaccine ထုတ်လုပ်ဖို့ ကြိုးပမ်းနေတဲ့ တိုင်းပြည်တွေရဲ့ ကြိုးပမ်းနေမှုတွေဖြစ်ပါတယ်။

    ဒီတိုင်းပြည်တွေကတော့ ကနဦးကတည်းက အင်အားကြီးနိုင်ငံတွေဆီက ကာကွယ်ဆေးရယူဖို့ဆိုတဲ့ မျှော်လင့်ချက်ရဲ့နောက်မှာ ကိုယ်ပိုင်ကာကွယ်ဆေးထုတ်ဖို့အစီအစဉ်နဲ့ ကျားကန်ထားခဲ့ကြသူတွေတာပါ။

    ရှေ့ရေးကို မျှော်ကြည့်နိုင်ခဲ့ပြီး မူဝါဒကောင်းလည်း ချနိုင်ခဲ့တာမို့ ဗီယက်နမ်၊ ထိုင်း၊ စင်ကာပူ၊ မလေးရှားတို့ဟာ ပြည်တွင်းရောဂါအခြေအနေကို ထိမ်းချုပ်နိုင်ခဲ့သလို ကာကွယ်ဆေးထုတ်လုပ်နိုင်ဖို့လည်း ခြေလှမ်းသစ်တွေ လှမ်းလာနိုင်ခဲ့ပါတယ်။

    ကိုဗစ်ကပ်ဘေးကာလ အကျပ်အတည်းတွေဟာ အာဆီယံ နိုင်ငံအချင်းချင်းကြားက အရင်းအမြစ်၊ ခွန်အား၊ အရည်အသွေးနဲ့ ရည်မှန်းချက်တွေမှာ ကွာဟချက်ကြီးနေပြီဆိုတာကို ထင်းခနဲမြင်သာအောင် မီးမောင်းထိုးပြသွားတယ်လို့ ဆိုရလေမလား။

    [covid_19]

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Ye Zon Aung မှ ရေးသားသည်။ · 08/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement