backup og meta

သွားပေါက်ခြင်း


Dr.Aye Myat Myat Noe မှ ရေးသားသည်။ · 02/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    သွားပေါက်ခြင်း

    ကလေးငယ်လေးတွေမှာ ပထမဆုံးသော ငယ်သွားလေး စပေါက်ခြင်းဖြစ်တယ်။ များသောအားဖြင့် အစုံလိုက်ပေါက်လေ့ရှိပါတယ်။ အသက် ၆ လနဲ့ ၈လကြားမှာ စတင်ပေါက်လေ့ရှိပြီး သွားအချောင်း ၂၀ လုံးအပြည့်အဝပေါက်ဖို့ကတော့ နှစ်ချီပြီးကြာနိုင်ပါတယ်။ သွားပေါက်တဲ့အခါ သွားဖုံးတွေကနေ ထွက်လာတာမှန်ပေမယ့် တကယ်တော့ သွားဖုံးသားကိုဖြတ်ပြီးတိုးထွက်လာတာမဟုတ်ပါဘူး၊ သွားပေါက်ချိန်ရောက်တဲ့အခါ ဟော်မုန်းများထွက်လာပြီး ထိုဟော်မုန်းတွေက သွားထွက်လာရမယ့်နေရာမှ ဆဲလ်များကိုသေစေကာ သွားထွက်လာဖို့နေရာချဲပေးခြင်းဖြစ်တယ်။

    သွားပေါက်ခြင်းဟာ ကလေးငယ်တွေရဲ့ သဘာဝကြီးထွား ဖွံ့ဖြိုးခြင်းတစ်ခုပါ။ ထွက်စမှာ နာကျင်ခြင်း၊ သက်သောင့်သက်သာမရှိခြင်းတွေကြောင့် မိဘတွေအတွက် စိတ်ပူစရာကိစ္စဖြစ်လာပါတယ်။ သွားပေါက်ချိန်ကြုံရမယ့် ဒီလက္ခဏာတွေဟာ အလျင်အမြန်ဘဲပျောက်သွားမှာဖြစ်ပြီး ကလေးငယ်ခံတွင်းသန့်ရှင်းအောင် သင့်ရဲ့အားထုတ်မှုကျေးဇူးကြောင့် မကြာခင်သင့်ရင်သွေးလေးမှာ ကျန်းမာတဲ့သွားအစုံရလာတော့မယ်ဆိုတာကို မမေ့ပါနဲ့။ ထူးခြားတဲ့လက္ခဏာတွေ၊ စိတ်ပူစရာတွေ၊ ရက်ကြာအောင်နေလို့ထိုင်လို့မကောင်းဖြစ်နေမယ်ဆိုရင်တော့ ကလေးဆရာဝန်နဲ့တိုင်ပင်ကြည့်လို့ရပါတယ်။

    လက္ခဏာများ

    ကလေးငယ်တစ်ယောက်ချင်းစီမှာ သွားပေါက်ချိန်ကြုံရတတ်တဲ့ မတူညီတဲ့လက္ခဏာကိုယ်စီရှိတတ်ပါတယ်။ အဖြစ်အများဆုံးကတော့ စိတ်ကသိကအောက်ဖြစ်ရခြင်းနဲ့ အစားအသောက်ပျက်ခြင်းတို့ပဲဖြစ်တယ်။

    တခြားလက္ခဏာတွေလည်းဖြစ်တတ်ပါသေးတယ် ဥပမာ-

    • သွားရည်ကျခြင်း
    • အမာစာများ ဝါးရခက်ခြင်း
    • ငိုခြင်း၊ ဂျီကျခြင်း
    • စိတ်ကသိကအောက်ဖြစ်ရခြင်း
    • အစားပျက်ခြင်း
    • သွားဖုံးရောင်ခြင်း နာခြင်း
    • သွားဖုံများရောင်ရဲနီရဲခြင်း

    ဘယ်အချိန်ဆရာဝန်ပြသင့်သလဲ

    တကယ်လို့သင့်ကလေးငယ်မှာ ဖော်ပြပါလက္ခဏာတွေခံစားရရင်တော့ ဆရာဝန်သွားပြသင့်ပါတယ်။

    ဒီလက္ခဏာတွေခံစားနေရမယ် ဒါမှမဟုတ် သိလိုသည်များရှိမယ်ဆိုရင်တော့ ဆရာဝန်နဲ့တိုင်ပင်ဆွေးနွေးနိုင်ပါတယ်။ ခန္ဓာကိုယ်က တစ်ယောက်နဲ့တစ်ယောက်မတူတာကြောင့် သင့်အတွက်အကောင်းဆုံးဖြစ်ဖို့ ဆရာဝန်နဲ့ဆွေးနွေးတာက အကောင်းဆုံးဖြစ်ပါလိမ့်မယ်။

    သွားပေါက်ခြင်းဖြစ်လာပုံ

    ကလေးလေးတွေဟာ မွေးကတည်းက သွားဖုံးအောက်မှာ သွားအပြည့်အစုံနဲ့မွေးလာတာပါ။ ပထမနှစ်မှာ ထိုသွားဖုံးကိုဖြတ်ပြီး ထိုသွားလေးတွေစထွက်လာပါတယ်။

    သွားလေးတွေက အဆင့်အလိုက်ထွက်လာပါတယ်။ အများအားဖြင့်တော့ အောက်သွားစွယ်လေးတွေ အရင်ဆုံးထွက်လာပြီး အပေါ်အလယ်သွားလေးတွေ နောက်ကလိုက်ပေါက်တယ်။ ကျန်တဲ့သွားတွေကတော့ နောက်ထပ် ၃ နှစ်တာအချိန်အတွင်း ထွက်လာကြမှာဖြစ်တယ်။ တချို့ကလေးတွေကတော့ အသက် ၂ နှစ်မှာ သွားအစုံပေါက်နေကြပါပြီ။

    ဒါတွေကတော့ ငယ်သွားပေါက်တတ်သော အကြမ်းဖျင်းအသက်တွေဖြစ်တယ်-

    • အပေါ်အလယ်သွား – ၆-၁၂ လ
    • အပေါ်ဘေးသွား – ၉-၁၆ လ
    • သွားစွယ် – ၁၆-၂၃ လ
    • ပထမအံသွား – ၁၃-၁၉ လ
    • ဒုတိယအံသွား – ၂၂-၂၄ လ

    အသက် ၆ နှစ်နဲ့ ၁၂ နှစ်ကြားမှာ ကလေးသွားအမြစ်တွေ ပျက်စီးလာပြီး လူကြီးသွား ၃၂ ချောင်းနဲ့အစားထိုးပါတယ်။ တတိယအံသွား၊ တနည်း အံဆုံးကတော့ ကလေးသွားမှာပေါက်လေ့မရှိဘဲ လူငယ်ဘဝမှာပေါက်လေ့ရှိတယ်။ သူတို့ရဲ့သွားထပ်တတ်ခြင်း၊ အနေအထားပုံမှန်မဟုတ်ဘဲပေါက်တတ်ခြင်းတို့ကြောင့် နုတ်ပစ်ရတတ်တာကြောင့်ဖြစ်ပါတယ်။

    သွားပေါက်စေသောအချက်များ

    သွားပေါက်ခြင်းဟာ သဘာဝဖြစ်စဉ်ဖြစ်တာကြောင့် သွားပေါက်ခြင်းကို အားပေးတဲ့အချက်လိုမျိုး မရှိပါဘူး။

    သွားပေါက်ခြင်းကို ဘယ်လိုရှာဖွေသိရှိမလဲ

    သွားဆရာဝန်က ကလေးကိုခုံပေါ်တင်၍ဖြစ်စေ၊ ပွေ့ထားစေကာဖြစ်စေ စစ်ဆေးပါလိမ့်မယ်။ ဒါ့အပြင်-

    • ကလေးငယ်ရဲ့ ခံတွင်းနဲ့ သွားကျန်းမာရေးကိုလည်းစစ်ဆေးပါလိမ့်မယ်
    • နည်းမှန်လမ်းမှန်သန့်စင်နည်းကို ပုံစံပြသင်ပြပါလိမ့်မယ်။
    • ကလေးရဲ့လျှာ၊ ပါးအတွင်းပိုင်း၊ အာခေါင်တို့မှာ အဖုများ၊ အနာများရှိမရှိစစ်ဆေးပါလိမ့်မယ်။
    • ချိုလိမ်သုံးခြင်း၊ လက်မစုပ်ခြင်းအစရှိတဲ့ အကျင့်တွေရဲ့ အကျိုးသက်ရောက်မှုတွေကိုလည်းစစ်ဆေးရှာဖွေပါလိမ့်မယ်။

    ကုသမှု

    ကလေးအများစုမှာ သွားပေါက်တဲ့အခါ လက္ခဏာတွေမရှိသလောက်နည်းတတ်တာမို့ ကုသစရာမလိုပါဘူး။

    ဒါပေမယ့် လက္ခဏာတချို့ခံစားရတယ်ဆိုရင်တော့ ဒီအချက်တွေကအကူအညီဖြစ်မှာပါ-

    ယေဘုယျအကြံဉာဏ်များ – သွားပေါက်နေရာသွားဖုံးနေရာကို လက်ညှိုးလေးနဲ့အသာပွတ်သတ်ပေးခြင်းဟာ နာကျင်မှုသက်သာစေပါလိမ့်မယ်။ ကလေးအများစုက သန့်ရှင်းအေးမြသောအရာတစ်ခုခုကိုကိုက်ခြင်း (ဥပမာ- အေးနေသော ကလေးများကိုက်ရန် ကွင်းလေးများ) အအေးခံထားသော သစ်သီးများ၊ အသီးအရွက်များကလည်း အကူအညီဖြစ်နိုင်ပါလိမ့်မယ်။ ဒါပေမယ့် ဘီစကတ်မုန့်လိုမျိုးတွေကတော့ သကြားဓာတ်ပါတာကြောင့်ရှောင်သင့်ပါတယ်။

    နာကျင်မှုအတွက်ဆေးများ

    တကယ်လို့နာနေတယ်ဆိုရင်တော့ ပါရာစီတမောလိုဆေးမျိုးပေးနိုင်ပါတယ်။ ကိုယ်အလေးချိန်အလိုက် သင့်တော်သောပမာဏသာပေးပါ။

    တခြားသော သွားကိုက်ပျောက်ဆေးမှုန့်ကဲ့သို့ ကုသမှုတွေက အကူအညီဖြစ်မဖြစ် သေချာတဲ့ သက်သေတွေ မရှိပါ။

    သွားပေါက်ခြင်းအတွက် အနာသက်သာစေမယ့် ဂျယ်လ်တစ်မျိုး

    ထုံဆေးနဲ့ ပိုးသတ်ဆေးအပျော့တစ်မျိုးပါသော ဂျယ်လ်တစ်မျိုးဖြစ်ပြီး ပါဝင်သောထုံဆေးကတော့ lidocaine ဖြစ်ပါတယ်။ ကျွမ်းကျင်သူတွေကတော့ ဒီပစ္စည်းတွေက အကူအညီဖြစ်နိုင်ကြောင်း သက်သေမရှိဘဲ အန္တရာယ်ရှိကြောင်းသက်သေတွေရှိတာကြောင့် မသုံးခိုင်းပါဘူး။ ကလေးက ထုံဆေးတွေမျိုချမိပြီး နောက်ဆက်တွဲပြဿနာတွေ၊ နောက်ဆုံးသေသည်အထိ ဖြစ်နိုင်ပါတယ်။ ဒါကြောင့် ကိုယ့်သဘောနဲ့ကိုယ် မသုံးပါနဲ့။

    နေထိုင်မှုပုံစံပြောင်းခြင်း၊ အိမ်တွင်းကုနည်းများ

    ကလေးငယ်က နေသာထိုင်သာမရှိပါက ဒီအချက်တွေလုပ်ကြည့်နိုင်ပါတယ်။

    • သွားဖုံးတွေကိုပွတ်တိုက်ပေးပါ၊ သန့်စင်သောလက်သို့ စိုစွတ်နေသောဂွမ်းစလေးနဲ့ ကလေးငယ်ရဲ့သွားဖုံးလေးကို ညင်သာစွာထိတွေ့ပွတ်သပ်ပေးပါ။ ကလေးကို သက်သောင့်သက်သာဖြစ်ဖို့ကညီပေးပါလိမ့်မယ်။
    • အေးနေပါစေ – သန့်စင်သောအဝတ်ကိုအအေးခံ၍ဖြစ်စေ၊ အေးနေသောဇွန်းနှင့်ဖြစ်စေ ကလေးသွားဖုံးကို ထိတွေ့ပေးပါ။ အေးခဲနေအောင်တော့မထားပါနဲ့၊ တခြားပြဿနာတွေဖြစ်လာနိုင်ပါတယ်။
    • အစာမာမာဝါးပါ – တကယ်လို့ကလေးက အဖတ်စားနိုင်ပြီဆိုရင် ဝါးလို့ရမယ့်တစ်ခုခုကျွေးပါ၊ ဥပမာ- အအေးခံအခွံခွာထားသော သခွားသီး၊ မုန်လာဥနီ။ ဒါပေမယ့် မနင်အောင်တော့သတိထားကြည့်နေပါ။
    • သွားရည်တွေကိုသုတ်ပေးပါ – သွားရည်အလွန်အကျွံကျခြင်းဟာလည်း သွားပေါက်ခြင်းရဲ့ဖြစ်စဉ်တစ်ခုထဲမှာပါပါတယ်။ အရေပြားကို ကသိကအောက်မဖြစ်စေရအောင် သန့်စင်သောအဝတ်နဲ့ ကလေးငယ်ရဲ့မေးမှ သွားရည်များကို သုတ်သုတ်ပေးပါ။ ရေဓာတ်ပါသောခရင်၊ လိုးရှင်းတစ်မျိုးမျိုးလည်း လိမ်းပေးနိုင်ပါတယ်။
    • ဆေးဆိုင်တွင်အလွယ်တကူရနိုင်သော ဆေးများသုံးနိုင်တယ် – ကလေးကဂျီကျနေရင် ပါရာစီတမောလိုမျိုး အနာပျောက်ဆေးသုံးနိုင်ပါတယ်။

    ကလေးငယ်သွားဖုံးလေးကို သန့်စင်သောအဝတ်စိုတစ်ခုနဲ့ အမြဲသန့်စင်ပွတ်တိုက်ပေးနေဖို့လည်းမမေ့သင့်ပါဘူး။ တကယ်လို့မလုပ်ရသေးဘူးဆိုရင်တော့ ခုကစလုပ်ပါတော့။ ကလေးပါးစပ်အတွင်းမှာရှိတဲ့ ဘတ်တီးရီးယားတွေကို ဖယ်ရှားပစ်နိုင်ပါတယ်။

    ကလေးပထမဆုံးသွားလေးပေါက်လာပြီဆိုရင်တော့ သေးငယ်နူးညံ့တဲ့သွားပွတ်တံလေးပြောင်းသုံးပါတော့။ ကလေးကမထွေးတတ်သေးသည်အထိ ( ၃ နှစ်သားလောက်အထိ ) သွားတိုက်ဆေး ပမာဏကို ဆန်စေ့ထက်မကြီးပါစေနဲ့။

    သိလိုသည်များရှိပါက သင့်အတွက်အကောင်းဆုံးအဖြေကိုရရန် ဆရာဝန်နှင့်သေချာဆွေးနွေးတိုင်ပင်နိုင်ပါတယ်။

     

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Dr.Aye Myat Myat Noe မှ ရေးသားသည်။ · 02/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement