backup og meta

အစာရေမျိုပြွန် မှာ ကင်ဆာကျိတ်ဖြစ်လာတဲ့အခါ


Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 16/02/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အစာရေမျိုပြွန် မှာ ကင်ဆာကျိတ်ဖြစ်လာတဲ့အခါ

    အစာရေမျိုပြွန် ဆိုတာ ပိုက်ခေါင်းလေးနဲ့ တူပါတယ်။ ပါးစပ်နဲ့ အစာအိမ်ကို ဆက်ထားပေးတဲ့ ပိုက်ခေါင်းလေးပေါ့။ ပါးစပ်က စားသမျှက ဒီပြွန်လေးကို ဖြတ်ပြီး အစာအိမ်ထဲကို ရောက်သွားတာပါ။ ရှည်လွန်းလို့ အပိုင်းသုံးပိုင်းတောင် ခွဲထားရတဲ့ ဒီအစာရေမျိုပြွန်လေးဟာ လူတွေ စားသောက်သမျှ အစားအစာတွေရဲ့ ဒဏ်ကို ခံရတာပါ။

    တစ်ကိုယ်လုံးနီးပါး ဖြစ်နိုင်တဲ့ ကင်ဆာက ဒီအစာရေမျိုပြွန်လေးကိုလည်း အလွတ်မပေးရှာပါဘူး။ အစာရေမျိုပြွန်တလျှောက် ဘယ်နေရာမှာ မဆို ကင်ဆာဆဲလ်တွေပွားပြီး အလုံးအကျိတ်ဖြစ်နိုင်ပါတယ်။ ဖြစ်တဲ့နေရာကို လိုက်ပြီးတော့လည်း လက္ခဏာလေးတွေ နည်းနည်းကွဲပြားခြားနားတာရှိပါတယ်။ ဒါကြောင့် အောက်ကလက္ခဏာလေးတွေ ပေါ်လာရင် နည်းနည်းတော့ သတိထားစေချင်ပါတယ်။

    အစာရေမျိုပြွန် ကင်ဆာရဲ့ လက္ခဏာတွေ

    ကင်ဆာတွေရဲ့ ထုံးစံအတိုင်း ရောဂါနုစဉ်ဆို ဘာလက္ခဏာမှ မပြပါဘူး။ ပုံမှန်လူလိုပဲ သွားလာနေနိုင်ကြပါတယ်။ နောက်ပိုင်းရောဂါရင့်မှသာ လက္ခဏာ ပြလာတာပါ။ အစာရေမျိုပြွန်မှာ သုံးပိုင်းရှိတော့ အကျိတ်ရှိတဲ့ နေရာကို လိုက်ပြီး လက္ခဏာလေးတွေ နည်းနည်းကွဲပါတယ်။

    • လည်ပင်းပိုင်းလောက်မှာ ဆိုရင် အစာစားတိုင်း နင်နေမယ်၊ သီးနေမယ်။ အစကတော့ အစာမာတွေလောက်ပဲ နင်တာပါ။ နောက်ပိုင်းကျရင် အစာပျော့၊ ရေတွေပါ နင်လာပါတယ်။ မြင်အောင် ပြောရရင် လူနာက စစချင်း ထမင်းလုပ်မျိုချရင် နင်ပါတယ်။ ဒါနဲ့ ဆန်ပြုတ်ပြောင်းသောက်ရတဲ့အဆင့်အထိရောက်ရော။ တဖြည်းဖြည်းနဲ့ ဆန်ပြုတ်ပါ နင်လာပြီး ရေတောင် အနိုင်နိုင်သောက်ရပါတယ်။ အဲ့ဒီထက်ဆိုးလာရင် ကိုယ့်တံတွေးတောင် ကိုယ်မမျိုနိုင်လို့ တံတွေးတပျစ်ပျစ် ထွေးနေရပါတယ်။
    • ရင်ခေါင်းပိုင်းမှာဆိုရင်တော့ ရင်ခံနေသလို၊ တစ်ခုခုနဲ့ ဖိထားသလို၊ ရင်ဘတ်ထဲမှာ တစ်ဆို့ဆို့ ခံစားရမှာပါ။
    • အစာအိမ်နဲ့ ဆက်ထားတဲ့နေရာမှာ ဆိုရင်တော့ ရင်ပူတာ၊ အစာမကြေတာ၊ ရင်ခေါင်းတောင့်တာ စတာတွေ ခံစားရမှာပါ။

    ဒါတွေအပြင်

    • လူနာက အစာမစားရတော့ အာဟာရပျက်ပြီး တဖြည်းဖြည်း ပိန်လာတာ
    • အစာတွေ သီးလာတာ
    • အသံတွေ သြလာတာ စတာတွေ ဖြစ်လာပါတယ်။

    ဒီလက္ခဏာတွေက သာမန်လက္ခဏာတွေ ဖြစ်တဲ့အတွက် တော်ရုံဆို သတိမထားမိနိုင်ပါဘူး။ ဒါပေမယ့် ရေရှည်ခံစားနေရပြီဆိုရင်တော့ ဆေးစစ်ကြည့်လိုက်တာ ကောင်းပါတယ်။ နောက်တစ်ခုက  အစာရေမျိုပြွန်ကင်ဆာဖြစ်နိုင်ခြေရှိတဲ့သူစာရင်းမှာ ပါနေတယ်ဆိုရင် ဒီလက္ခဏာတွေ ခံစားရတဲ့အခါ ဆေးစစ်ကြည့်ဖို့ မမေ့ပါနဲ့။

    ဘယ်သူတွေ ပိုဖြစ်နိုင်လဲ။

    လူတိုင်းဖြစ်နိုင်ပေမယ့် အောက်က ဆက်ပြောမယ့်သူတွေက ပိုဖြစ်နိုင်ပါတယ်။

    • စားချဉ့်ပြန်ရောဂါရှိတဲ့သူတွေ (GERD)
    • နာတာရှည် စားချဉ့်ရဉ်ပြန်တာကြောင့် အစာရေမျိုပြွန်အောက်ပိုင်း ပျက်စီးတဲ့ရောဂါ (Barrett’s oesophagus) ရှိတဲ့သူတွေ
    • ဆေးလိပ်သောက်တာ
    • အရက်သောက်တာ
    • အဝလွန်တာ
    • သည်းခြေရည် ဆန်တက်တာ
    • ပူပူလောင်လောင် အရည်တွေ သောက်တာ (ဥပမာ ဟင်းရည်တို့၊ ကော်ဖီ၊ လက်ဖက်ရဉ် ပူပူလောင်လောင်ကို အလောတကြီး မျိုချတတ်တဲ့သူတွေ)
    • အသီးအရွက်အစားနည်းတဲ့သူတွေ
    • ရင်ဘတ်တို့၊ ဗိုက်တို့ကို မကြာခဏ ရောင်ခြည်ထိဖူးတဲ့သူတွေ
    • နောက်ပြီး အငန်စားလွန်းတဲ့သူတွေ (မြန်မာနိုင်ငံအနေနဲ့ ပြောမယ်ဆိုရင် ငါးပိ၊ ငါးခြောက်၊ ငံပြာရည် အစားများတဲ့ ဒေသတွေမှာ တွေ့ရပါတယ်။ ရခိုင်ဘက်မှာလည်း တွေ့ရပါတယ်။)

    အစာရေမျိုပြွန် ကင်ဆာ မဖြစ်အောင်

    မဖြစ်အောင် ၁၀၀ရာခိုင်နှုန်း ကာကွယ်လို့ မရပေမယ့် အောက်က အချက်တွေ လိုက်နာမယ်ဆိုရင်တော့ ဖြစ်နိုင်ခြေ နည်းသွားမှာပါ။

  • ဆေးလိပ်ဖြတ်ပါ။ မဖြတ်နိုင်သေးရင် လျှော့သောက်ပါ။
  • အရက်လျှော့သောက်ပါ။
  • အသင့်စားအစားအစာတွေ၊ ကြာရှည်ခံအောင် လုပ်ထားတဲ့အစားအစာတွေကို လျှော့စားပြီး အသီးအရွက်များများ စားပါ။
  • အငန်လျှော့ပါ။
  • အဝမလွန်အောင် ထိန်းသိမ်းပါ။
  • စားချဉ့်ရည်ဆန်တက်တဲ့ ရောဂါရှိရင် စောစောစီးစီး ကုထားပါ။
  • အစာရေမျိုပြွန်ကင်ဆာကို တတ်နိုင်သမျှ စောစောသိဖို့ လိုပါတယ်။ ခုဆိုရင် ကင်ဆာအတွက် ခွဲစိတ်တဲ့နည်းတွေ၊ ဆေးသွင်းတဲ့နည်းတွေ၊ ရောင်ခြည်ပြတဲ့နည်းတွေ အများကြီး တိုးတက်လာပြီမို့လို့ ကင်ဆာဆိုတိုင်း ကြောက်ဖို့ မလိုတော့ပါဘူး။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 16/02/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement