backup og meta

ဆောင်းတွင်းမှာ Scrubတိုက်လို့ရပါ့မလား။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Htet Htet Zaw Win


Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 25/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ဆောင်းတွင်းမှာ Scrubတိုက်လို့ရပါ့မလား။

    ချမ်းစီးလှတဲ့ ဆောင်းတွင်းမှာ Scrubလုပ်ဖို့ နေနေသာသာ ရေတောင် နပ်မှန်အောင် မနည်းချိုးရတယ်ဆိုရင်တော့ ထားလိုက်ပါတော့။ ဒါပေမယ့် အသားအရေဆိုတာမျိုးက ၁၂ရာသီ ထိန်းသိမ်းရတာဆိုတော့ ဆောင်းတွင်းမှာလည်း သူနဲ့ လိုက်ဖက်နဲ့ နည်းလမ်းတွေနဲ့ ဆက်ထိန်းရနေဦးမှာပါပဲ။

    ဆောင်းတွင်းမှာ အဖြစ်များတဲ့ အသားအရေပြဿနာတွေကတော့ အသားခြောက်တာ၊ အသားပပ်တာ၊ နှုတ်ခမ်းသားတွေ ခြောက်သွေ့တာ စတဲ့ ပြဿနာတွေပါပဲ။ ဒီတော့ ဖြေရှင်းနည်းကတော့ အစိုဓာတ်ထိန်းကရင်မ်ကို နိုင်နိုင်လိမ်းတာပါပဲ။ ဒါတင်ပဲလား ချေးချွတ်တာရော လုပ်လို့မရဘူးလို့ မေးစရာ ရှိပါတယ်။ လုပ်ရင်ကောင်းမလားလို့လည်း တွေးနေမိမှာပါ။

    ဆောင်းတွင်းမှာ အသားအရေခြောက်သွေ့ရုံတင် မကပါဘူး။ တခြားအချိန်တွေထက်လည်း ပိုပြီး အထိမခံဖြစ်နေပါတယ်။ ဒါကြောင့် Scrubလုပ်ရင်ကောင်းပါ့မလား။ အသားပပ်တာတွေ ပိုဆိုးလာရင် ဘယ်လိုလုပ်မလဲ။ ပိုပြီးတော့ ခြောက်သွေ့သွားမလားပေါ့။

    ဒါဆို ဆောင်းတွင်းမှာ Scrubလုပ်သင့်ရဲ့လား။

    အဖြေကတော့ Yesပါ။ တခြားအချိန်တွေလိုပဲ ဆောင်းတွင်းမှာ Scrubလုပ်သင့်ပါတယ်။ လုပ်လို့လည်း ရပါတယ်။ ဘာကြောင့်လည်းဆိုတော့

  • ဆဲလ်သေတွေကို ဖယ်ရှားပေးတယ်။
  • ဆဲလ်သေဆိုတာ အမြဲတမ်းထွက်နေတာကြောင့် ပုံမှန်သန့်စင်ပေးဖို့လိုပါတယ်။ ဆောင်းတွင်းမှာလည်း ဆဲလ်သေထွက်တာပဲ။ ဒါကြောင့် ချေးချွတ်သန့်စင်ပေးဖို့ လိုပါတယ်။

  • စုပ်ယူမှုအားကောင်းစေတယ်။
  • ချေးအထပ်ထပ်နဲ့ အသားအရေက ဘာလိမ်းလိမ်း အာနိသင် အပြည့်မရနိုင်ပါဘူး။ ဒါကြောင့် ကိုယ်အပြင်ကနေ လိမ်းလိုက်တဲ့ အစိုဓာတ်ထိန်းကရင်မ်တို့၊ skin careတို့ဆိုတာ အလဟဿဖြစ်သွားနိုင်ပါတယ်။ ချေးချွတ်ပြီး ဆဲလ်သေတွေ မရှိမှ လိမ်းသမျှကို အပြည့်အဝစုပ်ယူနိုင်ပြီး အာနိသင် ရမှာပါ။

    • အသားပပ်တာကို သက်သာစေတယ်။

    သာမန်အချိန်တွေမှာ ဆဲလ်သေတွေ စုပုံနေပေမယ့် သိပ်မသိသာပါဘူး။ ဒါပေမယ့် ဆောင်းတွင်းမှာတော့ ဆဲလ်သေတွေများလာလေလေ အသားပပ်တာ ပိုဆိုးလေလေပါပဲ။ အသားပပ်တဲ့ အဖတ်လေးတွေအပြင် ဆဲလ်သေတွေပါ ပုံလာတတ်ပါတယ်။ ပုံမှန်ချေးချွတ်ပေးမယ်ဆိုရင်တော့ အသားပပ်တဲ့ ဆဲလ်တွေရော၊ ဆဲလ်သေတွေပါ ပါသွားပြီး သန့်ရှင်းသွားမှာပါ။

    ဘာတွေကို သတိထားရမလဲ။

    ဆောင်းတွင်းမှာ Scrubလုပ်လို့ ရတယ်ဆိုပေမယ့် လိုက်နာသင့်တဲ့ အချက်တွေတော့ ရှိပါတယ်။

  • ခဏခဏ မလုပ်ပါနဲ့။
  • သာမန်အချိန်တွေမှာတောင် Scrubလုပ်တာ များလွန်းရင် အသားအရေ ပျက်စီးနိုင်တာဖြစ်တဲ့အတွက် ဆောင်းတွင်းမှာပိုပြီး သတိထားသင့်ပါတယ်။ Scrubလုပ်တာများလွန်းရင် အသားခြောက်ပြီး အသားပပ်တာ ပိုဆိုးလာပါလိမ့်မယ်။ တစ်ပတ်ကို နှစ်ကြိမ်ထက် ပိုမလုပ်ပါနဲ့။

  • Scrub အကြမ်းစားတွေ မသုံးပါနဲ့။
  • အရေပြားက ဒီလိုရာသီဆို ခြောက်သွေ့ပြီး ထိခိုက်လွယ်တာကြောင့် အပြင်းစား Scrubတွေကို ရှောင်ပါ။ အပျော့စားတွေ၊ သဘာဝပစ္စည်းတွေကနေ လုပ်ထားတဲ့ အိမ်လုပ် Scrubတွေ သုံးနိုင်ပါတယ်။

    • အစိုဓာတ်ထိန်းဖို့ မမေ့ပါနဲ့။

    Scrubလုပ်ပြီးခါစဆို အသားတွေ သန့်ပြီး ခြောက်နေတာကို သတိထားမိမှာပါ။  ဒီတိုင်းထားလိုက်ရင် သန့်တော့ သန့်သွားပေမယ့် အသားတွေ ခြောက်ပြီး ပျက်စီးတတ်ပါတယ်။ ဒါကြောင့် အစိုဓာတ်ပြန်ဖြည့်ပေးပါ။ ဒီချိန်လိမ်းရင် ဆဲလ်သေတွေလည်း မရှိတာကြောင့် ကောင်းကောင်းစုပ်ယူနိုင်ပါတယ်။

  • အသားအရေထိန်းသိမ်းဖို့လည်း မမေ့ပါနဲ့။
  • ဆောင်းတွင်းဆို တခြားအချိန်တွေထက် အသားအရေထိန်းသိမ်းဖို့ ပျင်းတာ သူသူကိုယ်ကိုယ်ပါပဲ။ ချွေးလည်း သိပ်မထွက်တော့ သိပ်ပြီး သန့်ရှင်းစရာ မလိုဘူးလို့ ထင်တာလည်း ပါပါတယ်။ ဒါပေမယ့် တူတူပါပဲ။ ဘယ်အချိန်မှာမဆို အသားအရေက အာဟာရဓာတ်တွေ လိုအပ်တာကြောင့် ဆောင်းတွင်းနဲ့ လိုက်ဖက်တဲ့ အသားအရေထိန်းသိမ်းမှုကို ပြုလုပ်ပါ။ ရေများများသောက်ပါ။ နေရာင်ကာခရင်မ်လိမ်းပါ။

    • ကိုယ်လုံးနဲ့ နှုတ်ခမ်းကို မမေ့ပါနဲ့။

    Scrubလုပ်ဆို မျက်နှာပဲ ကွက်လုပ်မိတတ်ပါတယ်။ တကယ်တော့ ဆောင်းတွင်းမှာ ဆဲလ်သေတွေ စုပုံတာ၊ အသားခြောက်တာက မျက်နှာတစ်ခုတည်းမှ မဟုတ်တာပဲ။ သေချာ သတိထားကြည့်ရင် ကိုယ့်အသားအရေက တခြားအချိန်ထက် မွဲခြောက်ခြောက် ဖြစ်နေတာကို သတိထားမိမှာပါ။ ဒါကြောင့် မျက်နှာလိုပဲ ကိုယ်လုံးနဲ့ နှုတ်ခမ်းကိုလည်း အပျော့စား Scrubလုပ်ပေးပါ။ ပြီးရင် အစိုဓာတ်ထိန်းပေးပါ။

    ဒါဆိုရင်တော့ ဆောင်းတွင်းမှာလည်း ကြည်လင်သန့်စင်တဲ့ အသားအရေနဲ့ glowနေဦးမှာပဲ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Htet Htet Zaw Win


    Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 25/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement