backup og meta

တနင်္လာနေ့ ရောက်တိုင်း ရုန်းကန်နေရသူတွေ ရှိလား.....


Aye Thi Mon မှ ရေးသားသည်။ · 22/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    တနင်္လာနေ့ ရောက်တိုင်း ရုန်းကန်နေရသူတွေ ရှိလား.....

    Friday mood က အရာရာကို ပျော်စရာကောင်းစေပေမယ့် စနေ တနင်္ဂနွေပိတ်ရက်ပြီးလို့ တနင်္လာနေ့ ရုံးပြန်တက်ရချိန်မှာ တော်တော်လေး ရုန်းကန်ရတာ ကိုယ်တစ်ယောက်တည်းများလား။ Helloဆရာဝန် ပရိသတ်ကြီးတွေထဲမှာလည်း တနင်္လာနေ့ ရုံးတက်ဖို့ ရုန်းကန်နေရသူတွေရှိတယ်ဆိုရင် ဒီဆောင်းပါးလေးကို ဖတ်ကြည့်လိုက်ပါ။

    တနင်္လာနေ့တိုင်း ရုန်းကန်နေရတာကို ဒီလိုကျော်ဖြတ်ကြမယ်

    စနေ၊ တနင်္ဂနွေ ပျော်စရာရက်တွေကုန်ဆုံးလို့ ရုံးပြန်တက်ရမယ့် တနင်္လာနေ့ကို ရောက်လာတဲ့အခါ ရုံးမတက်ချင်ဘူး။ အရမ်းပျင်းတယ်။ အိပ်ရေးမဝဘူးခေါင်းကိုက်လိုက်တာ၊ စိတ်ပင်ပန်းတယ်လို့ ခံစားနေရတယ်ဆိုရင် ဒီနည်းလမ်းလေးတွေကို တစ်ချက်လောက်ကြည့်လိုက်ပါ။

    နေ့လယ်စာကို ကိုယ်အကြိုက်ဆုံး ဟင်းပြင်ဆင်ပါ

    ရုံးကို ထည့်သွားမယ့် ထမင်းဘူးကို ကိုယ်အကြိုက်ဆုံး ဟင်းနဲ့ ပြင်ဆင်သွားပါ။ ဒီလိုလုပ်ပေးတာက တနင်္လာနေ့ဆိုတဲ့ စိတ်ဖိစီးမှုကို အထိုက်အလျောက်သက်သာစေမှာပါ။ ဒီလိုထည့်သွားတာက မနက်ခင်းမှာ အကြိုက်ဆုံးဟင်းနဲ့ ထမင်းစားဖို့အတွက် စိတ်အားထက်သန်နေစေပြီး ညနေပိုင်းကိုလည်း အကြိုက်ဆုံးဟင်းကို စားသုံးပြီးတာကြောင့် ခံစားရတဲ့ စိတ်ကျေနပ်မှုနဲ့အတူ အကောင်းဆုံး ကျော်ဖြတ်နိုင်မှာပါ။

    သဘာဝတရားကို ခံစားပါ

    အလုပ်ကိုသွားတဲ့ လမ်းတလျှောက်မှာ သဘာဝတရားကိုထိတွေ့ခံစားသွားပါ။ ဒီလိုလုပ်တာက စိတ်ဖိစီးမှုကို သက်သာစေပြီး တနင်္လာနေ့ဆိုတဲ့ အသိစိတ်ကြောင့် စိတ်ကသိကအောက်ဖြစ်နေတာကို သက်သာစေနိုင်မှာပါ။ ကားမှတ်တိုင်ကနေ အလုပ်ကို လမ်းလျှောက်သွားတာမျိုးဖြစ်ဖြစ်ပေါ့။

    သီချင်းမြူးမြူးလေးတွေ နားထောင်ပါ

    တနင်္လာနေ့ဆိုတဲ့ စိတ်ခံစားချက်ကို တွန်းလှန်ပြီး အလုပ်တွေကို အကောင်းဆုံးလုပ်ဆောင်နိုင်ဖို့ နောက်ထပ်လုပ်ဆောင်သင့်တဲ့ နည်းလမ်းတစ်ခုက သီချင်းမြူးမြူးလေးတွေကို နားထောင်တာပါ။ အရမ်းနားဆူစေတာမျိုးမဟုတ်ဘဲ တက်တက်ကြွကြွနဲ့ စိတ်ကို လန်းဆန်းစေမယ့် သီချင်းမျိုးလေးတွေကို နားထောင်ပေးပါ။

    ညနေမှာ တစ်နေရာရာသွားဖို့ အစီအစဉ်ဆွဲထားပါ

    တနင်္လာနေ့ညနေမှာ သူငယ်ချင်းတွေနဲ့ တွေ့တာမျိုးဖြစ်ဖြစ် စိတ်ပျော်ရွှင်စေမယ့် တွေ့ဆုံမှုလေးတစ်ရပ်ရပ်အတွက် ကြိုတင်အစီအစဉ်ဆွဲထားပါ။ ဒီလိုလုပ်ဆောင်မှုက တစ်နေ့တာမှ အလုပ်တွေကို မြန်မြန်နဲ့အကောင်းဆုံး ပြီးဆုံးအောင်လုပ်မယ်ဆိုပြီး စိတ်အားထက်သန်မှု ရစေနိုင်သလို တနင်္လာနေ့ဆိုတဲ့ စိတ်ကြောင့် စိတ်ဖိစီးတာမျိုး မဖြစ်စေဖို့လည်း အကောင်းဆုံး ထောက်ပံ့ပေးနိုင်မှာပါ။

    တနင်္လာနေ့အတွက် ကြိုတင် အစီအစဉ်ဆွဲထားပါ

    တနင်္လာနေ့က တစ်ပတ်တာအတွက် အရှိန်စယူရတဲ့ နေ့ပါ။ တနင်္လာနေ့တိုင်းက အခြားရက်တွေထက် ပိုအလုပ်များနေတတ်ပါတယ်။ အကြောင်းကတော့ ပိတ်ရက်မှာ စောင့်နေတဲ့ အလုပ်တွေရှိနေနိုင်တာကြောင့်ပါ။ ဒါကြောင့် တနင်္လာနေ့မှာ အလုပ်တွေများလွန်းလို့ဆိုပြီး ဖိစီးမှုတွေဖြစ်မလာစေဖို့ဆိုရင် အလုပ်တွေကို ကြိုတင် အစီအစဉ်ချထားတာကအဆင်အပြေဆုံးဖြစ်မှာပါ။

    လေ့ကျင့်ခန်း လုပ်ပါ

    ပိတ်ရက်မှာ လေ့ကျင့်ခန်းလုပ်တာဖြစ်ဖြစ် ဒါမှမဟုတ် တနင်္လာနေ့မနက်ခင်းမှာ လေ့ကျင့်ခန်းလုပ်တာဖြစ်ဖြစ် လုပ်ပေးပါ။ ဒီလိုလုပ်ပေးတာက စိတ်ရောကိုယ်ပါ လန်းဆန်းစေနိုင်ပြီး ခန္ဓာကိုယ်မှာ အင်အားပြည့်ဝနေစေမှာပါ။ ဒါကြောင့် တနင်္လာနေ့ရဲ့ စိတ်ဖိစီးမှုကို အကောင်းဆုံးကျော်ဖြတ်ဖို့ နည်းလမ်းကောင်းတွေထဲမှာ လေ့ကျင့်ခန်းလုပ်တာကလည်း မေ့ထားလို့မဖြစ်တဲ့ အချက်တစ်ခုပါ။

    အရေးကြီးတာတွေကို အရင်လုပ်ပါ

    အလုပ်ကိုရောက်တဲ့အခါ အလုပ်အများကြီးရှိနေရင်တောင် စိတ်မပျက်သွားပါနဲ့။ အရေးကြီးတဲ့ အလုပ်ကနေစပြီး ခေါင်းအေးအေးထားလို့ ဖြည်းဖြည်းချင်းလုပ်သွားပါ။ ဒါကလည်း တနင်္လာနေ့ရဲ့ စိတ်ဖိစီးမှုကို အကောင်းဆုံး ဖြတ်ကျော်နိုင်စေမှာပါ။

    တနင်္ဂနွေမှာ ပြည့်ပြည့်ဝဝနားပါ

    တနင်္လာနေ့မှာ ပင်ပန်းတယ်လို့ ခံစားရတဲ့အဓိကအကြောင်းအရင်းတစ်ခုက တနင်္ဂနွေနေ့က သေသေချာချာမနားလိုက်ရတာကြောင့်ပါ။ ဒါကြောင့် တနင်္ဂနွေနေ့မှာ တစ်နေကုန်အပြင်သွားတာမျိုးမလုပ်ဘဲ အိမ်မှာ မိသားစုနဲ့အတူ ပျော်စရာအချိန်လေးတွေကို ဖန်တီးပါ။ ဒါက တနင်္လာနေ့မှာ အားအင်ပြည့်ဝနေစေမှာပါ။

    ကဲ…တနင်္လာနေ့ဆိုတာကြီးကို ဒီနည်းလမ်းတွေသုံးပြီး အတူတူ အကောင်းဆုံးကျော်ဖြတ်ကြရအောင်လား…………..

     

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Aye Thi Mon မှ ရေးသားသည်။ · 22/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement