backup og meta

Peeling လုပ်ပြီး glow ကြမယ် (၁)


Dr. Thiha Phyo Myint မှ ရေးသားသည်။ · 03/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    Peeling လုပ်ပြီး glow ကြမယ် (၁)

    မေလေးတို့ရေ……. အခုတလော မိန်းကလေး အများစုကြားမှာ ရေပန်းစားလာတာတဲ့ စကားစုကတော့ glow skin ဆိုတာပါပဲ။ ဘာမိတ်ကပ်မှ မပါဘဲ မျက်နှာလေး ကြည်လင်ရှင်းသန့်နေတဲ့ ပြစ်မျိုးမှဲ့မထင်အလှမျိုးကို နှင်းတို့ မိန်းကလေးတိုင်း လိုချင်ကြတယ်နော်။ တချို့မေလေးတွေကတော့ ဘာမှ ထွေထွေထူးထူးလုပ်စရာ မလိုဘဲကို အသားအရေ ချောမွေ့ကြည်လင်နေကြပေမယ့် တချို့မေလေးတွေကျပြန်တော့ ဘာ skincare တွေ ဘယ်လိုသုံးသုံး ထင်သလောက်မထိရောက်ကြတာ တွေ့နေရပါရဲ့။ ဒါကြောင့်နှင်းက အသားအရေ ကောင်းချင် glow ချင်သူတွေ အတွက်ရော၊ လှပြီးသားမေလေးတွေ ပိုလှအောင် အတွက်ပါ ကျားမ မရွေး လုပ်နေကြပြီဖြစ်တဲ့ အသားအရေကုထုံးလေး အကြောင်း နှင်းသိသမျှ ဝေမျှပေးမယ်နော်။

    ကုထုံးလေးက peeling လို့ခေါ်ပါတယ်။ “ခွာချတယ်” ဆိုတဲ့ သူ့နာမည်လေးအတိုင်းပဲ မျက်နှာပေါ်က death skin တွေ၊ cell အသေတွေကို ခွာချခြင်းအားဖြင့် ရှိရင်းစွဲ အမာရွတ်တွေ၊ အသားအရေ မညီတာတွေ ကို သက်သာစေပြီး cell အသစ်တွေ မွေးဖွားစေကာ အသားအရေ ပိုမို ချောမွေ့ကြည်လင်လာစေတဲ့ ကုထုံးလေးပါ။ Natural peeling လို့ခေါ်တဲ့ သဘာဝနည်းနဲ့ ချေးချွတ်သန့်စင်တာရှိသလို chemical peeling လို့ခေါ်တဲ့ ဓာတုဗေဒ နည်းနဲ့ ချေးချွတ်တာလည်း ရှိပါတယ်။ ဒီ ဆောင်းပါးမှာတော့ နှင်းက အချိန်တိုအတွင်း ရလဒ် ကို သိရှိနိုင်တဲ့ chemical peeling အကြောင်းကို ဦးစားပေးပြောပြသွားမယ်နော်။

    Chemical peeling ဆိုတဲ့ အတိုင်းပါပဲ…chemical peeling agent တွေ အများကြီးရှိတဲ့ထဲကမှ မိမိအသားအရေနဲ့ သင့်တော် တဲ့ ဓာတုဆေးရည်ကို ရွေးချယ်ပြီး မိမိရဲ့ မျက်နှာပေါ်က အညစ်အကြေး အစ အရေပြားအဟောင်း အဆုံး ဖယ်ခွာချ တဲ့ နည်းလေးပါ။ ရွေးချယ်စရာ chemical agent တွေက လည်း အမျိုးမျိုးရှိသလို ပြင်းအားကလည်း အမျိုးမျိုးရှိပါတယ်။

    ဥပမာ အသီးအနှံ မှာ တွေ့ရတဲ့ glycolic acid တစ်မျိုးထဲမှာကို ပြင်းအား ၂၀% ကနေ ၄၀ % ထိ ရှိတာပါ။ သူက collagen ထွက်တာကို အားပေးလို့ မျက်နှာတင်းရင်းချင်သူတွေအတွက် အဆင်ပြေပါတယ်။ နို့က ထွက်တဲ့ lactic acid ကျပြန်တော့ အသားအရေခြောက်သွေ့သူတွေအတွက် သင့်တော်ပါတယ်။ အခု skincare တော်တော်များများမှာတွေ့ရတဲ့ AHA( alpha hydroxy acid ) ဆိုတာ ဒီဟာတွေကိုပြောတာပါနော်။

    နောက်ထပ် နာမည်ကြီး BHA ( beta hydroxy acid ) အနွယ်ဝင် salicylic acid ကျတော့လည်း ချွေးပေါက်တွေကတစ်ဆင့် အဆီဂလင်းတွေထဲထိ သွားပြီး အညစ်အကြေးတွေကို ဖယ်ရှာပေးတဲ့ အပြင် ဝက်ခြံကြောင့်ဖြစ်တဲ့ ရောင်ရမ်းမှုတွေကို လျှော့ချပေးလို့ ဝက်ခြံ/ ဆားဝက်ခြံရှိသူနဲ့ မျက်နှာအဆီပြန်တတ်တဲ့ သူတွေ အတွက် သုံးပါတယ်။ AHA BAH peeling agent တွေကိုက အလှအပရေးရာ ဆေးခန်းတွေ အပြင် နေ့စဉ်သုံး skincare products တွေမှာပါမြင်နေတွေ့နေရတဲ့ အထိ တွင်ကျယ်ပါတယ်။

    အသားအရေ အများစုနဲ့ သင့်တော်တဲ့ mild peeling action အပျော့စားလေးတွေကိုး။ Retinoic acid တို့ trichloroacetic acid တို့ phenol type acid တို့ကျတော့ အရေပြား အတွင်းလွှာထိ ပိုနက်နက်ရှိုင်းရှိုင်း ဖောက်ဝင်နိုင်တာမို့ ပြင်းအားနဲ့  အသားအရေ အမျိုးအစားကို ကိုလိုက်ပြီး မျက်နှာ အတွက်သာမက ခန္ဓာကိုယ် peeling အတွက်ပါသုံးကြတယ်။

    Mild peeling တွေက ကိစ္စ မရှိပေမဲ့ medium peel / Deep peel တွေကတော့ အသားညိုသူတွေနဲ့ အဆင်မပြေပြန်ပါဘူး။ တစ်ခါတလေ လည်း လိုချင်တဲ့ result ရဖို့ ပြင်းအားကိုချိန်ပြီး ၂ မျိုးရောသုံးတာမျိုးရှိတယ်။ အဲလို ရွေးစရာတွေများတာကြောင့် အလှအပဆိုင်ရာ ဆေးခန်းတစ်ခုခုမှာ ကျွမ်းကျင်သူနဲ့တိုင်ပင်ပြီးမှသာ လုပ်သင့်တဲ့ ကုထုံးနည်းပါနော်။

    Chemical peeling လုပ်တော့မယ် ဆိုရင် မလုပ်ခင်မှာ ကိုယ့် အသားအရေအမျိုးအစား ရယ် ကိုယ်သုံးနေကြ skincare products တွေရယ် နဲ့ ကိုယ်လိုချင်တဲ့ result ရယ်ကို ဆရာဝန်နဲ့တိုင်ပင်ပြီး ဆန်းစစ်သင့်ပါတယ်။ ကိုယ်က keloid လို အမာရွတ်ဖြစ်လွယ်လား… sensitive skin လား…ပေါ့။  ပိုးဝင်ရောင်ရမ်းနေတဲ့ဝက်ခြံတွေရှိနေတာမျိုး၊ ရေယုန်ပေါက်နေတာမျိုး.. မကြာခင်ကမှ မျက်နှာဓာတ်မှန်ရိုက်တာမျိုး၊ လေဆာ ကုထုံး ခံယူထားတာမျိုး၊ တချို့ radioactive တုံ့ပြန်မှုများတဲ့ ဓာတ်သတ္တိကြွဆေးမျိုး သောက်နေရတဲ့ လူမျိုး ဆိုရင် peeling မလုပ်သင့်သေးဘူးပေါ့။

    သုံးနေတဲ့ skincare products တွေမှာ scrub တွေ၊ exfoliating gel တွေ၊ peeling product တွေ၊ Retin A လိုလိမ်းဆေးတွေ ပါနေရင် chemical peeling ထပ်လုပ်မိတဲ့အခါ အသားအရေက လိုတာထက် ပိုsensitive ဖြစ်ပြီး လောင်သွားနိုင်ပါတယ်။ဒါကြောင့် အဲဒီ product တွေကို chemical peeling မလုပ်ခင် တစ်ပတ် နှစ်ပတ်လောက် ကြို ရပ်ထားသင့်တယ်လေ။

    နောက်ပြီး ကိုယ်က အသားအရေတင်းချင်တာလား … အမာရွတ် မှိန်ချင်တာလား… အသားကြည်ချင်တာလား စသည့်ဖြင့် ဆရာဝန်ကို ပြောပြထားရပါမယ်။ ဒီမှာ နှင်း တစ်ခုပြောချင်တာက ဒီကုထုံးဟာ အသားဖြူကုထုံး မဟုတ်လို့ ပိုဖြူလာတာမျိုး လိုချင်လို့ မရပါဘူး။ နဂို မွေးထဲက အသားအရေက ညိုနေရင် အညို ပဲ ထွက်မှာမို့ပါ… ပိုပြီးတော့ glow ဖြစ်လာဖို့ပဲရှိပါတယ်။

    ကဲ….စလုပ်ပြီဆိုရင်တော့ မျက်နှာကို အရင် သန့်ရှင်းစင်ကြယ်အောင်ဆေးကြောပေးပြီး toner လေးနဲ့ လိမ်းပေးပါတယ်။ ပြီးရင်တော့ မိမိ အသားအရေ အမျိုးအစားနဲ့ လိုချင်တဲ့ result ပေါ်မူတည်ပြီး ဆေးခန်းက ရွေးပေးထားတဲ့ chemical အရေကို cotton pad လေးနဲ့ မျက်နှာအနှံ့ လိုက်လိမ်းပေးတော့တာပါပဲ။ စစချင်းတော့ စပ်ဖျင်းဖျင်းပေါ့ … တအားပူလာရင်တော့ ရေခဲဝတ်လေးကပ်ပေးပါတယ်။

    နှင်းတုန်းက pumpkin acid 4% ဆိုတာလေးသုံးပြီး ၁၅ မိနစ်လောက်ထားခိုင်းပေမယ့် ၁၀ မိနစ်မှာ လက်မြှောက်အရှုံးပေးပြီးရေပြန်ဆေးချခိုင်းရပါတယ်။ နာတာမျိုး မဟုတ်ဘဲ ငရုတ်သီးနဲ့ မျက်နှာကို ပွတ်မိသလို ပူစပ်ပူဖျဉ်းနဲ့ပါ။ ရေဆေးချပြီးရင်တော့ moisturizing step အနေနဲ့ mask ကပ်ပေးပြီး facial creamလေးလိမ်းပေးပါတယ်။ ပထမ လုပ်ပြီးကာစ တစ်ရက်ဆို မျက်နှာက နီစပ်စပ်နဲ့ …နောက်ပိုင်းတဖြည်းဖြည်း ညို… ညိုရာကနေ အသားပတ်သလို ဖြစ်လာပြီဆို အရေပြား အသစ်လဲ ပြီမို့ ကွာကျတော့မှာပါ။ ဒီအချိန်အတောအတွင်းမှာ

    ၁။ လက်နဲ့ ကုတ်တာမျိုး …မကွာသေးတဲ့ အရေပြာကို အတင်းဆွဲခွာတာမျိုး လုံးဝ မလုပ်ရပါဘူးနော်။ အမာရွတ်ကျန်တတ်ပါတယ်။

    ၂။ နေပူထဲကို suncream လူး … ထီးဆောင်းပြီးမှ ထွက်ဖို့ မမေ့ပါနဲ့။ သေချာ အပူခံပြီး treatment ယူပြီးကာမှ နေလောင်သွားရင် result မကောင်းနိုင်တော့ပါဘူး။

    ၃။ moisturizer သုံးဖို့ မမေ့ပါနဲ့ ။ Sheet mask ကပ်တာ ကောင်းပေမဲ့ clay mask တွေ peel off mask တွေ .. scrub တွေ …exfoliating gel တွေ… ဆပ်ပြာ အပြင်းစားတွေကို အရေပြားလဲပြီး အနည်းဆုံး တစ်လလောက်ထိ မသုံးပါနဲ့ဦး။

    ရလဒ်ကတော့ ကိုယ့်ကို သုံးပေးထားတဲ့ chemical agent နဲ့ ကိုယ်လိုချင်တဲ့ ပုံစံပေါ်မူတည်ပြီး ၂ ပတ်တစ်ခါ ၁ လ ၁ ခါ စသည့်ဖြင့် လုပ်ပေးနိုင်ရင်တော့ အကောင်းဆုံးပါပဲ။ side effect ရှိလားလို့မေးရင် ကျွမ်းကျင်ဆရာဝန်နဲ့ တိုင်ပင်လုပ်တာမို့ မရှိသလောက်နည်းပါတယ် လို့ နှင်းကဖြေပါမယ်။ အသားညိုတဲ့ မည်းတဲ့သူတွေမှာ အညိုအမည်းစွဲတာမျိုး ဆေးနဲ့ မတည့်တဲ့သူတွေမှာ post inflammatory hyperpigmentation ရတတ်တာမျိုးရှိပေမဲ့ များသောအားဖြင့်ကုလို့ပျောက်ပါတယ်။

    ဘယ်ကုသမှုမျိုးမဆို ကောင်းတာ ရှိသလို ဆိုးတာလည်းရှိရဲ့ မဟုတ်လား။ နှင်းကတော့ ဒီ peeling ကို ထိရောက်တာရယ်… လေဆာတို့ဘာတို့နဲ့စာရင် အကုန်အကျ သက်သာတာကြောင့် ကြိုက်ပါတယ်။ chemical မသုံးချင်ဘူး… ဆေးခန်းသွားရမှာပျင်းတယ်.. အလျင်လည်းမလိုဘူးဆိုတဲ့ မေလေးတို့အတွက်လည်း လာမယ့်ဆောင်းပါးမှာ natural peeling နည်းလေးတွေ ပြောပြပေးသွားဦးမှာမို့ စောင့်ဖတ်ကြပါနော်။           ။

    ရေးသားသူ – နှင်းရိပ်မှုန်

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Dr. Thiha Phyo Myint မှ ရေးသားသည်။ · 03/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement