backup og meta

အသည်းရောင်အသားဝါ ပိုးကြောင့်မဟုတ်လည်း အသည်းရောင် နိုင်ပါတယ်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Htet Htet Zaw Win


Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 08/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အသည်းရောင်အသားဝါ ပိုးကြောင့်မဟုတ်လည်း အသည်းရောင် နိုင်ပါတယ်။

    အသည်းရောင်တယ်၊ အသားဝါတယ်ဆိုရင် စိတ်ထဲမှာ အသည်းရောင် အသားဝါဗိုင်းရပ်စ်ပိုးကြောင့်လို့ပဲ ထင်ကြပါတယ်။ တကယ်တော့ ပိုးကြောင့် မဟုတ်လည်း အသည်းက ရောင်နိုင်ပါတယ်။ ခန္ဓာကိုယ်မှာ အညစ်အကြေးတွေ၊ အဆိပ်အတောက်တွေ ဖယ်ပေးရတဲ့ အသည်းအဖို့ ဒီအဆိပ်အတောက်တွေ လွန်သွားတဲ့အခါ အသည်းထိခိုက်ပြီး ပျက်စီးတတ်ပါတယ်။ လူတွေ သတိမထားမိတဲ့ ပိုးကြောင့်မဟုတ်လည်း အသည်းရောင် ခြင်း အကြောင်းရင်းတွေက ဘာများဖြစ်မလဲ။

    ပိုးကြောင့်မဟုတ်တဲ့ အသည်းရောင်ခြင်းဆိုတာ

    အသည်းကို ထိခိုက်စေတဲ့ ပြင်ပက ပစ္စည်းတစ်ခုခုက ဝင်လာတဲ့အခါ အသည်းက ပြန်လည်တိုက်ထုတ်တာကြောင့် ထိခိုက်ဒဏ်ရာရပြီး အသည်းရောင်တယ်ဆိုတာ ဖြစ်လာပါတယ်။ ဒီပြင်ပ ပစ္စည်းဆိုတာ အသည်းရောင်အသားဝါပိုးတွေ ဖြစ်နိုင်သလို တခြား အကြောင်းရင်းတွေလည်း ဖြစ်နိုင်ပါတယ်။

    အသည်းရောင်အသားဝါ ပိုးတွေ (ဘီပိုး၊ စီပိုး၊ အေပိုး စသဖြင့်) ကြောင့် ဖြစ်တဲ့ အသည်းရောင်ခြင်းကတော့ ကူးစက်နိုင်တဲ့ အသည်းရောင်ခြင်းပေါ့။ ဒီပိုးတွေက တစ်ယောက်နဲ့ တစ်ယောက်ကူးစက်နိုင်ပြီး ကူးစက်ခံရတဲ့သူမှာ အသည်းရောင်အသားဝါရောဂါ လိုက်ဖြစ်တတ်ပါတယ်။

    ခုပြောမယ့်အကြောင်းအရာကတော့ တစ်ယောက်နဲ့ တစ်ယောက် မကူးစက်နိုင်တဲ့ အသည်းရောင်အသားဝါရောဂါတွေ အကြောင်းပါ။ ဒီအချက်တွေက အသည်းရောင်ရောဂါကို ဖြစ်စေနိုင်ပေမယ့် ကူးစက်နိုင်ခြင်းတော့ မရှိပါဘူး။

    ပိုးကြောင့်မဟုတ်လည်း အသည်းရောင် ရတဲ့ အကြောင်းရင်းတွေ

  • Autoimmune hepatatis
  • Autoimmune ဆိုတာက ခုခံအား ကမောက်ကမဖြစ်တဲ့ ရောဂါပါ။ ခုခံအားစနစ်က ပုံမှန်ဆို ပြင်ပက ဝင်လာတဲ့ ပိုးမွှားတွေ၊ ဓာတုပစ္စည်းတွေကို ရတာမှန်ပေမယ့် ဒီရောဂါမှာက ခုခံအားစနစ်က ကိုယ့်ဆဲလ်ကို ပြန်တိုက်ပြီး ဖျက်ဆီးတာပါ။ နာတာရှည် အသည်းရောဂါဖြစ်နိုင်တဲ့အထိကို ပြင်းထန်ပါတယ်။ ဘာကြောင့် ဖြစ်လဲဆိုတာ သေချာမပြောနိုင်ပေမယ့် မျိုးဗီဇကြောင့်လို့ ယူဆကြပါတယ်။

    • အရက်ကြောင့် အသည်းရောင်ခြင်း

    အရက်ကြောင့် အသည်းထိခိုက်တယ်ဆိုတာ အားလုံးသိပြီးသားပါ။ ဘယ်လောက်ထိခိုက်နိုင်လဲဆိုတာကတော့ ဘယ်လောက်များများသောက်လဲနဲ့ ဘယ်လောက်ကြာကြာသောက်လဲဆိုတာပေါ် မူတည်ပါတယ်။ အရက်ကြောင့် အသည်းအဆီဖုံးမယ်၊ အသည်းရောင်မယ်၊ အသည်းခြောက်တာကနေ အသည်းကင်ဆာအထိ ဖြစ်သွားနိုင်ပါတယ်။ အဆီဖုံးတာနဲ့ ရောင်တာလောက်ဆို ကုလို့ မီနိုင်သေးပေမယ့် အသည်းခြောက်တဲ့အထိဖြစ်သွားရင်တော့ ကုရတာ ပိုခက်သွားမှာပါ။

    • ဆေးဝါးများကြောင့် အသည်းရောင်ခြင်း

    တချို့ဆေးဝါးတွေကို အသည်းမှာ ဖျက်ဆီးပစ်တဲ့အတွက် နဂိုအသည်းမကောင်းရင်ပဲ ဖြစ်ဖြစ်၊ သောက်တဲ့ဆေး ပမာဏများတာ၊ ရေရှည်စွဲသောက်တာတွေမှာ အနည်းနဲ့အများတော့ အသည်းကို ထိခိုက်တတ်ပါတယ်။ အသည်းက ချက်ချင်းပျက်စီးသွားတာ ဖြစ်နိုင်သလို နာတာရှည် အသည်းထိခိုက်တာလည်း ဖြစ်နိုင်ပါတယ်။ အသည်းထိခိုက်စေတဲ့ ဆေးတွေကတော့

    အိမ်သုံးဆေးတွေမှာဆိုရင်

    -ပါရာစီတမော

    -အက်စပရင်

    -ibuprofen

    -naproxen

    ဆရာဝန်ညွှန်ကြားချက်နဲ့ သောက်ရတဲ့ ဆေးတွေမှာဆိုရင်

    -သွေးတွင်းအဆီကျဆေးတွေ

    -တချို့ပိုးသတ်ဆေးတွေ

    -အတက်ကျဆေးတွေ

    -မှိုသတ်ဆေးတွေ ပါပါတယ်။

    အကျိုးအပြစ်ကို ချိန်ဆပြီးတော့ လိုရင်တော့ ပေးရမယ့် ဆေးတွေပဲ ဖြစ်ပါတယ်။ ဒါကြောင့် ဒီဆေးတွေ သောက်နေတဲ့အချိန်မှာ တခြား အသည်းကို ထိခိုက်မယ့်အလုပ်မျိုးတွေ (ဥပမာ အရက်သောက်တာ)ကို ရှောင်ကြဉ်ဖို့ လိုပါတယ်။

    • ဓာတုပစ္စည်းတွေနဲ့ အဆိပ်အတောက်တွေကြောင့် အသည်းရောင်တာ

    ဓာတုပစ္စည်းတွေထဲမှာဆိုရင် ပလတ်စတစ်လုပ်တဲ့ နေရာမှာသုံးတဲ့ vinyl chloride၊ သန့်ရှင်းရေးဆေးရည်မှာပါတဲ့  carbon tetrachloride၊ ပေါင်းသတ်ဆေးတွေမှာပါတဲ့  paraquat စတာတွေက အသည်းကို ထိတတ်ပါတယ်။

    နောက်ပြီး Aflatoxinလို့ ခေါ်တဲ့ မှိုကလည်း အသည်းကို ထိခိုက်တတ်ပါတယ်။ သေချာ အခြောက်မခံထားတဲ့ ငရုတ်သီးတွေ၊ ပြောင်းဖူးတွေ၊ မြေပဲတွေမှာ ဒီမှိုခိုအောင်းနေတတ်ပြီး ကိုယ်ထဲကို ရောက်သွားလို့ အသည်းက ဖျက်ဆီးရတဲ့အခါ ကောင်းကောင်းမဖျက်နိုင်ခဲ့ရင် အသည်းကို အဆိပ်အတောက်ဖြစ်စေတာကြောင့် ကြာလာရင် အသည်းရောင်တာ၊ အသည်းခြောက်တာ ဖြစ်လာပါလိမ့်မယ်။

    • အရက်ကြောင့် မဟုတ်သော အသည်းအဆီဖုံးခြင်း (Non Alcoholic Fatty Liver Disease- NASH)

    တချို့လူတွေကို ကြည့်လိုက်ရင် အရက်လည်း ထင်သလောက် အများကြီးသောက်တာ မဟုတ်ဘဲနဲ့ အသည်းအဆီဖုံးလာပါတယ်။ ဒါဟာ ဘာကြောင့်လည်းလို့ လေ့လာကြည့်တဲ့အခါ သိသာတဲ့ အဖြေကို မရပေမယ့် ထူးခြားချက်က

    – သူတို့ဟာ အသက် ၄၀နဲ့ ၅၀ကြားတွေ ဖြစ်နေတယ်။

    -အဝလွန်နေကြတယ်။

    -အမျိုးအစား ၂ ဆီးချိုရောဂါ ရှိနေကြတယ်။

    -သွေးထဲမှာ ကိုလက်စထရောတွေ၊ မကောင်းတဲ့ အဆီတွေ များနေကြတယ်။

    -Metabolic syndromeလို့ ခေါ်တဲ့ ရောဂါတွေ ရှိနေကြတယ်။

    သူတို့တွေဟာလည်း အသည်းအဆီဖုံးရာက စပြီးတော့ အခန့်မသင့်ရင် အသည်းရောင်တာ၊ အသည်းခြောက်တာတွေအထိ ဖြစ်သွားပြီး အသည်းပျက်စီးတတ်လို့ သတိထားပေးရပါမယ်။

    ပိုးကြောင့် မဟုတ်ဘဲ အသည်းရောင်တယ်ဆိုတာ

    အသည်းရောင်တယ်ဆိုတာ ပိုးကြောင့်ဆိုရင်တော့ မဖြစ်အောင်  ကာကွယ်ဆေးထိုးထားလို့ ရပါသေးတယ်။ (ဥပမာ အသည်းရောာင်  အသားဝါ ဘီပိုး၊ အေပိုး) ဒီလိုမှ မဟုတ်ဘဲ အပေါ်က အချက်တွေကြောင့် အသည်းရောင် အသားဝါ မဖြစ်ချင်ဘူး ဆိုရင်တော့ နေထိုင်စားသောက်မှု ပုံစံကို ပြောင်းလဲပါ။ အရက်လျှော့သောက်ပါ။ ဆေးတွေကို မလိုအပ်ဘဲ မသောက်ပါနဲ့။ အဝမလွန်အောင် ထိန်းသိမ်းပါ။

     

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Htet Htet Zaw Win


    Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 08/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement